ဝတ္ထုတို

မောင်တမ်းတ ● တခုသော အသုဘ

မောင်တမ်းတ ● တခုသော အသုဘ
(မိုးမခ) မေ ၂၃၊ ၂၀၁၇

အဲဒီနေ့ နေ့လယ် တစ်ချက်ခွဲ လောက်မှာ ကျနော်မအူကုန်းထိပ်က ဝပ်ရှော့ဆရာ ကိုဦးဆီကို ကားပစ္စည်းရှာဖို့ ကိစ္စတခုနဲ့ ထွက်လာခဲ့ပါတယ်….
ကိုဦးရဲ့ ဝပ်ရှော့ကိုaရာက်တော့ ကိုဦးအိမ်ထဲက ထွက်လာတယ်….
ပြီးတော့ ဆီချေးတွေပေနေတဲ့ တီရှပ်ကိုချွတ်ပြီး ကိုဦး အင်္ကျီတထည် ကောက်စွပ်တယ်….

ပြီးတော့ ကိုဦးနဲ့ ကျနော်အင်ဂျင်ကိုင်နေတဲ့ ကျနော့် CI Ex Saloon လေးအတွက် လိုတဲ့ ကားပစ္စည်းတွေဝယ်ဖို့ ဘုရင့် နောင်ဈေးကို ထွက်ခဲ့ကြပါတော့တယ်….။

သမိုင်းနားကိုရောက်တော့ ကိုဦးက ဘီယာလေး တစ်ခွက် နှစ်ခွက်လောက် အရင် သောက်လိုက်ရင် ကောင်းမယ်တဲ့ ….
ဒါနဲ့ပဲ ကျနော်လည်း ရှေ့မှာတွေ့တဲ့ စည်ဘီယာဆိုင်လေးတဆိုင်ရှေ့မှာ ကားထိုးရပ် လိုက်တယ်….
ပြီးတော့ နှစ်ယောက်ဆိုတော့ ဆိုင်ထဲရောက်တော့ မထူးပါဘူးဆိုပြီး ဘီယာတဂျားပဲ မှာလိုက်တော့တယ်….
တဂျားကုန်တော့ စိတ်ပြောင်းသွားပြီး နောက်တဂျား ထပ်မှာမိတယ်….
ပြီးတော့မှ ကျနော်တို့ နှစ်ယောက်ဆိုင်ကထပြီး ဘုရင့်နောင်ဈေးကို ပြေးရတယ်….
သုံးနာရီခွဲလောက်မှ ကျနော်တို့ ဈေးထဲရောက်တယ်….

ဘီယာကလေး ခပ်ထိုထိုနဲ့ ဈေးထဲက ကိုဦးအသိကုလားဆိုင်တွေမှာလိုက်ကြည့်တော့လည်း ကျနော်တို့လိုချင်တဲ့ ပစ္စည်းမရှိ ဘူး ဖြစ်နေတယ်….
ဒါနဲ့ပဲ လေးနာရီခွဲလောက်ကျတော့ ကျနော်တို့ မြို့ထဲ ပြန်ခဲ့ကြပါတယ်….
ကိုဦးကို မအူကုန်းလမ်းကျယ်မှာ ကျနော် ပြန်ချပေးခဲ့တယ်….
ပြီးတော့ ကျနော်အိမ်ကို ပြန်ခဲ့ပါတယ်….။

နောက်နေ့ နေ့လယ်ကိုဦးနဲ့ချိန်းထားလို့ သွားဖို့လုပ်ပေမယ့် ကျနော်ကိစ္စတခုပေါ်လာတာနဲ့ သုံးနာရီလောက်မှ ကိုဦးဆီ သတိပဋ္ဌာန်ကားပွဲစားတန်းကနေ ထွက်ခဲ့တယ်….
ကိုဦးတို့ ဝပ်ရှော့ရှေ့ကိုကြည့်လိုက်တော့ ဝပ်ရှော့ ရှေ့မှာ လူတွေ ရုံးစုရုံးစု ဖြစ်နေတယ်….
ဒါနဲ့ ကျနော်ကားရပ်ပြီး ဘာများဖြစ်တာလဲဆိုတဲ့ စိတ်နဲ့ ကားပေါ်ကဆင်းလာတော့ အိမ်ထဲက လူသုံးလေးယောက် ထွက် လာတယ်….

‘ဘာတွေဖြစ်နေတာလဲဗျ’ လို့ ကျနော်ထွက်လာတဲ့လူတယောက်ကို လှမ်းမေးလိုက်တော့ နေ့လယ် တစ်ချက်ထိုးလောက်က ကိုဦးဆုံးသွားလို့ဆိုပြီး အဲဒီလူက ပြန်ဖြေတယ်….

ထမင်းစားပြီး မူးတယ်မူးတယ်ဆိုပြီး လဲကျသွားလို့ အလုပ်သမားဆေးရုံပို့တာ ဆေးရုံရောက်တော့ ဆုံးနေပြီတဲ့ ….
ထွက်လာတဲ့လူတွေပြောတာ ကျနော်နားထောင်နေတုန်း ကိုဦးမိန်းမအိမ်ထဲက ထွက်လာတယ်….
ပြီးတော့ ‘အောင်မလေး အစ်ကိုရဲ့ …. ဟောဒီမှာ အစ်ကိုမျှော်နေတဲ့ကိုသားကြီး ရောက်လာပြီ… အစ်ကိုပဲ ကိုသားကြီးနဲ့ ဘီ ယာသောက်ရတာ သိပ်ပျော်တာပဲဆို… ကိုသားကြီး ရောက်လာပါပြီ အစ်ကိုရဲ့’ ဆိုပြီး အော်ငိုပါတော့တယ်….

‘ဟာ… အစ်မ…ဘယ်လိုဖြစ်တာလဲ… ဒုက္ခပဲ’ ဆိုပြီး ကျနော်ကိုဦး မိန်းမကို ထုံးစံအတိုင်း မေးပြီး အိမ်ထဲဝင်ခဲ့တယ်….

ကိုဦးမိန်းမက အကျိုးအကြောင်း ပြောပြတယ်….

ကျနော်လည်း သူပြောတာတွေ ဆယ့်ငါးမိနစ်လောက်နားထောင်ပြီး ညမှ ပြန်လာခဲ့ပါမယ်လို့ပြောပြီး အိမ်ထဲက ပြန်ထွက် ခဲ့ပါတယ်….
အပြင်မှာတော့ ကနားဖျင်းထိုးဖို့ ရပ်ကွက်ထဲက လူတွေ စီစဉ်နေကြတယ်….
ည ရှစ်နာရီလောက်မှ ကျနော်အိမ်ကနေ ကိုဦးဆီကို ပြန်ထွက်ခဲ့ပါတော့တယ်….။

ထုံးစံအတိုင်း မအူကုန်းလမ်းကျယ်တဝိုက် မှောင်မိုက်နေပေမယ့် အသုဘမို့ ကိုဦးရဲ့ဝပ်ရှော့ တော့ ထွန်းထားတဲ့မီးချောင်းတွေနဲ့ လင်းနေတယ်….

အပြင်မှာခင်းထားတဲ့ စားပွဲတွေကြားက ကျနော်ဖြတ်ပြီး ကိုဦးတို့ အိမ်ထဲဝင်ခဲ့တယ်….
ကိုဦးမိန်းမကို အိမ်ရှေ့ခန်းက အသုဘလာမေးသူတွေကြားမှာ တန်းတွေ့တယ်…
ကျနော် ထောင်ထားတဲ့ ကိုဦးဓာတ်ပုံရှေ့က ထမင်းပန်းကန်နဲ့ ဟင်းခွက်လေးကို ကြည့်နေတုန်း ကိုဦးမိန်းမ ကျနော့်ကို တွေ့သွားတယ်….

အဲဒီမှာပဲ ‘အောင်မလေးအစ်ကိုရဲ့ … ကိုသားကြီးလာပြီ… အစ်ကိုပဲ ကိုသားကြီးနဲ့ ဘီယာသောက်ဦးမယ်ဆို… ကိုသားကြီး လာပါပြီ အစ်ကိုရဲ့ ‘ ဆိုပြီး ကိုဦးမိန်းမ ထပ်ငိုပြန်ပါတယ်….
ကျနော် တော်တော်စိတ်ညစ်သွားတယ်…
ဒါပေမဲ့ ဝတ္တရားအတိုင်း ကိုဦးမိန်းမကိုနှစ်သိမ့်ပြီး စာအိတ်နဲ့အသင့်ထည့်လာတဲ့အသုဘ အကူငွေကို ကိုဦးမိန်းမလက်ထဲ ထည့်လိုက်ပါတယ်….

ပြီးတော့ အသုဘမှာ တစ်နာရီလောက်ထိုင်ပြီး ကျနော်အိမ်ပြန်လစ်ခဲ့ပါတော့တယ်…။
နောက်နှစ်ရက်မြောက်မှာတော့ ကိုဦးကို ရေဝေးမှာ သင်္ဂြိုဟ်တယ်…..
ကျနော်ကိစ္စရှိတာနဲ့ ကိုဦးအိမ်ကနေမလိုက်တော့ဘဲ ရေဝေးကိုပဲ တခါတည်း တန်းသွားတယ်…
အခေါင်းထဲရောက်နေတဲ့ကိုဦးကို ကျနော်အသုဘသွားရှုပြီး ကိုဦးမိန်းမကိုလည်း မျက်နှာ ခဏပြတယ်….
တော်သေးတယ်… ဒီတခါတော့ ကိုသားကြီးလာပါပြီ ထပ်မအော်လို့ …
နေ့လယ်နှစ်ချက်ထိုးတော့ ကိုဦးကို မီးသင်္ဂြိုဟ်ဖို့ လုပ်တယ်….
ကိုဦးမိန်းမဆီက စီခနဲ အသံထွက်လာတာနဲ့ ကျနော်သူ့မြင်ကွင်းမှာမနေဖို့ သတိထားရတယ်….
တော်ကြာ ကိုသားကြီးရဲ့ထပ်လုပ်နေဦးမယ်….
ကိုဦး အခေါင်းကို မီးသင်္ဂြိုဟ်ဖို့ အခန်းထဲထည့်ပြီး သံတံခါးကို ပိတ်လိုက်တာနဲ့ ကျနော့်ကားဆီ ကျနော်ပြန်ထွက်လာခဲ့တယ်….
ကိုဦးကတော့ နောက်ဆယ့်ငါးမိနစ်လောက်ဆို ပြာဖြစ်သွားတော့မယ်….
ပြာမဖြစ်သေးတဲ့ ကျနော်ကတော့ ကားပစ္စည်းသွားဝယ်ရဦးမယ်….
ကားပစ္စည်း သွားဝယ်ရဦးမယ် ။ ။

မောင်တမ်းတ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts