သတင်းပဒေသာ

အောင်ငြိမ်းချမ်း (Myanmar Now) ● စစ်တွေအခြေစိုက် သတင်း သမား အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရ

အောင်ငြိမ်းချမ်း (Myanmar Now) ● စစ်တွေအခြေစိုက် သတင်း သမား အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရ
(မိုးမခ) မေ ၃၊ ၂၀၁၇

ရန်ကုန် (Myanmar Now) – ရခိုင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အကြောင်း သတင်းတစ်ပုဒ် ရေးသားခဲ့ပြီးတဲ့နောက်မှာ စစ်တွေမြို့က သတင်းသမားတစ်ယောက်ဖြစ်တဲ့ ကိုနေမင်းအောင် (ခေါ်) ကိုမင်းမင်းဟာ အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ ခြိမ်းခြောက်စာတွေကို လက်ခံရရှိနေတယ်လို့ သိရပါတယ်။

သူကတော့ ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် Root Investigative Agency (RIA) သတင်းဌာနရဲ့ တည်ထောင်သူနဲ့ အယ်ဒီတာချုပ် ကိုနေမင်းအောင် (ခေါ်) မင်းမင်းဖြစ်ပြီး ဒေသခံ တက်ကြွလှုပ်ရှားသူတွေ အဖမ်းခံရတဲ့အမှုဟာ လက်နက် ကိုင်အဖွဲ့နဲ့ ဆက်နွယ်နေတယ်ဆိုတဲ့သတင်းကို ဧပြီ ၁ဝ ရက်နေ့မှာ ထုတ်ဝေခဲ့တဲ့နောက်ပိုင်း စတင်ခြိမ်းခြောက်ခံရတာလို့ ဆိုပါတယ်။

 

Root Investigative Agency သတင်းဌာန အယ်ဒီတာချုပ် ကိုနေမင်းအောင် (ခေါ်) ကိုမင်းမင်း 

(ဓာတ်ပုံ – အောင်နိုင်စိုး/RIA)

ဒီသတင်းဌာနက စာဖတ်ပရိတ်သတ်များသို့ အသိပေးခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧပြီလ ၂၁ ရက်နေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး၊ အဲဒီ ထုတ်ပြန်ချက်ထဲမှာ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရတယ် ဆိုတဲ့အကြောင်း ထည့်သွင်းရေး သားခဲ့တာပါ။

“ကျွန်တော်  သိုသိုသိပ်သိပ်ပဲ နေရတယ်။ ရုံးသွားတက်တာတောင်မှ တစ်ပါတ်မှာ နှစ်ရက်လောက်ပဲ တက်တယ်။ အခြေ အနေကြည့်ပြီးတော့ တတ်နိုင်သမျှ အိမ်ကပဲလုပ်တယ်” လို့ ကိုမင်းမင်းက ပြောပါတယ်။

၂ဝ၁၆ ခုနှစ် မတ်လ ၁ဝ ရက်နေ့က  စစ်တွေမှာရှိတဲ့ ကိုမင်းမင်းရဲ့နေအိမ် ဗုံးဖောက်ခွဲတိုက်ခိုက်ခံခဲ့ရပြီး အဲဒီလို တိုက်ခိုက် မခံရခင်အချိန်ကလည်း အခုလို လူမှုကွန်ရက်ကတစ်ဆင့် ခြိမ်းခြောက်ခဲ့ဖူးတယ်လို့ သိရပါတယ်။

ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့  တပ်မတော်တို့က ပြည်သူတချို့ကို ဖမ်းဆီးပြီး အထမ်းသမားအဖြစ် ခိုင်းစေတယ်ဆိုပြီး သတင်း ရေးသားမှုနောက်ပိုင်း  တိုက်ခိုက်ခံရတာဖြစ်တယ်။ ဒါကြောင့်   ယခု ထပ်မံခြိမ်းခြောက်မှုတွေဟာလည်း   အန္တရာယ်ကြီးမား တယ်လို့ ကိုမင်းမင်းက ယူဆပါတယ်။

ခြိမ်းခြောက်မှုတွေမှာ ရခိုင်လက်နက်ကိုင်အဖွဲ့ ပါဝင်ပတ်သက်မှု ရှိမရှိ တိတိကျကျ မပြောနိုင်ကြောင်း၊ သို့သော်လည်း ခြိမ်းခြောက်သူများမှာ ထိုလက်နက်ကိုင်အဖွဲ့ကို ထောက်ခံသူများ ဖြစ်ကြောင်း ကိုမင်းမင်းက ရှင်းပြပါတယ်။

Facebook မက်ဆင်ဂျာက တစ်ဆင့် ခြိမ်းခြောက်တဲ့သူ လေးဦးခန့်ရှိပြီး မိမိ၏လုံခြုံရေးအခြေအနေအရ တိုင်ကြားမှုတစ်စုံ တစ်ရာ ပြုလုပ်ဦးမှာ မဟုတ်ဘူးလို့ ၄င်းက ပြောပါတယ်။

၎င်းရဲ့လုံခြုံရေးအတွက် နေအိမ်မှာ လုံခြုံရေး ကင်မရာ တပ်ဆင်ခွင့်ပြုရန်အတွက် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီက တဆင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ စစ်တွေမြို့နယ်ဦးစီးမှူး ဦးမျိုးမြတ်ဟိန်းကို  တင်ပြတောင်းဆိုထားပေမယ့်  အခု အချိန်အထိ ထူးခြားမူမရှိသေးဘူးလို့လည်း သိရပါတယ်။

စစ်တွေမြို့နယ် အမှတ်(၁) ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ရန်နိုင်လတ်ကတော့ လုံခြုံရေးကင်မရာ တပ်ဆင်တာနဲ့ ပတ်သက်ပြီး ကိုမင်းမင်းရဲ့ အိမ်နီးနားချင်းတချို့က ကန့်ကွက်တာတွေ ရှိနေတယ်လို့  ပြောပါတယ်။

“သူကတော့ သူ့ရဲ့လိုအပ်ချက်အရ သူ့ဘာသာသူ လုံခြုံမူကို လုပ်ထားတဲ့သဘောပါ။ ကိုမင်းမင်းနဲ့ပတ်သက်လို့ အရမ်း အန္တရာယ်ကြီးမားပြီး ဒုက္ခရောက်လောက်အောင်တော့ ကျွန်တော်ကတော့ မတွေ့ပါဘူး။ လုံခြုံရေးအရ ကိုမင်းမင်းက ဖုန်းဆက်ရင်တော့ ကျွန်တော်ကတော့ ချက်ခြင်း ရောက်သွားမှာပဲ။ သူနဲ့ ကျွန်တော်နဲ့က ဖုန်းအဆက်အသွယ်က ရှိပြီးသား ” လို့ စခန်းမှူးက ပြောပါတယ်။

အာဏာပိုင်တွေ စီစဉ်ပေးတဲ့ လုံခြုံရေးအစီအစဉ်တွေမရှိသေးတာကြောင့် သတိနဲ့နေထိုင်နေရတယ်လို့   ကိုမင်းမင်းက ပြောပါတယ်။

RIA သတင်းဌာနကို ရခိုင်ပြည်နယ်တွင်း ဖြစ်ရပ်များအကြောင်း တင်ပြနိုင်ဖို့အတွက်   ၂ဝ၁၅ ခုနှစ်အတွင်း တည်ထောင်ခဲ့ပြီး  ဒေသတွင်း   အကျင့်ပျက်ခြစားမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ ပဋိပက္ခ စတဲ့ အကဲဆတ်တဲ့သတင်းတွေကို ရေးသား ဖော်ပြလျက်ရှိပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts