မောင်မိုးသူ

မိုးနတ်မင်းကယ်ပါနှင့် မောင်မိုးသူ

မိုးနတ်မင်းကယ်ပါနှင့် မောင်မိုးသူ
(ကုမုဒြာဂျာနယ်) မိုးမခ၊ မေ ၈၊ ၂၀၁၇

မောင်မိုးသူက သတင်းသမားမဟုတ်လား။ အချိန်ပြည့် သတင်းတွေကို ဖွင့်ကြည့်နေတာ။ နောက်ဆုံးရောဂါဖြစ်တဲ့ လူမှုကွန်ရက်ဆိုတဲ့ ဖေ့စ်ဘုတ်ခ်ကိုတော့ မောင်မိုးသူ မကြည့်ဘူးခင်ဗျ။ သုံးလည်း မသုံးဘူး။ ကြားရတဲ့သတင်းတွေနဲ့ပဲ ဖေ့စ်ဘုတ်ခ်ကို လန့်နေပြီ။

ဖေ့စ်ဘုတ်ခ်သတင်း ၊ အဲလေ အတင်းတွေကို ဖြေရှင်းချက် တောင်းလိုတောင်း၊ လိုက်ခ်လုပ်ရင်း ရန်ဖြစ်သူဖြစ်၊ သမီးရည်းစားတွေ ဖြစ်တာဖြစ်ကြ၊ ဆဲတာဆိုတာ တောင်ဖြစ်ကြ၊ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံရသူတွေ ခံရဆိုတော့ မောင်မိုးသူ ခေတ်မမီ ချင်နေပါစေတော့။ ရာဇဝင်ထဲမှာ မောင့်ကို ထားခဲ့လို့ ပြောချင်ပြောပေတော့။ အိမ်မှာ ရှိတဲ့လူတိုင်း သူတို့ရဲ့ လက်ကိုင်ဖုန်းတွေပဲ ပွတ်ပွတ်နေကြတာ။ မိသားစု ထမင်းစား ဝိုင်းတောင် အတော်ကူးစက်နေပြီခင်ဗျ။

အဲမိသားစုထမင်းဝိုင်းသာမကပါဘူး။ အရင်က မောင်မိုးသူတို့ လက်ဖက်ရည် ဆိုင် က သောကြာဝိုင်းမှာတောင် တိုင်းရေး ပြည်ရေး နိုင်ငံရေးသတင်းဖလှယ်ကြ၊ ငြင်းခုံကြလုပ်ကြတဲ့အစား ဖုန်းကို ပွတ်ပွတ်နေတဲ့ လူတွေကရှိသေးသကိုး။

သူတို့က မောင်မိုးသူ ကိုင်ထားတဲ့ ဆမ်ဆောင်းဖုန်းကြီးက ဒိတ်အောက်နေပြီတဲ့။ လဲကိုင်ပါတဲ့။ သည်တော့ မောင်မိုးသူက ဘာလဲဘက်ထရီက ပေါက်ကွဲတယ်ဆိုတဲ့ ၇ ကို ကိုင်စေချင်တာလား၊ အမှာစာခေါ်နေတဲ့ ၈ ကို ကိုင်စေချင်တာလားဆိုတော့ အံမယ်တို့ဘကြီးက သိသားပါလားလို့ ပြောကြရဲ့။ စကားမပြောချင်လို့ မပြော ဘဲ နေတာပါ မောင်ရယ်။ ပြောတတ်သမှ။ သတင်းသမားပဲသိတာပေါ့။ “အတင်းအဖျင်းသမား မဟုတ်လို့ ဖေ့စ်ဘုတ်ခ်သတင်းကို အတည် ပေါက် ယုံမိသွားမှာစိုးလို့ကွ ပြောလိုက်ချင်သေး။

ထားပါ ထားပါ။ သတင်းပုန်းတစ်ခုက ထုတ်လွှင့်တဲ့ သတင်းသုံးပုဒ်ကို အကြောင်း ပြုပြီး ပြောချင်တာပါ။

တစ် သတင်းကတော့ ငါးသားပေါက် ချိန်ကာလမှာ ငါးမဖမ်းရ။ ငါး သုံးလမဖမ်း ရဆိုတဲ့ အမိန့်ကြောင့် အိမ်ခြေ ၇၀ လောက်သာရှိတဲ့ ရေလုပ်ငန်းနဲ့ပဲ တစ်သက်လုံး အသက်မွေးဝမ်းကျောင်း ပြုလုပ်လာကြတဲ့ မိသားစုတွေ စားဝတ်နေရေး ဒုက္ခရောက်ကြသတဲ့။ အတော်ခွကျတဲ့ ကိစ္စပဲဗျ။ ငါး သား ပေါက်ချိန် သုံးလ ငါးမဖမ်းရဆိုတဲ့ လုပ်ရပ်ဟာ မှန်ကန်တဲ့လုပ်ရပ်။ ဒါမှ ငါး မျိုးစိတ်တွေ မတုံးတော့မှာပေါ့။
ဒါပေမဲ့လည်း ဒါပေမဲ့ သည်အလုပ်ပဲ သေတစ်ပန်သက်တစ်ဆုံး လုပ်စားလာတဲ့ သူတွေကို ဘယ်လို ကူညီဖြေရှင်းပေးမလဲ ဆိုတဲ့အဖြေကို ပရဟိတအကူအညီပေး ခြင်းနဲ့ ရပ်ဆိုင်းခြင်းက ပူးတွဲလုပ်သင့်သလားလို့ပါ။ ဒါ့ကြောင့် မိုးနတ်မင်းကယ်ပါလို့ ပြောတာပါ။

မောင်မိုးသူလည်း မိသားစုနဲ့အတူ ကိုရီးယားဇာတ်ကားတွေ ကြည့်ရဖန်များလို့ ဘာပြဿနာပဲဖြစ်ဖြစ် မိုးနတ်မင်းကိုပဲ အကူအညီတောင်းချင်နေတတ်တာကလား။

နောက် သတင်းတစ်ခုကတော့ ကျောက်မိုင်းတွေ ပိတ်ပင်ရပ်ဆိုင်းလိုက်လို့ ကျောက်မိုင်းလုပ်သားတွေ စားဝတ်နေရေး ခက်ခဲနေလို့ ဆန္ဒပြကြတဲ့ သတင်းမှာ ကျောက်မိုင်းတွေ အကုန်လုံးပိတ်တာ မဟုတ်ပါဘူးတဲ့။ လိုင်စင်တောင်မယူဘဲ လုပ်ချင်သလိုလုပ်နေတဲ့ မိုင်းတချို့ပဲ ပိတ်တာပါတဲ့။ အဲသလို ဘယ်သူတွေက လုပ်နေတာလဲဆိုတော့ သိဘူးလေတဲ့။

ထားပါ ထားပါ။ ကျောက်မိုင်းလုပ်သားတွေကကော ဟို ရေ လုပ်ငန်းရှင်တွေလို တကယ်လုပ်သူတွေ ဟုတ်ရဲ့လား။ အခု တစ်လောမှာ ဆန္ဒပြပွဲတိုင်းကို မယုံရဲတော့ဘူး ဖြစ်နေတယ်။
မြေယာပြဿနာမှာ မြေသိမ်းသူက တပ်ပိုင်မြေအဖြစ် သိမ်းတာတဲ့။ စီမံကိန်းအတွက်ဆိုပြီး သိမ်းတာတဲ့။ စီမံကိန်းက မဖြစ်စလောက်ပဲ စတိပဲလုပ်ပြီး ကျန်တာတွေကို လုပ်ငန်းရှင်တွေ ရောင်းစားထား လို့ တောင်သူလယ်သမားက ဆန္ဒပြ တောင်းဆိုနေတာတဲ့။

တပ်ကလည်း သူ့တာဝန်မဟုတ်တော့ ဘူးလို့ပြော၊ လုပ်ငန်းရှင်ကတော့ သူလည်း တန်ရာတန်ဖိုးပေးပြီး ဝယ်ထားလို့ သူ ပိုင်တယ် ပေါ့။ ရှုပ်နေတာပဲခင်ဗျ။ ဒါ့ ကြောင့် မိုးနတ် မင်းကယ်ပါလို့ ပြောနေရ တာပေါ့။
အဲ နောက်ထပ် အများဆုံးဖြစ်နေတဲ့ ဆန္ဒပြမှုတွေကတော့ အလုပ်ရှင် အလုပ်သမားကြားမှာ ဖြစ်နေတဲ့ပြဿနာပဲခင်ဗျ။ နေ့စားလုပ်ခကို ကျပ် ၃၆၀ဝ မကိုက်တော့ ဘူး။ လူနေမှုစရိတ် ကြီးမြင့်လာသလို ကုန် ဈေးနှုန်း ကြီးမြင့်လာလို့ စားဝတ်နေရေး အတွက် လုပ်ခပိုတိုးပေးဖို့နဲ့ ILO စည်း ကမ်းအတိုင်း လုပ်သားအခွင့်အရေး၊ ဝန် ဆောင်မှုတွေပေးဖို့တို့၊ တစ်နေ့ ရှစ်နာရီ ထက် ပိုမခိုင်းဖို့တို့၊ ပိုခိုင်းရင် အိုဗာတိုင် ကြေး ပေးရမယ်တို့။

သည် အလုပ်သမား အလုပ်ရှင် ပြဿနာမှာလည်း အလုပ်သမား အလုပ်ရှင်သာမက ကြားက ဖျန်ဖြေရေး ကော်မရှင်ဆိုသဟာတောင် ပါလာသေး။
နောက်ဆုံးတော့ မောင်မိုးသူရဲ့ လက်သုံးစကားပဲ မိုးနတ်မင်းကယ်တော်မူပါ ပေါ့။ ကယ်ပါဆိုတာ သူတောင်းစားကို ပြောတာ မဟုတ်ဘူးနော်။
နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ သီးနှံသတင်းပဲခင်ဗျ။ ဆန်ကို သည်နှစ် နိုင်ငံတကာကို တိုးမြှင့်ရောင်းချဖြစ်မယ်တဲ့။

ဝမ်းသာစရာပေါ့လေ။ ဒါပေမဲ့ ပြည်တွင်းဈေးကွက်မှာတော့ ဆန်ဈေးက တက်နေတယ်ခင်ဗျ။ ဝယ်စားနေရတဲ့ မောင်မိုးသူတို့ တစ်တွေအတွက်တော့ မိုးနတ်မင်းကယ်ပါပေါ့။
ဆန်ကို အရင်က တရုတ်ပြည်ကိုပဲ အ ဓိကထားပို့ ရတာတဲ့။ ပြီးတော့ ကုန်းလမ်းကပဲ ပို့တာတဲ့။ တရုတ်က ဆန်အဝယ်ရပ်လို့ ပြဿနာ အတော်ကြီးကြီး ဖြစ်လိုက်သေးလေ။
နောက်တော့ တရုတ်ပြည်ကိုရော တခြားနိုင်ငံတကာတွေကိုပါ ရေလမ်းက တင်ပို့ဖို့ စီစဉ်နေသတဲ့။ ဝမ်းသာရမှာလား၊ ဝမ်းနည်းရမှာလား မိသိန်းကြည် ဖြစ်နေပေါ့။

နိုင်ငံခြားဆန်တင်ပို့နေလို့ ဝမ်းသာရ ပေမဲ့ ပြည်တွင်းဆန်ဈေးတက်နေလေတော့ အမှန်တကယ် ဆန် အဲလေ ထမင်း စားသုံးသူ မောင်မိုးသူအတွက် အဆင်မပြေဘူး။ ဆန်ဈေးနဲ့ စားသောက်ကုန်နဲ့တကွ အားလုံးသော အထွေထွေ ကုန်ဈေးနှုန်းက မြင့်တက်နေပေမဲ့ မောင်မိုးသူတို့ ဆောင်းပါးရှင်တွေအတွက်တော့ ဆောင်းပါးခကို ဘယ်သူကမှ တိုးမြှင့်မပေး ဘူးလေ။

မောင်မိုးသူရဲ့ ကွယ်လွန်သူသူငယ်ချင်းတင်မိုးက တစ်ခါက စိတ်ဆိုးဒေါသဖြစ်ပြီး မောင်မိုးသူတို့ ဆောင်းပါးတစ်ပုဒ်ကို ကျပ် ၁၅၀ ရနေချိန်မှာ သူက ကဗျာကို ၂၅ ကျပ်ပဲပေးလို့ ၁၀ဝ မပေး ကဗျာမရေးဘူးလို့ ဆန္ဒပြဖူးတယ်ခင်ဗျ။ မောင်မိုးသူ လည်း ဆန္ဒပြဦးမှထင်ရဲ့။

မိုးနတ်မင်းကယ်ပါနှင့် မောင်မိုးသူပါ။

မောင်မိုးသူ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts