ဇင်လင်း သူတို့အာဘော်

ဇင်လင်း – ပြည်တွင်းစစ် အမြန်ရပ်ပါ၊ လူထုပုခုန်းပေါ် စစ်စရိတ်တွေ ထပ်မတင်ပါနဲ့

 

ဇင်လင်း – ပြည်တွင်းစစ် အမြန်ရပ်ပါ၊ လူထုပုခုန်းပေါ် စစ်စရိတ်တွေ ထပ်မတင်ပါနဲ့
(မိုးမခ) မေ ၁၀၊ ၂၀၁၇

လက်ရှိ မြန်မာနိုင်ငံမှာ စီးပွားရေး တည်ငြိမ်မှု မရှိ ဖြစ်နေရတဲ့ ကိစ္စဟာ နိုင်ငံရေး မတည်ငြိမ်မှုနဲ့ တိုက်ရိုက် အချိုးကျနေ ပါတယ်။ တနည်းပြောရရင် နှစ်ပေါင်း ၇၀ မျှ ရှည်ကြာခဲ့ပြီဖြစ်တဲ့ ပြည်တွင်းစစ်ကို ယနေ့တိုင် မရပ်နိုင်သေးပါ။ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးလည်း ယခုထိ မရရှိသေးပါ။ ဒါကြောင့် ငြိမ်းချမ်းရေးလည်း အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။ တိုင်းပြည် မငြိမ်းချမ်းသမျှ၊ တိုင်းရင်းသာ ပြည်သူလူထု သွေးစည်ညီညွတ်မှု မရှိသမျှ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ မဖြစ် နိုင်ပါ။ တောမီးလောင်ရင် တောကြောင် လက်ခမောင်းခတ်စမြဲပါပဲ။ ပြည်တွင်းစစ် ဖြစ်နေသမျှ၊ မူးယစ်ဆေးဝါး ရောင်းဝယ် ဖေါက်ကားမှုကလည်း ဆက်လက်ကြီးထွားနေမှာ ဖြစ်ပါတယ်။ ဒီ့အပြင် သစ် နဲ့ကျောက်စိမ်းအပါအ၀င် သယံဇာတ တရားမ၀င် ရောင်းဝယ်နေမှုတွေ၊ လူကုန်ကူမှုတွေ၊ အခြား တရားမ၀င် ဒုစရိုက် စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးလာမှာ သေချာပါတယ်။ ဒီတော့ အဲဒီလို ဥပဒေနဲ့မညီတဲ့ လုပ်ငန်းတွေဆီက ငွေမည်းအများစုဟာ ပင်မစီးပွားရေး လည်ပတ်မှု ဖြစ်စဉ်ထဲကို စီးဝင်နေမှာ သေချာပါတယ်။ ငွေမည်းတွေကို ခ၀ါချဖို့ ဒုစရိုက်စီးပွားရေးသမားတွေ ကြိုးစားကြမှာ အသေအချာပါပဲ။ ဒါကြောင့် ငွေကြေးဖေါင်းပွမှု ကို လွယ်လွယ်နဲ့ ထိန်းချုပ်မရနိုင်ဘဲ၊ သာမန် လက်လုပ်လက်စား ပြည်သူတွေ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ် ခံနေကြရခြင်းဖြစ်ပါတယ်။

ဒီ့အပြင် ငွေမည်းလည်ပတ်မှုကို အားပေးအားမြှောက်လုပ်နေတဲ့ အကျင့်ပျက် အရာထမ်း အမှုထမ်းတွေရဲ့ကိစ္စကိုလည်း လျှော့တွက်လို့ မရပါဘူး။ ဥပမာအားဖြင့် ဒီကနေ့ မြန်မာနိုင်ငံကို ဘေးကျပ်နံကျပ်ဖြစ်စေတဲ့ အနောက်တံခါး ကျိုးပေါက်မှု ကို မထောက်မညှာ ဝေဖန်ရရင် အကျင့်ပျက်လာဘ်စားတဲ့ အစိုးရအမှုထမ်းတွေကြောင့်လို့ ဆိုနိုင်ပါတယ်။ လုံခြုံရေးအရ တာဝန်ရှိတဲ့ ၀န်ထမ်းပိုင်းက လာဘ်ငွေယူပြီး အနောက်တံခါးကနေ လူကုန်ကူးမှု Human Trafficking) မှာ ပါဝင်ပတ်သက် ခဲ့တာဟာ တကယ့်မြေပြင် အခြေအနေ ဖြစ်ပါတယ်။ အလားတူ အရှေ့မြောက်တံခါးလည်း ကျိုးပေါက်ခဲ့ပါတယ်။ မူးယစ်ရာဇာတွေ အားကောင်းခဲ့တဲ့ အရှေ့မြောက်ဒေသမှာ လုံခြုံရေးအရ တာဝန်ရှိတဲ့ ၀န်ထမ်းပိုင်းက အကျင့်ပျက် လာဘ်စားခဲ့တာကြောင့် ဒီကနေ့ မန္တလေး နဲ့တကွ အထက်မြန်မာပြည်ဟာ တရုတ်လူမျိုးတွေ အမြောက်အများ စီးဝင် နေရာယူတာကို လက်ပိုက်ကြည့်နေရပါတယ်။ ဒီကိစ္စတွေအားလုံးဟာ တိုင်းပြည်ရဲ့ နိုင်ငံရေး စီးပွားရေး တည်ငြိမ်မှုတွေနဲ့ ဆက်စပ်နေပါတယ်။ အုပ်ချုပ်ရေး၊ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးကဏ္ဍ အသီးသီးက တာဝန်ရှိသူ အရာထမ်း အမှုထမ်းတချို့ နိုင်ငံအပေါ် သစ္စာမရှိမှုကြောင့်၊ အကျင့်ပျက် လာဘ်စားမှုကြောင့်၊ အခြားနိုင်ငံသား များ စိမ့်ဝင်မှုနဲ့အတူ ငွေမည်းပမာဏလည်း အမြောက်အများ ၀င်ခဲ့တာဖြစ်တယ်။ ငွေမည်းထုထည် ကြီးလေ ငွေကြေးဖေါင်းပွမှု မြင့်တက်လေ ပါပဲ။ အကျင့်ပျက်ခြစားမှု (Corrupting) လျော့ပါးသွားအောင် မလုပ်နိုင်ခြင်း၊ အကျင့်ပျက်ဝန်ထမ်းများကို အရေးယူမှု လျော့ရဲခြင်း တို့ကြောင့် တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆုတ်ယုတ်ရရုံမက၊ တရားမ၀င် လူမျိုးခြားတို့ဝင်ရောက် နေထိုင်မှုကိုလည်း ထိန်းမရဘဲ ဖြစ်နေပါတယ်။

အထူးသဖြင့် အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ အကျင့်ပျက်ခြစားမှု (Corrupting) တိုက်ဖျက်ရေးကို ဦးစားပေး ကိစ္စအဖြစ် ထိထိရောက်ရောက် လုပ်ဖို့လိုသလို၊ ငြိမ်းချမ်းရေးအမြန်ရရှိဖို့လည်း တပြိုင်နက် လုပ်ရမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး မရသေးသမျှ ကာကွယ်ရေးဝန်ကြီးဌာနက ဘတ်ဂျက်တွေက တနှစ်ထက် တနှစ်တိုးတောင်းလာနေဖို့သာရှိ ပါတယ်။ ဒုစရိုက် ၀ိသမ စီးပွားရေးသမားတွေကို မဖြိုခွင်းနိုင်တဲ့အတွက် ငွေမည်းစီးဝင်မှုလှိုင်းလုံးတွေကို တားဆီးဖို့လည်း ခက်ခဲပါလိမ့်မယ်။ အကျင့်ပျက်ဝန်ထမ်းတွေကို အရေးမယူတဲ့အတွက် ငွေမည်းတွေ တိုးတက်စီးဝင်နေမှာဖြစ်ပြီး၊ အစိုးရအနေနဲ့ ငွေကြေး ဖေါင်းပွမှုကို ထိန်းချုပ်ဖို့ မလွယ်ပါ။ ငွေကြေးဖေါင်းပွမှု မြင့်လာလေ၊ ပြည်တွင်း ကုန်ထုတ်လုပ်မှု ကျဆင်းလေ ဖြစ်တတ်ပါတယ်။ ကုန်ထုတ်လုပ်မှု ကျတဲ့အခါ ကုန်ဈေးနှုန်းလည်း ဆက်ကာ ဆက်ကာ တက်လေ့ရှိပါတယ်။ ဒီတော့ စစ်သည် အင်အား လေးသိန်းကျော်ရှိတဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ နှစ်စဉ်ဘတ်ဂျက် ကိန်းဂဏန်းတွေလည်း ကြီးမားလာဖို့သာရှိပါတယ်။

NLD အစိုးရ ဒုတိယနှစ် သက်တမ်း အတွင်း မြန်မာနိုင်ငံစီးပွား ရေး ဖွံ့ဖြိုးတိုးတက်မှုများ ရှိလာလိမ့်မယ်လို့ မျှော်မှန်း ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်(ADB) ရဲ့ ၂၀၁၇ အတွက် စီးပွားရေးမျှော်မှန်းချက် မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် တဖက်မှာ ငွေကြေးဖောင်းပွမှုအခြေအနေက စိန်ခေါ်နေတာကိုလည်း သတိထားဖို့ လိုတယ်လို့ ဆိုထားပါတယ်။

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း(GDP) ဟာ ၂၀၁၇ ခုနှစ်မှာ (၇ . ၇ ရာခိုင်နှုန်း) ရှိမယ်လို့ ဟု အာရှဖွံ့ဖြိုးရေး ဘဏ်က မျှော်မှန်းထားပြီး၊ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ ဖြိုးမှု (၇ . ၁ ရာခိုင်နှုန်း) ခန့် ရှိမယ်လို့ ခန့်မှန်းထားတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ ငွေကြေး ဖောင်းပွမှုနှုန်း ဟာ ၂၀၁၆ က (၆ . ၅ ရာခိုင်နှုန်း) ရှိပြီး၊ ၂၀၁၇ တွင် (၇ ရာခိုင်နှုန်း) အထိ မြင့်တက်လာနိုင်ကြောင်းလည်း ADB က မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။ စီးပွားရေးဖွံ့ဖြိုးမှု အလားအလာက မသေချာပေမယ့် ငွေကြေး ဖောင်းပွမှု (Inflation) နှုန်း မြင့်တက်လာနေတာကတော့ သေချာသလို ဖြစ်နေပါတယ်။

တချိန်တည်းမှာ လူတစ်ဦးပျမ်းမျှဝင်ငွေ (Per Capita Income) အခြေအနေကို နှိုင်းယှဉ် ကြည့်ရင်၊ စင်ကာပူနိုင်ငံရဲ့ လူတစ်ဦး ပျမ်းမျှဝင်ငွေ ၅၂,၈၈၉ ဒေါ်လာ၊ တောင်ကိုရီးယားနိုင်ငံ ၂၇,၂၂၂ ဒေါ်လာ၊ မလေးရှားနိုင်ငံ ၉,၇၆၆ ဒေါ်လာ၊ ထိုင်းနိုင်ငံ ၅,၈၁၆ ဒေါ်လာရှိပြီး၊ မြန်မာနိုင်ငံက ၁,၂၀၄ ဒေါ်လာခန့်သာ ရှိတာ တွေ့ရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ လူတစ်ဦးချင်းပျမ်းမျှဝင်ငွေ (Per Capita Income) အခြေအနေဟာ အလွန် နိမ့်ကျနေတာ တွေ့နိုင်ပါတယ်။

ဒီအနေအထားက မြန်မာနိုင်ငံဟာ ဆင်းရဲမွဲတေမှုလျှော့ချနိုင်ခြင်း မရှိသေးကြောင်း ပေါ်လွင်နေပါတယ်။ အိမ်နီးချင်းထိုင်းနဲ့ မလေးရှားတို့ အဆင့်ရဲ့ ထက်ဝက်မျှကို မှီအောင်တောင် အတော်ကြီးကြိုးစား အားထုတ်ရဦးမယ့် အခြေအနေဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့အဆင်းရဲဆုံးနဲ့ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ(Least Developed Country-LDC) အဖြစ်က ရုန်းထွက်နိုင်ရေး အတွက် မြန်မာနိုင်ငံဟာ ဘက်ပေါင်းစုံက ကြိုးစားရမှာ ဖြစ်ပါတယ်။

ဒါကြောင့် အထက်မှာ ဆိုခဲ့ တဲ့ နိုင်ငံရေးတည်ငြိမ်မှု ဟာ စီးပွားရေးမူဝါဒချမှတ်ရာမှာ အလွန် အရေးပါ ရုံမက လူမှုစီးပွားရေးဘ၀ တိုးတက်ဖွံ့ဖြိုးရေး ဆောင်ရွက်ရာမှာလည်း ပဓါနကျတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ လွှမ်းခြုံသုံးသပ်ရရင် NLD အစိုးရက ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံကျင်းပပြီး နိုင်ငံရေး တည်ငြိမ်မှုကို ဦးစားပေး ဆောင်ရွက်ခြင်းဟာ မှန်ကန်တဲ့ လမ်းစဉ်ဖြစ်ပါတယ်။ Least Developed Country ဘ၀က လွတ်မြောက်ရေးအတွက် အရင်ဆုံး လုပ်သင့်တာကလည်း နိုင်ငံရေး တည်ငြိမ်မှုရှိရေးပါပဲ။ မြန်မာနိုင်ငံဟာ ကမ္ဘာမှာရော အာရှဒေသမှာပါ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျ ကျန်ရစ်တာ ထင်ရှားနေပါတယ်။

ဒါကြောင့် ‘နိုင်ငံရေးတည်ငြိမ်မှု’ ရှိလာရေး အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်စေဖို့ သက်ဆိုင်သူအားလုံး ၀ိုင်းဝန်း ဆောင်ရွက်ကြရပါလိမ့်မယ်။ ‘နိုင်ငံရေး တည်ငြိမ်မှုရေး’ သို့မဟုတ် ‘ငြိမ်းချမ်းရေးရရှိရေး’ ကိစ္စကိုသာ အောင်မြင် အောင် လုပ်နိုင်ခဲ့ရင် ကာကွယ်ရေးစရိတ် လျှော့ချ နိုင်ဖွယ်ရှိပြီး၊ စီးပွားရေး ကဏ္ဍလည်း ကျွဲကူးရေပါ တိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါဆိုရင် တပ်မတော် ခေါင်းဆောင်ပိုင်း အနေနဲ့လည်း အမြော်အမြင်ရှိရှိ၊ နိုင်ငံနဲ့ ပြည်သူ့အကျိုးကို ရှေးရှုပြီး၊ အမြန်ဆုံး စစ်ပွဲတွေ ရပ်သွားအောင် NLD အစိုးရနဲ့ လက်တွဲဆောင်ရွက်သင့်ပါတယ်။ မိမိတို့ အဖွဲ့အစည်းအကျိုးနဲ့ မိမိတို့နိုင်ငံ အကျိုး ယှဉ်လာရင် နိုင်ငံအကျိုးကို ဦးစားပေးရိုးရှိတဲ့အတွက် တပ်မတော် ခေါင်းဆောင်များအနေနဲ့ မိမိတို့ သစ္စာဓိဋ္ဌာန် ပြုချက်အတိုင်း ပြည်သူ့အကျိးကို ရှေးရှုပြီး နိုင်ငံတည်ငြိမ် အေးချမ်းအောင်အားထုတ်ဖို့လိုပါတယ်။

အထူးသဖြင့် ဘတ်ဂျက် Deficit နဲ့ Trade Deficit တွေကြောင့် တိုင်းပြည် ဆင်းရဲဒုက္ခ ကြုံတွေ့ခံစားနေရချိန်မှာ ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွားနေခြင်းဟာ အလွန် ဆိုးရွားတဲ့ ကိစ္စဖြစ်ပါတယ်။ လက်ရှိ NLD အစိုးရလက်ထက်မှာ ကာကွယ်ရေးဘတ်ဂျက်ကို စိစစ်လျှော့ချခြင်းမရှိဘဲ ပိုတိုးပေးခဲ့တယ်လို့ ‘တကောင်း နိုင်ငံရေးလေ့လာမှုအဖွဲ့’ (Tagaung Institute of Political Studies) ရဲ့ စစ်တမ်းတရပ်က ဖော်ပြထားကြောင်း Daily Eleven သတင်း အရသိရပါတယ်။ ‘တကောင်းနိုင်ငံရေး လေ့လာမှု အဖွဲ့’ နဲ့ ‘မြန်မာ့မဟာဗျူဟာလေ့လာရေးစင်တာ’ (Myanmar Center for Strategic Studies) တို့ ပူးပေါင်းထုတ်ဝေတဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ကာကွယ် ရေး အသုံး စရိတ် လေ့လာချက် စာတမ်းမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်တဲ့ လွှတ်တော်က ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ တင်သွင်းတဲ့ ကာကွယ်ရေးဘတ်ဂျက်ကို စိစစ် လျှော့ချမှု ပြုလုပ်နိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။ အစိုးရသစ်ရဲ့ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေး ဘတ်ဂျက်ကို သတ်မှတ်ထားခဲ့တဲ့ ပမာဏထက် တိုးပေးခဲ့ပြီး၊ ဒီဇင်ဘာလမှာလည်း နောက်တိုး ထပ်မံတောင်းခံငွေကို အတည်ပြုခဲ့တယ် လို့ ဆိုပါတယ်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေး ၀န်ကြီးဌာနမှ တင်သွင်းတဲ့ ဘတ်ဂျက်ကို စိစစ်ဖို့ NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမေ၀င်းမြင့် ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၄ ဦးပါအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးဝန်ကြီးဌာနက သာမန်အသုံးစရိတ်အတွက် ကျပ်သန်း ၁၆၅၅.၄၃၆ တင်ပြတောင်းခံခဲ့ပြီး လွှတ်တော်က ၁ ဘီလီယံပဲ စိစစ်လျှော့ချပြီး ၁၆၅၄.၄၃၆ ဘီလီယံ ခွင့်ပြုခဲ့ကြောင်း သတင်းကဆိုပါတယ်။ ငွေလုံးငွေရင်း အသုံးစရိတ်အတွက် ကျပ် ၁၂၅၀.၈၆၅ ဘီလီယံ တင်ပြတောင်းခံခဲ့ပြီး လုံးဝ အဖြတ်အတောက်မရှိဘဲ ခွင့်ပြုခဲ့ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံထားတဲ့ ငွေလုံးငွေရင်း အသုံးစရိတ်ထဲမှာ စက်ပစ္စည်း အသုံးစရိတ်ကို ကျပ်ဘီလီယံ ၁,၀၀၀ ကျော် သတ်မှတ်ထားတယ်လို့ စာတမ်းမှာ ဖော်ပြထားပြီး ဒီထဲမှာ စစ်လက်နက်ဝယ်ယူဖို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ကမ္ဘာနိုင်ငံပေါင်း ၁၂၇ နိုင်ငံ ရဲ့ စစ်အင်အားတွေကို နှိုင်းယှဉ်ဖော်ပြထားတဲ့ Global Fire Power (GFP)ရဲ့ ၂၀၁၇ ခုနှစ် ညွှန်းကိန်းအရ မြန်မာ့တပ်မတော်ဟာ ကမ္ဘာမှာ စစ်အင်အားကြီးမှု အဆင့်(၃၂) မှာ ရှိနေတယ်လို့ ဆိုပါတယ်။ GFP ညွှန်း ကိန်းအရ အမေရိကန်က စစ်အင်အား ထိပ်ဆုံးမှာ ရပ်တည်နေ ပါတယ်။ ဆိုမာလီယာက အောက်ဆုံး အဆင့် ၁၂၆ နဲ့ ဗဟိုအာဖရိက သမ္မတနိုင်ငံက အဆင့် ၁၂၇ ဖြစ်ပါတယ်။ Least Developed Country(LDC) ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျတဲ့ မြန်မာနိုင်ငံက စစ် အင်အား ကမ္ဘာ့အဆင့်(၃၂) ရှိချိန်မှာ ချမ်းသာကြွယ်ဝတဲ့ နယူးဇီလန်နိုင်ငံရဲ့ စစ်အင်အားက ကမ္ဘာ့အဆင့်(၁၀၁) ဖြစ်ပါတယ်။ နယူးဇီလန်နိုင်ငံက ကမ္ဘာမှာ အစိုးရ ပွင့်လင်းမြင်သာမှု (Transparency) အရှိဆုံး နဲ့ လာဘ်ပေးလာဘ်ယူခြစားမှု (Corruption) အကင်းစင်ဆုံး ကမ္ဘာ့နံပါတ်(၁)နိုင်ငံ ဖြစ်တာကို သတိပြု နှိုင်းယှဉ် ကြည့်သင့် ပါတယ်။

GFP ရဲ့ ၂၀၁၇ စာရင်းအရ မြန်မာတပ်မတော်မှာ စစ်သား ၄၀၆,၀၀၀ ယောက်ရှိပြီး၊ တင့်ကား ၅၉၂ စီး၊ သံချပ်ကာယာဉ် ၁,၃၅၈ စီး၊ အမြောက်လက်နက် ၁,၃၀၀ ခန့်၊ တိုက်လေယာဉ် ၅၆ စီးအပါအ၀င် စစ်ဖက်သုံးလေယာဉ် ၂၄၉ စီး နဲ့ စစ်ရေယာဉ်မျိုးစုံ ၂၀၃ စီးရှိတယ်လို့ ဆိုပါတယ်။ မြန်မာ့ကာကွယ်ရေးအသုံးစရိတ် GFP ညွှန်းကိန်းအရ ဒေါ်လာသန်းပေါင်း ၂,၄၀၀ ရှိတယ်လို့ ဆိုပါတယ်။ တချိန်ထဲမှာ နိုင်ငံတကာကြွေးမြီက ဒေါ်လာ ၉,၀၄၁ သန်း ရှိကြောင်း ဖေါ်ပြထားပါတယ်။

ဒီအခြေအနေ အခင်းအကျင်းတွေကို လေ့လာကြည့်ရင် မြန်မာနိုင်ငံအနေနဲ့ ပြည်ပရန် မရှိဘဲ စစ်အင်အား ကြီးမားလွန်းနေ တာတွေ့ရတယ်။ ဖြစ်သင့်တာက အမျိုးသားပြန်လည်သင့်မြတ်ရေးကို ခိုင်ခိုင်ခန့်ခန့်တည်ဆောက်ဖို့နဲ့ ငြိမ်းချမ်းရေး ရရှိ ရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲတွေ စဉ်ဆက်မပြတ်လုပ်ဖို့ ဖြစ်ပါတယ်။ အားလုံး စေတနာသန့်သန့်နဲ့ ငြိမ်းချမ်းရေး ရည်မှန်းချက်တူညီကြတယ်ဆိုရင် အနှေးနဲ့အမြန် ငြိမ်းချမ်းရေးရရှိနိုင်ပါတယ်။ နိုင်ငံနဲ့ပြည်သူအပေါ် တကယ် စေတနာ ထားရင် စစ်ပွဲတွေရပ်ဖို့ ကိစ္စမှာ အယူသီးမှု တယူသန်မှု ပုဂ္ဂလဒိဋ္ဌာန်အစွဲသန်မှုတွေကို လျှော့ချကြဖို့လိုပါတယ်။

ဒီကနေ့ တိုင်းပြည် ဆင်းရဲမွဲတေနေရတာ စစ်စရိတ် ကာကွယ်ရေးစရိတ်တွေ မတန်တဆကျခံနေရလို့ဖြစ်တယ်။ ပြည်သူတွေ လူတန်းစေ့ မနေနိုင်ကြတာလည်း ဒီစစ်စရိတ် ၀န်ထုပ်ဝန်ပိုးကို ထမ်းနေရလို့ပါပဲ။ ဒါကြောင့် ကမ္ဘာနိုင်ငံပေါင်း ၁၂၇ နိုင်ငံ ရဲ့ စစ်အင်အားတွေကို နှိုင်းယှဉ်ဖော်ပြထားတဲ့ Global Fire Power (GFP) ၂၀၁၇ ခုနှစ် ညွှန်းကိန်းမှာ မြန်မာ့တပ်မတော် က အဆင့်(၃၂) မှာ ရှိနေခြင်းဟာ ဂုဏ်ယူစရာ မဟုတ်ပါ။ ရှက်စရာကိစ္စသာ ဖြစ်ပါတယ်။ ပြည်သူတွေ ဆင်းရဲချို့တဲ့နေစဉ် မှာ စစ်စရိတ်တိုးမြှင့် ဖြုန်းတီးခြင်းဟာ မသင့်တော်ပါ။

ဒီကနေ့ ကမ္ဘာ့ အနေအထားအရ နိုင်ငံတကာနဲ့ သံခင်းတမန်ခင်း ဆက်ဆံရေးအရ ပိုမိုကောင်းမွန်အောင် ထူထောင်ခြင်းနဲ့ ကုန်သွယ်ရေး စီးပွားရေးတိုးချဲ့ဆက်သွယ်ခြင်းတို့က စစ်တပ် တိုးချဲ့တာထက် ပိုမို ကောင်းမွန်တဲ့ခေတ်ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံနဲ့ပြည်သူတို့ဘ၀ ငြိမ်းချမ်းသာယာရေးအတွက် ပြည်တွင်းစစ်အမြန်ရပ်စဲပါ။ ကာကွယ်ရေးဘတ်ဂျက်ကို အနိမ့်ဆုံးသို့ လျှော့ချပါ။ ပြည်သူလူထု ပုခုန်းပေါ်မှာ စစ်စရိတ် ၀န်ထုပ်ဝန်ပိုးတွေ မတန်တဆတင်ထားသမျှ မြန်မာနိုင်ငံဟာ ဆင်းရဲတွင်းနက်မြဲ နက်နေဦးမှာဖြစ်တဲ့ အချက်ကို နိုင်ငံ ခေါင်းဆောင်တာဝန်ယူထားသူများ အလေးအနက် စဉ်းစားကြဖို့ လိုနေပြီဖြစ်ကြောင်းပါ။။။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts