ဇင်လင်း သူတို့အာဘော်

ဇင်လင်း – ငြိမ်းချမ်းရေးအတွက် အဖြေသည် လက်နက်မဟုတ်

ဇင်လင်း  – ငြိမ်းချမ်းရေးအတွက် အဖြေသည် လက်နက်မဟုတ် 
(မိုးမခ) ဇွန် ၈၊ ၂၀၁၇

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးကို မေ ၂၄ ရက်မှ ၂၉ ရက်အထိ နေပြည်တော်တွင် ၆ ရက်ကြာ ပြုလုပ်ခဲ့သည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က အဆိုပြု တင်သွင်းလာသော မူဝါဒအဆိုပြုချက်များအပေါ် ကဏ္ဍအလိုက်၊ အစုအဖွဲ့အလိုက် ဆွေးနွေးပွဲများ အဆင့်ဆင့် ပြုလုပ်ကာ ရရှိလာသည့် အဆိုပြုချက်များကို ပြည်ထောင်စု သဘောတူစာချုပ်၏ အစိတ်အပိုင်းအဖြစ် ရရှိခဲ့သည်ဟု ကြား သိခဲ့ရသည်။ ညီလာခံတွင် ဆွေးနွေးခဲ့သည့် မူဝါဒဆိုင်ရာ အဆိုပြုချက်များအနက် ၃၇ ချက်ကို ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ်အပိုင်း (၁) အဖြစ် ညီလာခံကိုယ်စားလှယ်များဖြစ်သည့် အစိုးရ၊ တပ်မတော်၊ လွှတ်တော်ကိုယ်စားလှယ် များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များက သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြကြောင်းလည်း ကြားသိခဲ့ရသည်။

ယခင် သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား ဖိတ်ခေါ်၍ ကျွမ်းကျင်သူများ ပါဝင်သင့်ပါဝင်ထိုက်သူများနှင့် ချမှတ်ရေးဆွဲခဲ့သော ‘တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်’ (National Ceasefire Agreement) ကို အခြေပြုလျှက် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ ယင်းလမ်းကြောင်းအတိုင်း ဆက်လက်ဆွေးနွေးကြရန် သဘောတူခဲ့ကြသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က အဆိုပါ NCA စာချုပ်ကိုပင် ဆက်လက် ရည်ညွှန်းလျှက် လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ လက်မှတ်ရေးထိုးကြပြီး မျက်မှောက်မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ကြပါရန် အကြိမ်ကြိမ် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။ ထိုသို့ NCA ကို အသိအမှတ်ပြုကာ ငြိမ်းချမ်းရေးညီလာခံ အဆင့်ဆင့်တွင် အားလုံး တန်းတူရည်တူ ပါဝင်ခွင့် ပြောဆိုဆွေးနွေးခွင့်ကိစ္စမှာမူ စိန်ခေါ်မှုများ ရှိနေဆဲဟု ဝေဖန်မှုများလည်း ရှိနေသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးအပေါ် ချဉ်းကပ်ပုံ မူဝါဒမှာ အစိုးရ၊ တပ်မတော်တို့နှင့် တထပ် တည်းကျသည် မဟုတ်ပါ။ NCA လက်မှတ်ရေးထိုးပြီး လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ် လမ်းကြောင်းအတိုင်း အစိုးရနှင့် ပူးပေါင်း လုပ်ဆောင်နေသော တိုင်းရင်းသားအဖွဲ့များ ရှိသကဲ့သို့ NCA ကို လုံးဝလက်ခံခြင်းမရှိဘဲ နိုင်ငံရေးဆွေးနွေးမှု ပုံစံ လမ်းကြောင်းအသစ်ဖြင့် ပုံဖော်ချင်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများလည်း ရှိနေသည်။ ၎င်း အပြင် လက်ရှိ NCA ကို ပိုမိုကောင်းမွန်ပြည့်စုံသည့် ကတိကဝတ်များနှင့် ပြုပြင်လိုသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လည်း ရှိနေသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သဘောထားမှာ NCA လမ်း ကြောင်းအတိုင်း မသွားလိုဘဲ၊ နောက်ထပ်လမ်းစဉ်အသစ် ဖော်ဆောင်နေခြင်းမှာ ဖက်ဒရယ်ပြည်ထောင်စုကို မလိုလား၍ ဖြစ်သည်ဟု ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေး ဖွင့်ပွဲနေ့ အခမ်းအနားတွင် ပြောဆိုခဲ့သည်ကို သတိပြုမိသည်။

ယခု ဒုတိယအကျော့ ညီလာခံ၏ ထူးခြားချက်မှာ လက်ရှိ NCA လမ်းကြောင်းကို လက်မခံဘဲ သဘောထားတင်းမာသည် ဟု အပြောခံနေရသော မြောက်ပိုင်းမဟာမိတ်အဖွဲ့များ တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ညီလာခံဖွင့်ပွဲ အခမ်း အနားသို့ တက်ရောက်ခဲ့ကြခြင်း ဖြစ်သည်။ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ဦးဆောင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များသည် လက်ရှိ အချိန်အထိ တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေဆဲ အဖွဲ့များလည်း ပါဝင် နေသည်။ မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA၊ မိုင်းလားအဖွဲ့ NDAA ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ၊ တအောင်းအမျိုးသား လွတ်မြောက် ရေးတပ်မတော် TNLA ၊ ‘၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်’ UWSA နှင့် ရခိုင့်တပ်မတော် AA တို့ဖြစ်သည်။ ၎င်း ၇ ဖွဲ့သည် NCA လက်မှတ်ရေးထိုးထားခြင်း မရှိသဖြင့် ညီလာခံတွင် ပါဝင်ဆွေးနွေးခွင့်တော့ မရရှိပေ။ သို့သော်လည်း ၎င်းတို့၏ နိုင်ငံရေးသဘောထား ရပ်တည်ချက်စာအုပ်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား မေလ ၂၆ ရက်က ပေးအပ်နိုင်ခဲ့သည်ဟု ကြားသိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ တွေ့ဆုံမှု အပြီးတွင် UWSA ၏ ပြင်ပဆက်ဆံရေးဌာန အကြီး အကဲ ဦးကျောက်ကော်အမ်း က ဒေါ်အောင်ဆန်းစုကြည် ဆိုလိုသည့် NCA နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ သဘောထား မတူပါဟု ဆိုခဲ့ပြီး၊ ၎င်းတို့အနေဖြင့် အစိုးရ၏ NCA ကို လက်မှတ်ထိုးမည် မဟုတ်ဟု ပြောကြားခဲ့သည်။

KIO ဗဟိုကော်မတီဝင် ဗိုလ်ချုပ်ဂွမ်မော်က“သက်ဆိုင်ရာ တိုင်းရင်းသားများကိုယ်တိုင် ရွေးချယ်စေလွှတ်တဲ့ ကိုယ်စားလှယ် များ မပါဝင်ဘဲ ပြည်ထောင်စုကြီး တစ်ခုလုံးရဲ့အရေး ဆွေးနွေးပြီး အောင်မြင်တဲ့အရွေ့လို့ ကြွေးကြော်နိုင်တာကတော့ အံသြဖွယ်ရာ သတ္တိပါပဲဗျာ။” ဟု သူ၏ လူမှုကွန်ရက်စာမျက်နှာ၌ ဝေဖန်ရေးသားထား သည်ကို တွေ့ရသည်။

ယခုပြုလုပ်ခဲ့သည့် ၂၁ ရာစုပင်လုံ ညီလာခံ ဒုတိယအစည်းအဝေးတွင် နိုင်ငံရေးကဏ္ဍမှ မူဝါဒအဆိုပြုချက် အချက် ၂၀ ရှိသည့်အနက် သဘောတူချက် ၁၂ ချက်၊ စီးပွားရေးကဏ္ဍမှ မူဝါဒ အဆိုပြုချက် ၁၁ ချက်၊ လူမှုရေးကဏ္ဍမှ မူဝါဒ အဆိုပြု ချက် ၄ ချက်၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင် ကဏ္ဍမှ မူဝါဒအဆိုပြုချက် ၁၀ ချက် စုစုပေါင်း မူဝါဒ အဆိုပြုချက် ၃၇ ချက်ကို သဘောတူခဲ့ခြင်းဖြစ်ကြောင်း Daily Eleven သတင်းတွင် ဖေါ်ပြသည်။ အဆိုပါ သဘောတူညီချက်များသည် NCA စာချုပ် အပိုဒ် ၂၀ (င) အရ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁) အဖြစ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးတွင် အစုအဖွဲ့ အသီးသီး၏ ခေါင်းဆောင်များနှင့် အသိသက်သေများက လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

သို့သော် လက်ရှိ ဒုတိယ ပင်လုံငြိမ်းချမ်းရေး ညီလာခံဖြစ်စဉ်တွင် မြောက်ပိုင်း မဟာမိတ်အဖွဲ့များ ညီလာခံသို့ အထူး ဖိတ်ကြားသူ အနေဖြင့် တက်ရောက်လာသောကြောင့် ငြိမ်းချမ်းရေး ညီလာခံပုံရိပ်ကို အားကောင်းစေသည်ဟု သုံးသပ်မှု များလည်း ရှိခဲ့သည်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ပထမအစည်းအဝေးကျင်းပစဉ်က အဖွဲ့အစည်း အသီးသီး၏ နိုင်ငံရေးစာတမ်းများ တင်သွင်းခြင်း ဖတ်ကြားခြင်းများကိုသာ ပြုလုပ်နိုင်ခဲ့ကြသည်။ တိုးတက်ပြောင်းလဲမှုဟု ဆိုလောက်သည့် ဆုံးဖြတ်ချက်မျိုး ချမှတ်နိုင်ခဲ့ခြင်း မရှိခဲ့။ ထို့ကြောင့် ယခု ၆ ရက်ကြာ ၂၁ ရာစုပင်လုံ ဒုတိယ အစည်း အဝေး ပြုလုပ်ခဲ့သည့် အချိန်အတောအတွင်း အတိုင်းအတာတစ်ခုအထိ တိုးတက်သော သဘောထားဆုံးဖြတ်ချက် အချို့ ချမှတ်နိုင်ခဲ့ကြောင်း UPDJC တာဝန်ရှိသူများက ယူဆသည်ဟု ဆိုသည်။

မည်သို့ဆိုစေ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD အစိုးရက ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တံခါးအမြဲတမ်း ဖွင့်ထား ကြောင်း ကြေညာထားသည်။ လက်မှတ် မထိုးသေးသော Ethnic Armed Groups (EAOs) တိုင်းရင်းသားအဖွဲ့များအား အချိန်မရွေး လက်မှတ် ထိုးနိုင်ရန် တံခါးဖွင့်ထားကြောင်း၊ သတ်မှတ်ချိန်အတွင်း လက်မှတ် မထိုးလျှင် တံခါးပိတ်ပြီ ဆိုဒါမျိုး မရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောထားသည်။

ဒေါ်အောင်ဆန်းစုကြည်က “မတူတဲ့ အမြင်တွေကို ညှိနှိုင်းဖို့က အရေးကြီးတယ်။ မတူပိုင်ခွင့်ရှိတယ်။ ဒါပေမယ့် မတူတဲ့ အမြင်တွေကို ညှိဖို့က တာဝန်ပဲ။ အဲဒါမှ ငြိမ်းချမ်းရေး ရနိုင်မှာ။ တစ်ယောက်နဲ့ တစ်ယောက် မတူတဲ့ သဘောထားတွေ အပေါ်မှာ အခြေခံပြီးတော့ ငြိမ်းချမ်းရေးအတွက် တူညီတဲ့ စိတ်ဓါတ်တွေ မွေးရမယ်။ တရားဥပဒေ စိုးမိုးမှု ရှိမှ နိုင်ငံ တစ်နိုင်ငံဟာ တည်ငြိမ်နိုင်မှာ။ တရားဥပဒေစိုးမိုးရေးဟာ အချင်းချင်းပြေလည်ဖို့အတွက် အရေးကြီးတာကြောင့် ငြိမ်းချမ်းရေးအတွက် အဓိကတန်ဖိုးလို့ ပြောချင်ပါတယ်။ …. ဒီနိုင်ငံကို ငြိမ်းချမ်းစေချင်တယ်။ တိုးတက်စေချင်တယ်။ ငြိမ်းချမ်းခြင်း တည်ငြိမ်ခြင်း တိုးတက်ခြင်းအတွက် လျှော့သင့်တာကိုတော့ လျှော့ရမှာပေါ့။ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ အားလုံးက စားပွဲဝိုင်းမှာထိုင်ပြီး ဆွေးနွေးကြပါ။ လက်နက်ကနေပြီးတော့ အဖြေပေးမှာ မဟုတ်ဘူးဆိုတာ သဘောတူ တယ်။” စသဖြင့် ငြိမ်းချမ်းရေးအပေါ် ထားသည့် သူ့အမြင်ကို ပြောကြားဖူးသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ နိုင်ငံရေး လမ်းပြမြေပုံအဆင့် (၄) အရ ကျင်းပခြင်းဖြစ်ပြီး ယခုပြုလုပ်သည့် ‘တတိယအကြိမ်ညီလာခံ’ ‘၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေး’ တွင် ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်းတစ်ရပ်အား သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ သည်။ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံ အစည်းအဝေး၌ ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်းအဖြစ် လက်မှတ် ရေးထိုးနိုင်ခဲ့သော သဘောတူညီချက်များသည် အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည် ထောင်စုပေါ်ထွန်းရေးတို့အတွက် အရေးကြီးသည့် ခြေလှမ်းဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က အစည်အဝေးနောက်ဆုံးနေ့ မေလ ၂၉ ရက် အပိတ်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။ အပိတ်မိန့်ခွန်း တွင် ညီလာခံရလဒ်အဖြစ် သဘောတူညီချက်အချို့ ရရှိခဲ့ခြင်းနှင့် စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ဆိုခဲ့သည်။

“ပထမဆုံးအနေနဲ့ ပြောချင်တာကတော့ ဒီကနေ့ လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ သဘောတူညီချက်တွေဟာ အမျိုးသား ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး လမ်းကြီးအပေါ် လျှောက်လှမ်းလိုက်တဲ့ အရေးကြီးတဲ့ခြေလှမ်းကြီးဖြစ်ပါတယ်၊ ဒီခြေလှမ်းလှမ်းနိုင်ဖို့ သဘောတူညီချက်တွေကို လွယ်လွယ်ကူကူရရှိခဲ့တာတော့ မဟုတ်ပါဘူး၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ စိတ်ဓါတ်ကျစရာတွေ စိတ်တက်ကြွ စရာတွေ ကျော်ဖြတ်ပြီးမှ အခုလိုရရှိခဲ့တာ ဖြစ်ပါ တယ်။ သဘောထားကွဲလွဲမှုတွေ၊ ရှုမြင်ချက်ကွာခြားမှုတွေ အမျိုးမျိုး ရှိခဲ့ကြပေမယ့်လည်း ဘုံတူညီတဲ့ သဘောထား အမြင် တွေ ဖြစ်လာအောင် ဆွေးနွေးငြင်းခုန် ညှိနှိုင်းနိုင်ခဲ့ကြတာဟာ အင်မတန်မှ အားတက်ဖွယ်ရာ ကောင်းလှပါတယ်။ တွေ့ဆုံ ဆွေးနွေးခြင်းမှတစ်ဆင့် အနာဂတ် မျိုးဆက်သစ်တွေအတွက် အရေးကြီးလှတဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ် အခြေခံ အုတ်မြစ် တည်ဆောက်တဲ့ လုပ်ငန်းစဉ်ကို စတင်နိုင်ခဲ့တာဖြစ်တဲ့ အတွက်လည်း ဂုဏ်ယူဖွယ်ရာ ကောင်းလှပါတယ်။ တိုင်းရင်းသား ပြည်သူတွေ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ရတဲ့ ငြိမ်းချမ်းရေးအိပ်မက်ဟာ ပထမဆုံးအနေနဲ့ ကောက်ကြောင်းတွေ စတင် ရေးဆွဲနိုင်ခဲ့ပါပြီလို့ ပြောနိုင်ပါတယ်။”

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့ ဘယ်အထိလျှောက်ရဦးမည် မသိနိုင်သေးကြောင်း၊ နေ့စဉ် နေ့တိုင်း စွန့်စားမှုများကို ရင်ဆိုင်နေရသည့် မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးရရှိရန် ဘယ်လိုစွန့်စားမှုမျိုးကိုမဆို ကြောက်ရွံ့ နောက်တွန့်မနေသင့်ကြောင်း၊ ကမ္ဘာကြီးက မိမိတို့နိုင်ငံကို စောင့်နေမှာ မဟုတ်ကြောင်း၊ နိုင်ငံတကာ တိုးတက်ပြောင်းလဲ မှုများက မိမိတို့ ပြည်ထောင်စု၏ မျိုးဆက်သစ်ကို စောင့်ဆိုင်းငဲ့ညှာနေမည် မဟုတ်ကြောင်း၊ မိမိတို့ ယနေ့စိုက်ပျိုးသမျှ အသီးအပွင့်များကို နောင်လာနောက်သားများ ခံစားကြရမှာ ဖြစ်ကြောင်း၊ နောင်နောက်သားများ၏ လက်ထဲတွင် မိမိတို့ နိုင်ငံကို ထားခဲ့ရမှာဖြစ်ကြောင်း၊ ပြည်တွင်းစစ်နှင့်အတူ ထားခဲ့ကြမည်လားဟု စဉ်းစားကြဖို့လိုကြောင်း၊ မိမိတို့လက်ထက် တွင် စွန့်လွှတ် စွန့်စား ချမှတ်လိုက်သည့် အုတ်မြစ်အပေါ်တွင် နောင်လာနောက်သားများက ခိုင်မာ တင့်တယ်သော နိုင်ငံတော်ကြီးကို ဆက်လက်တည်ဆောက်၊ မွန်းမံသွားကြစေလိုကြောင်း၊ ယခု ညီလာခံကြီးတွင် ပါဝင်မလာကြသေးသည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကိုလည်း အတူတစ်ကွ လက်တွဲကာ သမိုင်း တွင်ကျန်ခဲ့မည့် လုပ်ငန်းစဉ်ကြီး၌ ပါဝင်ကြ ရန် အလေးအနက် ဖိတ်ခေါ်လိုကြောင်း၊ နိုင်ငံတည်ဆောက်ခြင်းလုပ်ငန်း ဆိုသည်မှာ အဆုံးမရှိသော လုပ်ငန်းစဉ်ဖြစ်၍ တစ်ဆင့်ပြီးသည်နှင့် နောက်တစ်ဆင့်ကို စရမည်ဖြစ်ကြောင်း၊ ဤ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၊ ၂၁-ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးမှတဆင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရှာပုံတော် လမ်းကြောင်းပေါ်၌ နောက်တစ်လှမ်း လှမ်း တက်ခဲ့ပြီဖြစ်ကြောင်း၊ ယခု အစည်းအဝေးပြီးဆုံးခြင်းသည် ငြိမ်းချမ်းသော ဖယ်ဒရယ် ပြည်ထောင်စုဆီသို့ ဦးတည်လိုက် သည့် နောက် ခြေတစ်လှမ်း၏ အစကို သတ်မှတ်လိုက်ခြင်း ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

သို့သော်လည်း အခြားတစ်ဖက်တွင် “နိုင်ငံတော်၏ နယ်မြေအပိုင်းအခြားဟူသမျှ နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက် ရ” ဆိုသည့် အချက်နှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းရာတွင် အဖြေ မရရှိ သောကြာင့် ယင်းအချက်ကို ယခု ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၌ တင်သွင်းနိုင်တော့မည်မဟုတ်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောကြားခဲ့ကြောင်း လွတ်လပ်တဲ့အာရှအသံသတင်းက ဖေါ်ပြခဲ့သည်။ ခွဲမထွက်ရဆိုသည့် အချက်ကို တိုင်းရင်သားလက်နက်ကိုင် အဖွဲ့အစည်းများဘက်က လက်ရှိအချိန်တွင် မထည့်သွင်းစေ လိုသောကြောင့် သဘောတူညီမှု မရခဲ့ကြောင်း ဦးဇော်ဌေး က ဆိုသည်။ ယင်း အချက်နှင့် ပတ်သက်၍ ညီလာခံ အစည်းအဝေးအတွင်း၌သာမက ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီအစည်းအဝေးမှာပါ ဆွေးနွေးခဲ့ကြ သော်လည်း ညှိနှိုင်းမရရှိခဲ့ဟု သိရသည်။

မည်သို့ဆိုစေ ထူးခြားသည့် ညီလာခံရလဒ်တစ်ခုမှာ ယုံကြည်မှုတည်ဆောက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် ငြိမ်းချမ်းရေးညီလာခံကိုယ်စားလှယ်အချင်းချင်း ညီလာခံပြင်ပ၌ အလွတ်သဘော တွေ့ဆုံခွင့်ရရှိခဲ့ကြခြင်း ဖြစ်သည်။ ထိုသို့ အလွတ် သဘောတွေ့ဆုံမှုများမှတဆင့် ပိုမို ရင်းနှီး ယုံကြည်မှုကို ရေရှည်တွင် တည်ဆောက်သွားနိုင်ဖွယ် ရှိသည်။ ထို့ကြောင့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံတွင် တက်ရောက်ခဲ့ကြသည့် တိုင်းရင်းသားကိုယ်စားလှယ် များ အနေ ဖြင့် စကားပြောဆို ညှိနှိုင်းကြခြင်းသည် အလျှော့ပေး အညံ့ခံခြင်း မဟုတ်သည်ကို သဘောပေါက်သင့်သည်။ မည်သူမည်ဝါနှင့် မဆို စေ့စပ်ညှိနှိုင်း ဆွေးနွေးစကားပြောဆိုနိုင်ခြင်းဆိုသည့် နိုင်ငံရေး ယဉ်ကျေးမှုကို ယုံကြည်ရဲဝံ့စွာ ကျင့်သုံးကြခြင်းအားဖြင့် ‘ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စ’ု ထူထောင်ရာတွင် အထောက်အကူဖြစ်နိုင်ကြောင်း လက်ခံ သင့်သည်။ ထို့ပြင် ခွဲရေး တွဲရေးထက် စစ်ရပ်စဲရေးက ပိုအရေးကြီးသည်ကို သတိပြုသင့်သည်။ တိုင်းပြည်လူထုမှာ စစ်စရိတ်ထောင်းသဖြင့် ဆင်းရဲမွဲတေမှုနွံထဲ နစ်နေရသည်ကို စစ်ခေါင်းဆောင်တို့သတိပြုသင့်သည်။ ပြည်သူလူထု မျှော်လင့်တောင့်တနေသည်က မိမိအိုးအိမ် မြေယာပေါ်တွင် အေးအေးချမ်းချမ်း နေထိုင်လုပ်ကိုင်စားသောက် လိုကြသည်။ အကြောက်တရား ကင်းကင်း အိပ်စက်နားနေလိုကြသည်။ ပြည်သူလူထုက စစ်ပွဲများ အမြန်ရပ်ရေးကို အဓိကလိုလားကြ သည်။ ထို့ကြောင့် ပင်လုံစိတ်ဓါတ် အခြေခံဖြင့် Dialogue နိုင်ငံရေး ယဉ်ကျေးမှုကို လက်ခံကျင့်သုံးခြင်းဖြင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ကြရမည်။ ငြိမ်းချမ်းရေးအတွက် အဖြေသည် စစ်လက်နက်မဟုတ်ဟု ထင်မြင် သုံးသပ်မိပါသည်။။။။။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts