(မိုးမခ) မေ ၂၉၊ ၂၀၁၇
● မုန်းကိုးဒေသ ဒူဝါများ
CPB အရှေ့မြောက် မုန်းကိုးဒေသသို့မဝင်မှီက ထိုဒေသအလိုက် အုပ်ချုပ်နေသည်မှာ နယ်ခံကချင်ဒူဝါများဖြစ်ကြသည်။ ကချင်မျိုးနွယ်ဆိုသော်လည်း ထိုဒေသ၌ လချိတ် လော်ဝေါ် ဇိုင်ဝါးမျိုးနွယ်စုများကလည်း ဂျင်းဖေါများနည်းတူ အုပ်ချုပ်ရေး ပိုင်းတွင် ဒူဝါများဖြစ်ကြသည်။ ကွန်မြူ နစ်တပ်များဝင်လာတော့ ဒူဝါများသည်လည်း ၎င်းတို့၏ လက်နက်ကိုင်တပ်များနှင့်အတူထွက်ပြေးကြရသည်။ မုန်းယားဒူဝါအနွယ်များကတော့ KIA သို့ဝင်ရောက်ပူးပေါင်းသွားသည်။ ထိုစဉ်ကာလက KIA မှ ဗိုလ်မှူး ဇုတ်ဒိုင်ဆိုသည်မှာ မုန်းယားဒူဝါမျိုးရိုးမှဖြစ်သည်။ မုန်းဟောင်ဒူဝါကဲ့သို့ ကွတ်ခိုင်မှတဆင့် လားရှိုး ရန်ကုန် တို့သို့ပြောင်းရွှေ့၍ သာမန်အရပ်သားအဖြစ် လုပ်ကိုင်စားသောက်နေထိုင်ကြသူများလည်းရှိသည်။ ဖေါင်းဆိုင်ဒူဝါ မုန်းကိုး ဒူဝါတို့ကဲ့ မဆလအစိုးရနှင့်ပေါင်း၍ ပြညသူ့စစ် (ပသစ) သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့ (သကဆဖ) စသည့် အမည်ဖြင့် ရပ်တည်သွားကြသူများလည်း ရှိသည်။
ဤသည်မှာလည်း သူတို့ဘဝအခြေအနေနှင့်ဆိုင်သည်။ ထိုစဉ်ချိန်က ဒေသခံဒူဝါများထဲမှ CPB နှင့်ပူးပေါင်းသူမရှိသလောက်ဟုဆိုရမည်။ ထိုစဉ်က ဒူဝါများသည်လည်း ကိုယ်ပိုင်လက်နက်ကိုင်တပ်တပဖွဲ့ငယ်များထားရှိကာ အစိုးရစစ်တပ်နှင့်ပူးတွဲ အုပ်ချုပ်နေသည်ဖြစ်ရာ CPB တပဖွဲ့များ ဝင်ရောက်တိုက်ခိုက်သည့်အချိန် အစိုးရတပ်များနှင့်အတူ ဆုတ်ခွာရသည်။ ၁၉၆၈ ခုနှစ် CPB တပဖွဲ့များစဝင်စဉ်က အစိုးရတပဖွဲ့များသည် မုန်းကိုးအား အလေးထားခြင်းမရှိသေးပေ။ တပ်စုတစုခန့် သာရှိ သည်ဟု ဆိုသည်။ မန်ကန်တွင် တပ်ခွဲရုံးရှိသည်။ တပ်ခွဲမှူးမှာ ဗိုလ်ကြီးဉာဏ်လင်း (နောင် ရတခတိုင်းမှူးဗိုလ်ချုပ်) ဖြစ် သည်။
မုန်းကိုး မန်ကန်ကျပြီးမှ ဖေါင်းဆိုင်အား တိုက်ခိုက်သည်။ မုန်းကိုးအရှေ့ဖက် သံလွင်မြစ်နှင့် မုန်းကိုးကြား ပိတ်မိနေသဖြင့် ဖေါင်းဆိုင်ဒူဝါမိသားစု သူ၏လက်နက်ကိုင်တပဖွဲ့ အစိုးရတပဖွဲ့များပူးပေါင်းဆုတ်ခွာကြရသည်။ ထိုဆုတ်ခွာသောအဖွဲ့အား CPB တပဖွဲ့များက လမ်းကဖြတ်တိုက်သည်။ “အဲဒီလမ်းဖြတ်တိုက်ပွဲလဲပြီးရော တိုက်တဲ့ ကျနော်တို့တပ်ရင်းလဲပျက်တော့ တာပါဘဲဗျာ” ဟု နိုင်ငံရေးမှူး ရဲဘော်စိုးသိန်းက ဆိုသည်။
ဖြစ်ပုံမှာ ဤသို့ဖြစ်သည်။ ၁၉၆၈ ခုနှစ် ဇန္နဝါရီ ၁ ရက် မုန်းကိုးတိုက်ပွဲစလိုက်ပြီးနောက် တရုတ်ကွန်မြူနစ်ပါတီ နယ်စပ် တရုတ်ပိုင်နက်တွင်းမှ တိုင်းရင်းသားများအား နိုင်ငံတကာတော်လှန်ရေးတွင် ပါဝင်ရန်လှုံ့ဆော်လိုက်ရာ တပ်အင်အားများ ချက်ခြင်းဆိုသလိုတိုးပွါးလာခဲ့သည်။ ယူနီဖေါင်းထုတ်ပေး လက်နက်ထုတ်ပေးပြီး ချက်ခြင်းဆိုသလို တပ်များဖွဲ့စည်းတိုက်ခိုက်နိုင်ခဲ့ကြသော်လည်း ထိုတပ်များကို စနစ်တကျ နိုင်ငံရေးအရသော်လည်းကောင်း၊ စစ်စည်းကမ်းများအရသော်လည်း ကောင်း မတည်ဆောက်နိုင်ခဲ့ပေ။
ဖေါင်းဆိုင်ဒူဝါအဖွဲ့ ဆုတ်ခွာရာလမ်းကြောင်းကို ဖြတ်တောက်တိုက်ခိုက်ရာတွင် အားလုံးကို ချေမှုန်းနိုင်ခြင်းမရှိသော်လည်း ဖေါင်းဆိုင်ဒူဝါပိုင် ပစ္စည်းများတင်ဆောင်လာသည့် မြင်းလားအချို့အားသိမ်းမိပြီး လူအချို့အား ချေမှုန်းနိုင်ခဲ့သည်။ သိမ်းရ သည့် ဖေါင်းဆိုင်ဒူဝါပိုင် ပိုင်ဆိုင်မှုများတွင် ရွှေဒင်္ဂါးများနှင့် အဖိုးတန်ပစ္စည်းများပါလေရာ ထိုတိုက်ပွဲတွင်ပါဝင်သည့် တရုတ် ပြည်မှဝင်လာသည့် တပ်သားသစ်များသည် ထိုအဖိုးတန်ပစ္စည်းများကို ကိုယ်စီ ယူဆောင်ကာ လက်နက်များကို ချန်ထားခဲ့ပြီး တရုတ်ပြည်တွင်း ပြန်လည်ထွက်ပြေးကြသဖြင့် ထိုတပ်ရင်းပျက်သလောက်နီးပါးပင် ဖြစ်သွားသည်ဟုဆိုပါသည်။
CPB မဝင်မီက ဒူဝါများသည် မိမိပိုင်ဆိုင်ရာဒေသကို အုပ်ချုပ်ကြသည့် နယ်ရှင် ပယ်ရှင်များဖြစ်သည်။ ရွာသားများအဖို့ တောင်ယာခုတ်သည်ဖြစ်စေတောထဲ တောကောင်တကောင်ရသည်ဖြစ်စေ သတ်မှတ်ထားသည့်ဝေစုအား ဒူဝါထံပို့ပေးရ သည်။ ဒူဝါဖြစ်သူက ဒေသတွင်း အမှုအခင်းများဖြေရှင်းခြင်း၊ လှေခါးထစ်လယ်များ ရေပေးသွင်းရေးကိစ္စ လမ်းဖောက်ခြင်း စာပေသင်ကြားခြင်းကိစ္စ စသည့်ဒေသတွင်းကိစ္စအရပ်ရပ်ကို ဦးဆောင်ဦးရွက်ပြုသည်။
CPB ဝင်လာပြီးနောက် သူတို့၏ အိုးအိမ် လယ်ယာမြေ ပိုင်ဆိုင်မှုများကို သိမ်းပိုက်လိုက်သည်။ သူတို့၏ အုပ်ချုပ်ရေးအာဏာ ကို ဖယ်ရှားလိုက်သည်။ ပဒေသရာဇ်စနစ်သည် ကွန်မြူနစ်များ၏ရန်သူဖြစ်သွားခဲ့သည်။ ထို့ကြောင့် သူတို့လည်း ဒေသ တွင်းမှ စွန့်ခွာထွက်ပြေးခဲ့ကြသည်။ အချို့လည်းအစိုးရ၏ ပသစနှင့် သကဆဖများဖြစ်လာတော့သည်။ ထိုအထဲတွင် မုန်းကိုး ဒူဝါနှင့် ဖေါင်းဆိုင်ဒူဝါတို့ ပါဝင်ခဲ့ကြသည်။ ဖေါင်းဆိုင်ဒူဝါ၏အဖွဲ့ ပို၍ နာမည်ထွက်သည်ဟု ဆိုရမည်။
ထိုအချိန်က CPB ထိန်းချုပ်ရာဒေသတွင်းသို့ ဗမာတယောက် (သို့မဟုတ်) ဒေသခံမဟုတ်သူတယောက် ဝင်ရောက်၍ သ တင်းထောက်လှမ်းရန် မလွယ်ကူလှပေ။ သို့ဖြစ်ရာ ဖေါင်းဆိုင်ဒူဝါ၏ ဖေါင်းဆိုင် သကဆဖသည် အစိုးရတပ်အတွက် အသုံး တည့်ခဲ့သည်။ ဖေါင်းဆိုင် သကဆဖသည် ဦးစွာအားဖြင့် ကွတ်ခိုင်နှင့် သိန္နီကြားရှိ မန်ပင်းတွင် အခြေစိုက်သည်။ နောက်ပိုင်း တွင် ကွတ်ခိုင်ပြည်သူ့စစ်ဟုလည်း ခေါ်ကြသည်။ ဖေါင်းဆိုင်မှအဆုတ်တွင် မိသားစုဝင်များသေဆုံးခဲ့ရခြင်း ဥစ္စာဓန များ ဆုံး ရှုံးခဲ့ခြင်းကြောင့် အစိုးရနှင့်ပေါင်း၍ ကွန်မြူနစ်ဆန့်ကျင်ရေးကို တက်ကြွစွာလုပ်ဆောင်ခဲ့သည်ဟု ဆိုရမည်။ ဖေါင်းဆိုင် ဖုတ်ကျောင်ဒူဝါ၏သားသည် ဥပဒေဘွဲ့ရတဦးဖြစ်လာပြီး နဝတခေတ်တွင် ရဲဆုတံဆိပ် ချီးမြှင့်ခံရသည်။ ၂၀၁၀/၂၀၁၅ ရွေး ကောက်ပွဲများတွင် ကြံ့ခိုင်ရေးပါတီ ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာပြီး လက်ရှိအချိန်တွင် ပြည် သူ့လွှတ်တော် ဒုဥက္ကဌ တာဝန်ယူနေပေသည်။
● မင်းလတ်ရဲခေါင် (ဦးစိမ်းမောင်)
မုန်းကိုးနိုင်ငံရေးဌာနသို့ ရောက်ပြီးမကြာမီပင် ပါတီ၏အရေးယူခြင်းခံထားရသော ရဲဘော်ဟောင်းတယောက်အကြောင်းကြား ရသည်။ နိုင်ငံရေးမှူး ဦးစိုးသိန်းပြောပြချက်များအပြင် အခြားသူများ၏ ပြောပြချက်များအရပါ သိရှိရခြင်းဖြစ်သည်။ သူ့ အကြောင်းမှတဆင့် ပါတီတွင်းသဘောထားကွဲလွဲမှုများကို ကြားသိရသည်။
သူ့အားပါတီထဲတွင် ရဲဘော်စိမ်းမောင်ဟု ခေါ်ကြသည်။ ရဲထွဋ်၊ ရဲခေါင်၊ မင်းလတ် စသည့်အမည်များဖြင့်စာရေးသားခဲ့၍ မင်းလတ်ရဲခေါင်ဟုလူသိများသူဖြစ်သည်။ သူ၏အမည်ရင်းမှာ ကိုသိန်းမောင်ဖြစ်ပြီး ဇာတိမှာ ရန်ကုန် မော်တင်မှဖြစ်သည်ဟု ဆိုပါသည်။ ကျောင်းသားဘဝထဲက ကွန်မြူနစ်ပါတီနှင့်ဆက်သွယ်ခဲ့ပြီး ဒုတိယကမ္ဘာစစ်အပြီး ရန်ကုန်တက္ကသိုလ်တွင် တက် ရောက်ခဲ့သည်။
၁၉၄၉ ခုနှစ် ဇူလိုင်လတွင် ချက်နိုင်ငံ ပရတ်မြို့သို့ ကမ္ဘာ့ကျောင်းသားသမဂ္ဂညီလာခံ၌ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် CPB မှစေလွှတ်ခြင်းခံရသူများထဲတွင် တဦးအပါအဝင်ဖြစ်သည်။ သူနှင့်အတူစေလွှတ်ခြင်းခံရသူများမှာ ကိုထွန်းရှိန်နှင့် ကို ခင်ဝင်းတို့ဖြစ်ကြသည်။ ကိုထွန်းရှိန်ကတော့ ၁၉၆၃ ငြိမ်းချမ်းရေးဆွေးနွေးပွဲကာလတွင် ဘေကျင်းမှ ပဲခူးရိုးမသို့ပြန်လည် ရောက်ရှိခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် ပါတီတွင်းသဘောထားကွဲလွဲမှုများတွင် ထွန်းငြိမ်း၊ ထွန်းရှိန်ဂိုဏ်းအဖြစ် သေဒဏ်ပေးခံ ခဲ့ရသည်။ လူထုဦးလှ ဒေါ်အမာ၏သားဖြစ်သူ ကိုစိုးဝင်းမှလည်း သူတို့နှင့်အတူ သေဒဏ်ပေးခံခဲ့ရသည်။ ကိုခင်ဝင်း (ကွယ် လွန်) ကတော့ ထိုစဉ် CPB ဗဟို ပြည်သူအသံ အသံလွှင့်ဌာန၏ တပ်မှူးအဖြစ် ဆောင်ရွက်နေဆဲဖြစ်သည်။ ထိုစဉ်က သူ့အမည်မှာ ရဲဘော်ထွန်းအောင်ဖြစ်သည်။
ချက်နိုင်ငံ ပရတ်မြို့ ကမ္ဘာ့ကျောင်းသားသမဂ္ဂ၌ မင်းလတ်ရဲခေါင်တို့နှင့်အတူတကွလှုပ်ရှားခဲ့ကြသည့် ခေတ်ပြိုင်နိုင်ငံတကာ ကျောင်းသားများထဲမှ ထင်ရှားသူတဦးမှာ ပါလက်စတိုင်းခေါင်းဆောင် ယာဆာအာရဖတ်ဖြစ်ပြီး နောက်တဦးမှာ နောင်တွင် ချက်သမတဖြစ်လာသူ ဗားကလက်ဟာဗယ်ဖြစ်သည်။ ၁၉၅၇ ခုနှစ်တွင် ကိုထွန်းရှိန်နှင့် ကိုခင်ဝင်း (ရဲဘော်ထွန်းအောင်)တို့ အား ပါတီက တရုတ်ပြည် စစ်ချွမ်းပြည်နယ်သို့ ပြန်လည်ခေါ်ယူခဲ့ပြီး မင်းလတ်ရဲခေါင်ကတော့ ချက်တွင် ဆက်လက်ပညာ သင်ခဲ့သည်။
မင်းလတ်ရဲခေါင်သည် ချက်နိုင်ငံ ပရတ်တက္ကသိုလ်မှာ မဟာဝိဇ္ဇာဘွဲ့အပြင် ဘာသာဗေဒအထူးပြုနှင့် ပါရဂူဘွဲ့ရယူခဲ့သည်။ သူ၏ပါရဂူဘွဲ့ယူစာတမ်းဖြစ်သည့် မြန်မာစာပေတိုးတက်ခေတ်မှီရေး (Modernization of Literature) သည် မြန်မာပြည်သို့ ရောက်ရှိလာပြီးနောက် မြန်မာစာပေလောကကို ကြီးမားစွာ ဂယက်ရိုက်ပြီး စကားပြောသလိုရေးရမည်ဟူသော စာပေအယူ အဆများပေါ်ထွက်လာခဲ့သည်။ မင်းလတ်ရဲခေါင်သည် ချက်နိုင်ငံ ပရတ်တက္ကသိုလ်၌ မြန်မာစာဌာနမှူးနှင့် ပါမောက္ခရာထူး များရယူခဲ့သည်။ ၁၉၆၃ ခုနှစ် တရုတ်ပြည်ရှိ CPB သို့ ပြန်လည်ပူးပေါင်းသောအခါ ထူးချွန်သော ပညာရှင်တယောက်အဖြစ် ဘေကျင်းလေဆိပ်တွင် တရုတ်ဝန်ကြီးချုပ် ကြိုးအင်းလိုင် (Zhou En-lai) ကိုယ်တိုင် ဆင်းကြိုခဲ့သည်ဟု ဆိုသည်။ ၁၉၆၇ ခုနှစ် တရုတ် ဗမာအရေးအခင်းကာလ၌ ဘေကျင်းအသံမှ မင်းလတ်ရဲခေါင်၏ အသံလွှင့်ချက်များကို ထုတ်လွှင့်ခဲ့ကြသည်။
၁၉၆၈ ခုနှစ် အရှေ့မြောက်ဒေသဖွင့်လှစ်ပြီးနောက် မင်းလတ်ရဲခေါင်သည် ဗဟိုရုံး အသံလွှင့်ဌာနတို့တွင်မနေဘဲ မုန်းကိုးဒေသသို့ရောက်ရှိလာခဲ့သည်။ ဘာသာဗေဒပညာရှင်ဘဝထက် နိုင်ငံရေးတိုက်ပွဲများကို ပိုမိုစိတ်ဝင်စားခဲ့သူဟု ဆိုရမည်။ သို့ သော် မင်းလတ်ရဲခေါင်နှင့် အရှေ့မြောက်ခေါင်းဆောင်များ မတူသောနိုင်ငံရေးအယူအဆများ ပေါ်လာတော့သည်။ အဓိက မတူသည့် အယူအဆနှစ်ခုမှာ အမျိုးသားရေးပြဿနာဖြေရှင်းခြင်းနှင့် အခြေခံဒေသတည်ဆောက်ရေးပြဿနာတို့ဖြစ် သည်။
အမျိုးသားရေးပြဿနာမှာ အရှေ့မြောက် ပါတီခေါင်းဆောင်များကတိုင်းရင်းသားပြဿနာဖြေရှင်းရန်အတွက် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသများဖွဲ့စည်းရန် မူချမှတ်ထားသည်။ ဆိုရလျှင် တရုတ်ပြည်တွင် တရုတ်ကွန်မြူနစ်ပါတီကျင်းပသည့် မူဝါဒအ တိုင်းဖြစ်သည်။ မင်းလတ်ရဲခေါင်ကမူ ထိုမူဝါဒကို လက်မခံချေ။ သမတနိုင်ငံများပေါင်းစုထားသော ယူနီယံတခုထူထောင်ရန် လိုအပ်သည်ဟု ယူဆသည်။ သူ၏စာတမ်းအရ မြန်မာနိုင်ငံအား ဧရာလွင် (ဧရာဝတီမြစ်နှင့် သံလွင်မြစ်အား အစွဲပြု၍) ယူနီယံတခု ထူထောင်ရမည်။ ထိုယူနီယံထဲတွင် သမတနိုင်ငံ ၁၆ နိုင်ငံဖွဲ့စည်းပေါင်းစပ်မည်ဟု ဆိုပါသည်။ မိမိတို့ရောက်ချိန် တွင် သူ၏စာတမ်းများအား သိမ်းဆည်းဖျက်ဆီးပြီးဖြစ်၍ မိမိတို့ဖတ်ခွင့်မကြုံတော့ပေ။ ဦးစိုးသိန်း၏ထုတ်နှုတ်၍ ပြန်လည် ပြောပြချက်များနှင့် ကျန်ရဲဘော်ဟောင်းများ၏ပြောပြချက်အရ သိရပေသည်။
သူ၏ပုံစံသည် တိုင်းရင်းသားဒေသများအား ပိုမိုလွတ်လပ်ခွင့်ပေးကာပေါုင်းစည်းသော ဆိုဗီယက်ပုံစံဟု ဆိုနိုင်သည်။ ဥရော ပတွင် ကြာမြင့်စွာနေ ထိုင်ခဲ့သူဖြစ်ပေရာ ဥရောပပုံစံယူလာသည်ဟု ဆိုကြသည်။ ထိုသဘောထားကွဲလွဲမှုသည် ပါတီတွင်း သက်သာမဟုတ်တော့ဘဲ ထိုအချိန်က ဝမ်ပေါင် သမတနိုင်ငံထူထောင်မည်ဟု ကြွေးကြော်နေသော KIA နှင့်ပါ ဆက်သွယ်၍ သူ၏အယူအဆများ ပေးပို့ဖြန့်ချိ၍ ပါတီတွင်းစည်းကမ်းဖောက်ဖျက်ခဲ့သည်ဟု အရှေ့မြောက်ခေါင်းဆောင်များက ဆိုကြ သည်။
ဒုတိယတခုမှ အခြေခံဒေသတည်ဆောက်ရေးပြဿနာဖြစ်သည်။ အရှေ့မြောက်ဒေသ ပါတီခေါင်းဆောင်များကိုင်စွဲထား သော မူဝါဒမှာ လူတန်းစားတိုက်ပွဲအခြေခံဖြစ်သည်။ ဒူဝါများမြေရှင်များအား လူတန်းစားတိုက်ပွဲဆင်နွှဲရမည်။ ၎င်းတို့ပိုင်ဆိုင် ထား သော မြေယာများအား သိမ်းယူ၍ လယ်မဲ့ယာမဲ့များအား ခွဲဝေပေးရမည့် မူဝါဒသည် အခြေခံဒေသတည်ဆောက်ရေးသည် အဓိကမူဝါဒဖြစ်သည်။ မင်းလတ်ရဲခေါင်ကမူ လက်ရှိအခြေခံဒေသများတွင် စာပေယဉ်ကျေးမှုနိမ့်ကျနေပေရာ စာပေယဉ် ကျေးမှု မြှင့်တင်ရေးလှုပ်ရှားမှုကို ဦးစားပေးလှုပ်ရှားမှု ကိုဦးစားပေးလုပ်ဆောင်ရမည်ဟု ရပ်ခံသည်။ လက်တွေ့တွင် မုန်းကိုး ကွင်းအတွင်းရှိ ကောင်းဒပ်ကျေးရွာအနီးအခြေပြုသည့် ကွတ်ခိုင်ခရိုင်အတွင် လူငယ်လှုပ်ရှားမှုများပြုလုပ်ခဲ့သည်။
“ဥရောပက လူငယ်လှုပ်ရှားမှုပုံစံတွေအတိုင်း လုပ်တာပေါ့ဗျာ” ဟု စစ်ချွမ်းရဲဘော်ဟောင်းတယောက်က ဆိုပါသည်။ မြန်မာ ပြည် လက်တွေ့အခြေအနေများကို သုံးသပ်အကောင်အထည်ဖေါ်ရာတွင် တရုတ်ပုံစံနှင့် ဆိုဗီယက်ရုရှားပုံစံ၏ ကွဲလွဲချက် သည်လည်း အကြောင်းအချက်တခုဟု ဆိုနိုင်ပေလိမ့်မည်။
ထို့နောက်တွင် မင်းလတ်ရဲခေါင်နှင့် အရှေ့မြောက်ခေါင်းဆောင်များ အဝေးရောက်ဗဟိုကြားတွင် သဘောထားပြင်းထန်စွာ ကွဲလွဲသည်။ သူ့၏အယူအဆများ တားဆီးပိတ်ပင်ခံရသောအခါ မင်းလတ်ရဲခေါင်ကလည်း တရုတ်ယဉ်ကျေးမှု တော်လှန်ရေး ကာလက သုံးစွဲခဲ့သည့်ပုံစံအတိုင်း စာလုံးကြီးပိုစတာများကပ်၍ လူထုကြားချပြကာ ပြန်လည်တုန့်ပြန်ဝေဖန်တိုက် ခိုက်ခဲ့ သည်ဟု ဆိုပါသည်။ သခင်ဗသိန်းတင်အား “ကခလ” ဂိုဏ်းသားဟူ၍ တိုက်ခိုက်ခဲ့သည်။ သူဆိုလိုသည့် “ကခလ” မှ ” ကောက်စကီး၊ ခရူးရှော့လူရှောက်ချိ” စသည့် ရုရှားနှင့် တရုတ်မှ ပြန်လည်ပြင်ဆင်ရေးသမားများ၏ ဂိုဏ်းသားအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
သို့နှင့် ပြဿနာကပို၍ ကြီးလာပြီး ပါတီဗဟိုအားဆန့်ကျင်မှုဖြင့် ၁၉၇၃ ခုနှစ်ခန့်တွင် ပါတီတာဝန်မှရပ်စဲခံရပြီး မုန်းကိုးဒေသ မန်ကန်တောင်ခြေမှ ဦးလထော်တဲတွင်ခြေချုပ်နှင့် အကျယ်ချုပ်သဘောမျိုးထားရှိခဲ့သည်ဟု သိရသည်။ ထိုဦးလထော်တဲတွင် ရှိနေစဉ်ကာလ သူ့အားတာဝန်ယူနေသည့် ကချင်ရဲဘော်တဦးမှ တဆင့် KIA သို့ သူ၏ ” ဧရာလွင်စာတမ်း” အားပေးပို့ခဲ့သည်။ ထိုသတင်းမှာ ပြန်လည်ပေါက်ကြားခဲ့ပြီး ၁၉၇၅ ခုနှစ်ခန့်တွင် KIA နှင့်ဆက်သွယ်ခြင်းမပြု နိုင်ရန်ဟူသော အကြောင်းပြချက်ဖြင့် ဝ မြောက်ခရိုင် ခွင်းမားမြို့နယ်သို့ ပို့ဆောင်ခဲ့ပြီး ခြေချုပ်ထားရှိခဲ့သည်။
ဝ နယ်ပို့ဆောင်ရာတွင် မသွားဟု မင်းလတ်ရဲခေါင်က ပြင်းပြင်းထန်ထန်ဆန္ဒပြခဲ့ပြီး အိပ်ယာပေါ်မှ လုံးဝမထဘဲအိပ်နေသဖြင့် စီးမြင်းလည်းစီစဉ်ပေး၍ မရနိုင်ဘဲ ထမ်းစင်ဖြင့်ထမ်းပြီး ရက် ၂၀ ခန့် ခရီးအား လမ်းလျှောက်ပြီး ပို့ခဲ့ကြရသည်ဟု ဆိုသည်။ အလွန်ခေါင်းမာ၍ စိတ်ကြီးသူဟု ဆိုရပေမည်။ မင်းလတ်ရဲခေါင်အား ဝ နယ်သို့ပို့လိုက်ခြင်းသည် ထိုစဉ်ကာလက တဖွဲဖွဲ စတင်ရောက်ရှိရန် တာစူနေသည့် မြို့ပေါ်မှ ပညာတတ်ရဲဘော်များနှင့် နီးစပ်မှုမရှိရန် နောက်ရောက်လာမည့် ပညာတတ် ရဲဘော်များအပေါ်တွင် မင်းလတ်ရဲခေါင်၏ သြဇာသက်ရောက်မှု မရှိစေရန်လည်း ရည်ရွယ်ပုံရသည်ဟုလည်း ဆိုကြသည်။
ဆက်လက်ဖေါ်ပြပါမည်
မောင်မောင်စိုး (Mg Mg Soe)