(မိုးမခ) မေ ၂၄၊ ၂၀၁၇
ပြတိုက်ထဲကနေ ငါ ပြန်လာခဲ့တယ်
ကျောက်ဖြစ်ရုပ်ကြွင်းတွေဟာ ငါ့ကိုသယ်ဆောင်ကြလို့ 
အရသာရှိတယ်လို့ အမြဲတမ်းကြိုးစားတွေးခေါ်ရှင်သန်တဲ့
မြက်ပင်တွေဟာ အရသာမဲ့နေကြမှန်း သိခဲ့ရ
အချိန်မရွေး ငါတို့ဟာ ပါသွားနိုင်ကြတယ်လေတဲ့
ဟောဒီက ပိုးသတ်ဆေးတွေမှာ အချိန်မရွေးတွေ့သွားနိုင်တယ်
အိမ်ကလေးဟာ နေရာမရွေး မိုးရေထဲပါ သွားမှာပဲ
ငါတွေးပြီး ပြန်လာနေတယ် အသက်မရှိတဲ့ မူလီတုံးကြီးတွေရှိရာ
ငါ့အသားထဲမှာ လောက်ကောင်တွေ တဖွားဖွားတက်လို့ 
သစ်ပင်တွေတောင် စိမ်းကြပြီဆိုတော့ မိုးရောက်ပြီပေါ့ တချက် ငါတွေး
မဟုတ်ဘူး
မီးတိုင်ဟာ ငါ့အပေါ် ဖြတ်လျှောက်ပြီး ကျိန်ဆဲသွားတယ်
ဒါဟာ အမှိုက်ပုံမီးရှို့ရန်နေရာမဟုတ်ပါ
နှစ်များစွာ ပုလင်းထဲက သခွားစေ့ကလေးတွေလို စကားလုံးတွေ အလွတ်ရ
အပူချိန်ရှိမယ် လေရှိမယ် စိုထိုင်းစ ရှိမယ်
အလင်းရှိမယ် အာဟာရပြည့်မီနေရမယ် အရည်အသွေးပြည့်မီရမယ်
ဟားးးးးးး ဟားးးးးးး
ငါ့ခေါင်းထဲ ကြက်တူရွေးကလေးတွေ
ငါ့ခေါင်းထဲ စိုက်ဝင်သွားတဲ့ သံချောင်းတွေ
ငါ့ခေါင်းထဲ တဂျောင်ဂျောင်မြည်နေတဲ့ စပရိန်တွေ
ငါ့ခေါင်းထဲ ရောဂါပိုးမွှားတွေ မျိုးပွားကြ
ငါ့ခေါင်းထဲ ချစ်သူအသစ်သစ်တွေ အသံတိတ်ထိုင်နေကြပုံ
ငါ့ချောင်းထဲ ကြိုဆွဲချ ပျောက်ကွယ်သွားပုံများ
ငါပြန်နေတယ် ငါဆိုတဲ့ သိမှုထဲမှာ
ဂျက်စပဲရိုးဟာ ဒီမှာတော့ ရွာလည်တာပဲ
ဒီအသံကို သူမ မုန်းတဲ့ အကြောင်းပြောပြဖူးတယ်
ထပ်ခါထပ်ခါ နိုင်ငံတော်သီချင်းတွေဆိုပြတယ်
နောက်ပိုင်း သူမဟာ ငါ့ကို မတွေ့နိုင်တော့ဘူး
ဒါကို သိပေမယ့်လည်း ငါ ပြန်နေတယ်
ချောင်တဲ့နေရာမှာဆို တဲထိုးအိပ်ရမှာပဲ
အဲဒီလို ငါ ပြန်နေတယ်
အဘိုးကြီးရောဘတ်ဟာ ဘုရားကျောင်းကို မီးရှိ့တယ်
သူဟာ ယန်းပေါဆတ်ရဲ့လူသတ်သမားမဟုတ်ဘူး
ဒီမှာ ပေါကားပဲရသည် ပေါမှ အသက်ရှင်နိုင်ပြီ
အဘိုးကြီးဟာ မီးရှို့ပြီးတဲ့နောက်
(သူ့ကို) ဘာသာနာမည်ပေးခဲ့တဲ့ ဘုန်းတော်ကြီးကို ဆဲတယ်
ပူစီဖောင်းတွေဟာ ကွင်းပြင်မှ ထွက်ခွာကြ
အဘိုကြီးဟာ ဆဲရင်း ကြည့်နေတယ်
ပူစီဖောင်းကလေး ကျကွဲသွားသလို
ငါ ပြန်နေတယ်
မီးခိုးတွေလို ငါ ပြန်နေတယ်
အဘိုးကြီးဆဲသံလို ငါ ပြန်နေတယ်
မြို့လယ်က စာကြည့်တိုက် ဘောလုံးကွင်း
ငါ့ မိတ်ဆွေတွေ သူတို့ရဲ့သားသမီးတွေအားလုံး
အိတ်ကပ်ထဲထည့်ပြီး
ငါ ပြန် နေ တယ်
နောက်ကို လှည့်ကြည့်ဖို့ သတိမရှိဘဲ ငါဟာ ပြန်နေတယ်
ပြန်မှ ဖြစ်မယ်ဆိုတာ ငါသိတယ်
မရောက်ဘူးဆိုတာလည်း ငါသိတယ်
လူတိုင်းသိကြတာကိုလည်း ငါသိတာပေါ့
ငါကတော့ မရှိတော့တာကြာပြီပေါ့
အဲဒီလိုပဲ ငါ ပြန်နေတယ်
စက်ဝိုင်းကြီးဟာ ဝိုင်းကြီးပတ်ပတ် ချာချာလည်။
ဆလိုင်းမြတ်နိုးသူ
မေ ၁၈၊ ၂၀၁၇