သတင်းပဒေသာ

အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ သရော်စာဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်ကို ဖမ်းမိန့်ထွက်ပြီဟုသိရ


အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ သရော်စာဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်ကို ဖမ်းမိန့်ထွက်ပြီဟုသိရ
(ထက်ခေါင်လင်း/Myanmar Now) မိုးမခ၊ ဇွန် ၃၊ ၂၀၁၇

The Voice နေ့စဉ်သတင်းစာမှာ ဖော်ပြခဲ့တဲ့ သရော်စာဆောင်းပါးတစ်ပုဒ်နဲ့ ပက်သက်ပြီး တပ်မတော်ဘက်က ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ) နဲ့ သတင်း စာအယ်ဒီတာချုပ် ကိုကျော်မင်းဆွေနဲ့ ရေးသားသူ ဗြိတိသျှကိုကိုမောင်ခေါ် ကိုကျော်စွာနိုင် တို့ကို အမှုဖွင့်တိုင်ကြားထားရာမှာ ဒီနေ့မှာတော့ သူတို့နှစ်ယောက်ကို ဖမ်းဆီးဖို့အမိန့်ထွက်ပြီဖြစ်ကြောင်း သိရပါတယ်။

ကနေ့ညနေမှာ ဖမ်းမိန့် ကျတဲ့အတွက် ဖမ်း ဆီးမည်ဖြစ်ကြောင်း ဗဟန်းရဲစခန်းမှူး ဦးရဲမင်းသိန်းက အတည်ပြုပြောကြား လိုက်တယ်လို့ တရားစွဲခံ နေရသူများဘက်က ဥပဒေအကျိုးဆောင်ပေးနေတဲ့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က Myanmar Now ကို အတည်ပြုပြော ကြားလိုက်တယ်။

“မနက်ပိုင်းအထိက အေးဆေးပဲဗျ။ ဖမ်းဖို့အစီအစဉ်မရှိဘူး။ စစ်ချက်ထပ်ယူမယ်ဆိုပြီး စခန်းကိုခေါ်တာ။ ဒီရောက်လို့ ညနေ ကြမှသူတို့ကို ဖမ်းမိန့်ကျပြီဖြစ်တဲ့အတွက် ကျနော်နဲ့ ပြန်ထည့်ပေးလိုက်လို့ မရတော့ပါဘူးလို့ စခန်းမှူးက ပြောတာ။ ကျ နော်က ရဲမှူးကြီးမြင့်ထွေးဆီ ဖုန်းဆက်လှမ်းပြောထားတယ်။ တနင်္ဂနွေနေ့မှာ ကိုယ်တိုင်လာအဖမ်းခံပါ့မယ်။ အခုတော့ လုပ် ငန်းလွှဲစရာတွေရှိလို့မဖမ်းဖို့။ ရဲမှူးကြီးက ပြန်ပြောမယ်ဆိုလို့ စခန်းမှာစောင့်နေတုန်းပဲ” လို့ ၎င်းက ဆိုတယ်။

စခန်းမှာရောက်ရှိနေတဲ့ ကိုကျော်မင်းဆွေကတော့ လွန်ခဲ့တဲ့ မေလ ၂၈ ရက်နေ့က ပထမဆုံးစစ်ချက်ယူစဉ်က တာဝန်ရှိတဲ့ရဲမှူးကြီးတဦးက သူတို့ကို မဖမ်းဘူးဆိုတဲ့အာမခံ ချက်ကို ပေးထားခဲ့ပြီးဖြစ်ပေမယ့် ယခုလိုစစ်ချက်ယူစရာရှိလို့ စခန်းကိုလာပါဦးလို့ ပြောဆိုခဲ့ပြီးမှ ပြန်မလွှတ်တောဘဲ ဖမ်းဆီး လိုက်ရခြင်းဟာ တပ်မတော်ဘက်က တရားစွဲဆိုတဲ့အတွက်ကြောင့် ယခုလိုလုပ်ရတဲ့ သဘောမျိုး သက်ရောက်နေပြီဖြစ် တယ်လို့ သူက Myanmar Now တယ်လီဖုံးနဲ့ ပြောပါတယ်။

မိမိတို့ရေးသားဖော်ပြသည့် သရော်စာသည် စာနယ်ဇင်းသဘောတရားအရအပြင် မီဒီယာလုပ်ငန်းသဘာဝအရ မည်သူ့ကိုမှ ထိခိုက်စေသည့် ဖော်ပြချက်မဟုတ်ဟုနားလည်ထားကြောင်း၊ ရုတ်တရက်အခုလိုလုပ်လိုက်ခြင်းကြောင့် စိတ်ထဲတွင် ကသိ ကအောင့်ဖြစ်ရကြောင်း သူက ဆက်ပြောတယ်။

“ဘာပဲဖြစ်ဖြစ် ကျနော်တို့စာနယ်ဇင်းတွေကို တပ်မတော်နဲ့ပက်သက်တိုင်း ဒီလိုဖိအားပေးတာလို့ထင်ရတဲ့သဘောမျိုးဖြစ်နေ ပြီ။ နဂိုခေါ်တုန်းက ရဲဘက်က ဖမ်းဖို့အစီအစဉ်မရှိဘူး” လို့ သူက ဆိုတယ်။

မိမိရေးသားခဲ့တဲ့ သရော်စာသည် တိုင်းပြည်အတွင်းဖြစ်ပျက်နေတဲ့ ပြည်တွင်းစစ်ကိုအခြေပြုပြီး ဘယ်လက်နက်ကိုင်အဖွဲ့ ဆိုတဲ့နာမည်တခုမှခေါင်းစဉ်မတပ်ခဲ့သော်လည်း တပ်မတော်က တရားစွဲဆိုလိုက်တာနဲ့ပက်သက်ပြီး ဖမ်းမယ်ဆိုလည်း နာခံ ကာ ဥပဒေဘောင်အတွင်းကနေ ရင်ဆိုင်သွားမယ်လို့ သရော်စာရေးသူ ဗြိတိသျှကိုကိုမောင်ကလည်း ဗဟန်းရဲစခန်းအတွင်းရှိနေစဉ် ပြောပါတယ်။

တပ်မတော်က ရိုက်ကူးခဲ့တဲ့ ပြည်ထောင်စုသစ္စာရုပ်ရှင်ဇာတ်ကားကို သရော်ထားတဲ့ “ကျည်ထောင်စုသစ္စာ” ခေါင်းစဉ်တပ်သရော်စာဆောင်းပါး ကို ယခုနှစ် မတ်လ ၂၆ ရက်နေ့ထုတ် The Voice သတင်းစာမှာ ဖောက်ပြခဲ့တာနဲ့ ပက်သက်ပြီး တပ်မတော်ဘက်က ဂုဏ် သိက္ခာထိခိုက်စေတဲ့ အချက်တွေပါဝင်နေတာကြောင့်ဆိုပြီး ပထမဦးစွာ မြန်မာနိုင်ငံမီဒီယာကောင်စီကို တိုင်ကြားခဲ့တယ်။

ဒါကြောင့် The Voice သတင်းစာက မေလ ၁၄ ရက်နေ့မှာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေလိုတဲ့ရည်ရွယ်ချက်နဲ့ ရေးသားဖော်ပြတာမဟုတ်ကြောင်း ရှင်းလင်းချက်တခုကို ပြန်လည်ဖော်ပြပြီး မြန်မာနိုင်ငံမီဒီယာကောင်စီကနေတဆင့် ညှိ နှိုင်းဆောင်ရွက်နေစဉ်မှာပဲ ရန်ကုန်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးလင်းထွန်းက တရာလိုပြုကာ ကိုကျော်မင်းဆွေနဲ့ ဗြိတိသျှကိုကိုမောင်တို့ကို ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) နဲ့ ဗဟန်းမြို့ နယ်ရဲစခန်းမှာ အမှုဖွင့်လိုက်ခြင်းဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts