ကဗျာ

ကမ်လူဝေး – ဘုရားသခင်ပေးတဲ့ဘဝ

Photo – Aung Htet

ကမ်လူဝေး – ဘုရားသခင်ပေးတဲ့ဘဝ
(မိုးမခ) မေ ၆၊ ၂၀၁၇

နားမလည်နိုင်ဘူးလို့ ပြောတဲ့သူကို
နားမလည်နိုင်ဘူး
စဉ်းစားမရဘူးလို့ ပြောတဲ့သူကို
စဉ်းစားမရဘူး
တကယ်က
နားမလည်ရင် နားလည်အောင်ကြိုးစား
စဉ်းစားဆုံးဖြတ်ရမှာ မဟုတ်လား။

နွေအပူဟာ
လူကို အရည်ပျော်အောင်
ဆူပွက်စေတယ်။

ပယ်ချလို့ပြဿနာအရာရာ ပြေလည်မယ်ဆို
မွေးကတည်းက ပယ်ချတယ်ဆိုတဲ့စကားလုံးတခုကိုပဲ
အကောင်းဆုံး သင်ယူခဲ့ပါတယ်။

ငါတို့ကြိုးစားပမ်းစား ရှာနေခဲ့တဲ့ ချွေးနှဲစာဟာ
ဂျပန်ပြည်အမှိုက်ပုံက ပစ္စည်းလောက်သာဝယ်နိုင်ပေမဲ့
ငါတို့မှာ ကျေနပ်ပျော်ရွှင်နေရ
လောကနိဗ္ဗာန်။

မိတ်ဆွေ
နေပူတယ် ရင်ဆူတယ်
အသက်ရှည်ရှည်နေဖို့
ကိုယ့်အသက်ကိုယ် ပိုးမွေးသလို စောင့်ရှောက်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ၂၀၁၇ ထုတ်ပြန်ချက်မှာ
ကျန်းမာရေးစောင့်ရှောက်မှုအဆင့်
အနိမ့်ဆုံး နောက်ဆုံးဆင့်နဲ့
သတ်မှတ်ဖော်ပြခံရတဲ့တိုင်းပြည်မှာ
ခင်ဗျား ရှင်သန်နေရတယ်ဆိုတာ
နားလည်နိုင်ပါရဲ့လား။ ။

ကမ်လူဝေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts