ခေတ်ပြိုင်အတွေ့အကြုံ မောင်လူရေး

မောင်လူရေး – ထိုတည

 

မောင်လူရေး – ထိုတည

(မိုးမခ) မေ ၃၀၊ ၂၀၁၇မေ ၃၀ ဒီပဲယင်းအရေးအခင်းဖြစ်တဲ့ညက ကိုယ့်စာကြည့်တိုက်ထဲကို လူနှစ်ယောက် ရောက်လာတယ်။ သူတို့ဟာ အချိန်မတူ နေရာမတူရောက်လာကြတာ။ တယောက်က လင်းခါနီးမှ။

ကိုယ့်စာကြည့်တိုက်က ည ၁၂/၁ – ချက်ထိ မပိတ်သေးတာများတယ်။ စာကြည့်တိုက်က ပညာဒါနဖွင့်ထားတော့ မနက် ၁၀-တန်းမှာ စာသင်မယ့်ဆရာတွေက ညပိုင်းစာကြည့်ချင် ကြည့်တယ်။ သူတို့ကလဲ အိပ်တဲ့အခါ အိပ်၊ မအိပ်လဲ ည ၁-ချက် ၂-ချက်မှပြန်။ တခါတလေ အိမ်ပြေးတွေလဲ ရောက်လာတတ်။ ဘောလုံးပွဲ သွားမယ်သူကလဲ စာကြည့်တိုက်ဝင်လာ။ ပွဲချိန်တွေက ၂-နာရီလောက်တွေဆိုတော့ စကားဝိုင်းထဲ ဝင်ငြင်း။ အဲဒီတုန်းက အသံတိတ်ခေတ်ထဲက နိုင်ငံရေးပြောတဲ့ ဝိုင်းပေါ့။ HIVသမားတချို့ကလဲ လူရှိချိန်ဆို မလာဘူး။ ည ၂-ချက် ၃-ချက်မှ လာစကားပြောချင်လို့ ဖြစ်လားဆိုတော့ ဖြစ်ရတာပေါ့။ စာကြည့်တိုက်က HIV ပညာပေး ဇောင်းပေးလုပ်နေချိန်လေ။

အဲသလိုဆိုတော့ စာကြည့်တိုက်က မနက် ၄နာရီလောက်ထိ ဖွင့်ရတတ်တယ်။

ရွှေခြင်္သေ့ကျောင်းက ရွှေခြင်္သေ့ဘုရားထဲ ဖွင့်ထားတဲ့ ရွှေခြင်္သေ့စာကြည့်တိုက်ပါ။

ဒေါ်စုသတင်းတွေကို ရေဒီယိုက တထိတ်ထိတ်နားထောင်နေရတဲ့အချိန်။ ရွှေဘိုကို အခြေပြုပြီး ကြံ့ခိုင်ရေးတွေ လူစုနေကြတဲ့သတင်းတွေကလဲ ကြားနေ မြင်နေရဆိုတော့ ဘယ်သူမှ စိတ်ချလက်ချ မအိပ်ဖြစ်ကြပါဘူး။ ဘာမှလဲ မတတ်နိုင်ဘူး။ သတင်းထိုင် နားစွင့်နေကြတာဘဲ။

ပထမရောက်လာတာက ရွာက ဆိုင်ကယ်ကယ်ရီချတဲ့သူ။ သူက မုံရွာကို ဆိုင်ကယ်သွားပို့ရင်း ကြုံလာတာ။ သူက မုံရွာက တလတွန်း စီးပြန်လာတာ။ တုန်နေတုန်း။ ရွာ မပြန်ရဲလို့တဲ့။

သူပြောပြတာက သူ့ကို ဦးဇင်းသုံးပါးက ခေါ်သွားတာ။ ကျောင်းသားတွေ အပစ်ခံရတဲ့ဆီလိုက်ပို့ခိုင်းတာတဲ့။ အဲဒီမှာ ပစ်ကြ ခတ်ကြ။ သူတောင် ကံကောင်းလို့ပေါ့လေ။ မောင်းပြန်ပြေးလာခဲ့တာဘဲ။ ဘာတွေ ဆက်ဖြစ်နေရစ်တယ် မသိဘူးတဲ့။ သူမြင်ခဲ့တာတွေက မုံရွာမြို့တွင်း၊ မုံရွာအခြမ်း။

လင်းခါနီးမှ ရောက်လာတဲ့တယောက်က ကြည်ရွာ ပါသွားတဲ့အဖွဲ့တွေထဲက။ သူက ဒီပဲယင်းအခြမ်းက အဖြစ်အပျက်တွေ ပြောပြတာ။ လူတွေ ရာချီသေလိမ့်မယ်တဲ့။ သူက ရွှေဘိုက ပါသွားတာ။ မဟာနန္ဒာကန်တော် မှော်ဆယ်ရအောင် လုပ်အားပေးဆိုပြီး ရဝတတွေက လူစုပြီး ကန်တော်မှာ ချမပေးဘဲ ဒီပဲယင်းတန်းမောင်းသွားလို့ ပါသွားကြတာ။ ဟိုမှာ သူတို့လက်ထဲ ဒုတ်ထည့် ရိုက်ခိုင်းတာပေါ့။ သူတို့က ညတွင်းချင်း ခြေလျင်ပြန်ပြေးလာတဲ့သူတချို့နဲ့ ရောလိုက်လာတာ။

နောက် တပတ်လောက်နေတော့ လုပ်ကြံမဲ့အဖွဲ့နဲ့ ဗီဒီယိုမှတ်တမ်းတင် လချီလိုက်သွားရတဲ့တယောက် ရောက်လာသေးတယ်။ ခယကချောပေါ့လေ။ သူပြောပြတာကတော့ ဗီဒီယိုသမားတယောက်ဆို စစ်သားလေးယောက်။ ဓာတ်ပုံသမားတယောက်ဆို စစ်သားနှစ်ယောက်ပေးထားတယ်တဲ့။ အဲဒီတုန်းက ရွှေဘိုနယ်က ဓာတ်ပုံ ဗီဒီယိုသမားတွေ အားလုံး ချောလိုက် မှတ်တမ်းတင်ရတယ်။ တခရိုင်လုံးကလို့ ပြောတယ်။ အကုန်လုံး တလလောက်ကြာတယ်။ ဒီဖြစ်စဉ် အစအဆုံး အသေးစိတ်သိတဲ့သူတွေပေါ့။ သူတို့ မပြောသေးလို့ အစုံမသိရတာပါ။

သူပြောတာကတော့ ရိုက်ပြီးလို့ ဖလင်လိပ်ကုန်ရင် စစ်သားလက်ထဲ ချက်ချင်းအပ်ရတယ်။ အသစ်လဲပေးတယ်။ သူတို့က ထပ်ချပ်မကွာဘဲတဲ့။ အခင်းဖြစ်တဲ့ညကတော့ ကိုယ့်နေရာနဲ့ကိုယ် ပေးထားတယ်။ မရွှေ့ရဘူးတဲ့။ ကိုယ့်မြင်ကွင်းကို ကိုယ်မပြတ်တမ်း ရိုက်နေရတယ်တဲ့။

အဲလိုဆိုတော့ မှတ်တမ်းအသေးစိတ် စစ်တပ်လက်ထဲ ရှိမှာပေါ့လေ။

အဲဒီတုန်းက ဦးစီးတဲ့ ရွှေဘိုခယက ဒုဗိုလ်မှူးကြီးသန်းဟန်ဟာ ရဲဘက်မှာ ရာထူးတက်ပြီး ရွှေဝါရောင် ဆက်ကိုင်ရတယ်ကြားတာဘဲ။ ခုတော့ လုံခြုံရေးကုမ္ပဏီတခု ထောင်ထားလေရဲ့။ ဒီပဲယင်းကို ရွေးတာကတော့ ဒီပဲယင်းမြို့နယ်မှူးဟာ ၈၈-တုန်းက စစ်ကိုင်းအရေးအခင်းမှာ လူရာချီသတ်ခဲ့တဲ့ စစ်ကိုင်းရဲစခန်းကလူလေ။ ရွှေဘိုသားဘဲ။ သူ့ကို ဒီပဲယင်းလုပ်ကြံမှုမှာ အဓိကပါဝင်တဲ့ လူသတ်သမားကြီးတွေက အဖေကြီးလို့ ခေါ်တယ်ဆိုဘဲ။

အရေးအခင်းတုန်းကတော့ စစ်ကိုင်းအရေးအခင်းနဲ့ပတ်သက်တဲ့အချက်အလက်တွေ အကုန်လုံး သူ့ကို ပေးကြပါ။ သူ ရေးမှာပါဆိုပြီး တရားပွဲ တော်တော်များများမှာ ဟောခဲ့တာကတော့ စာရေးဆရာမ နုနုရည်(အင်းဝ)။ ကိုယ်က အဲဒီတုန်းက မန္တလေးမှာ ဟောပြောပွဲစင်တွေ အစောင့်လိုက်ရတော့ ခနခနကြားရလို့ မမေ့သေးဘူး။

မောင်လူရေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts