ငါ့ခေါင်းထဲ လာခွေနေတဲ့ မြွေဟာ
အလမ္ပာယ်ဆရာရဲ့သွန်သင်မှုအောက်မှာ
ကြီးပြင်းခဲ့ရတာပါ။
ပုလွေအမှုတ်မှာ
ခိုင်းတာလုပ်မယ်ဆိုတဲ့ မြွေမျိုးပေါ့။
ငယ်စဉ်ဘဝတလျှောက်လုံး
မြွေဟာ မြွေဗီဇတွေ ပျောက်ဆုံးခဲ့ရတယ်။
မြွေက သူ့ကိုယ်သူ မြွေမှန်း
ဘယ်အချိန်လောက်က စသိခဲ့ပါသလဲ။
တကယ်တော့ ငါမသိဘူး။
ငါ့ခေါင်းကို မြွေက သိမ်းပိုက်ထားပါတယ်ဆိုမှ
ငါက ဘယ်လို သိမှာတဲ့လဲ။
ငါ့ခေါင်းထဲ နေရာပေးထားရပေမယ့်
အဲ့ဒီမြွေကို ငါ မပိုင်ဘူးလေ။
မြွေက သူ့ကိုယ်သူ မြွေမှန်း
သိသွားတယ်ဆိုတာထက်
မြွေက သူ့မှာ အဆိပ်ရှိမှန်း
သိသွားတယ်ဆိုတာက ပိုမှန်မယ်။
အဆိပ်ရှိတဲ့ မြွေက
အဆိပ်မရှိတဲ့အလမ္ပာယ်ဆရာရဲ့ပုလွေသံ
ဘာကြောင့်ဆက်ပြီး နာခံနေရမှာတဲ့လဲ
အဲ့ဒီလို မြွေက တွေးတယ်။
မြွေက တနေ့တခြား
အဆိပ်ပြင်းလာတယ်။
ငါ့ခေါင်းက ခဏခဏ ကိုက်တယ်။
မြွေဆိပ်က တစ်ဆင့်မြင့်လာတိုင်း
ငါ့ခေါင်းက တဆင့်ပိုကိုက်လာတယ်။
မြွေကို ငါက ခေါင်းထဲက
ထွက်သွားစေချင်တာလား၊
မြွေက ငါ့ခေါင်းထဲကနေ
ထွက်ချင်နေတာလားတောင် မသိ၊
ငါ ခေါင်းတွေ ကိုက်ကိုက်နေတယ်။
ခက်တာက
မြွေသာ ငါ့ခေါင်းထဲကနေထွက်သွားရင်
ငါ့ခေါင်းက ဟင်းလင်းကြီးဖြစ်ကျန်ခဲ့မှာ။
ငါ့ခေါင်းကလည်း မြွေဆိပ်တက်နေပြီ။
ပုလွေသံက ငါ့ကို
ခေါင်းကိုက်ပျောက်အောင်
လုပ်မပေးနိုင်တော့ဘူး။
နောက်ဆုံးတော့ ငါဟာ
ငါ့ခေါင်းထဲ လာခွေနေတဲ့ မြွေက
ခေါ်ဆောင်တဲ့နောက်ကို လိုက်ခဲ့တယ်။
ငါ့ခေါင်းကိုက်ဝေဒနာလည်း
အရှင်းကြီး ပျောက်သွားတယ်။
တလမ်းလုံး ငါဟာ
ကိုက်ခဲ့ရတယ် တိုက်ခဲ့ရတယ်။
အခုတော့
ငါ့ခန္ဓာကိုယ်က ပင်ပန်းလှပြီ။
အသက်လည်း ကြီးပါပြီကွာ။
ငါ့ဘာသာ ခေါင်းဗလာနဲ့
အေးအေးချမ်းချမ်း နေပါရစေလား။
ဒါပေမဲ့
မြွေဟာ ငါ့ခေါင်းထဲကနေ
ဘယ်သောအခါမှ ထွက်မသွားခဲ့ပါဘူး။
ငါ့ခေါင်းထဲ လာခွေနေတဲ့ မြွေဟာ
ငါနဲ့အတူ သေရာပါခဲ့တယ်။
နရီမင်း
၂၄- ၅- ၂၀၁၇