ဝေဖန်ရေးရာ လောကဓာတ်ခန်း

အေးကျော်ကျော် – စွမ်းအင်နဲ့ အရင်းအမြစ် ချွေတာဖို့ ရှေ့က လုပ်ပြကြပါရန်

အေးကျော်ကျော် – စွမ်းအင်နဲ့ အရင်းအမြစ် ချွေတာဖို့ ရှေ့က လုပ်ပြကြပါရန်
(မိုးမခ) မေ ၃၊ ၂၀၁၇
အစိုးရနဲ့ လွှတ်တော်မှ စွမ်းအင်နှင့် အရင်းအမြစ်ချွေတာဖို့ ရှေ့ကဦးဆောင်လုပ်ပြပါရန်။

အစိုးရအနေနဲ့ အဆောက်အဦတွေ ဆောက်တဲ့နေရာမှာ စွမ်းအင်ချွေတာတဲ့ ဒီဇိုင်းတွေ နည်းပညာတွေနဲ့ တည်ဆောက်ဖို့ တိုက်တွန်းပါရစေ။ လွှတ်တော်အနေနဲ့လည်း အစိုးရကို မမေ့မလျော့ ထိမ်းကျောင်းပါရန် နှိုးဆော်အပ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်က အစိုးရဘတ်ဂျက်ကို သူတို့ဘယ်လောက်အထိ လျှော့ချနိုင်ခဲ့တယ်ဆိုတာ ဂုဏ်ယူစွာတင်ပြခဲ့တာ တွေ့ရပါတယ်၊ ကုန်ကျစားရိတ် သက်သာတယ်ဆိုတာ ကောင်းသည့်အချက် ဖြစ်ပါတယ်၊ ဤသို့ သက်သာသွားသော ဘတ်ဂျက်များနှင့် ရေရှည်အကျိုးရှိမည့် စွမ်းအင်နှင့် အရင်းအမြစ်ချွေတာသည့် ဒီဇိုင်းတွေ နည်းပညာတွေမှာ အသုံးပြုသင့်ပါကြောင်း တင်ပြအပ်ပါတယ်။

စွမ်းအင်ချွေတာတယ်ဆိုတာ ကျွန်တော်တို့လူမျိုးတွေအတွက် အင်မတန်စိမ်းပြီး အလှမ်းဝေးလွန်းတယ်လို့ ယူဆကြပါတယ်။ တကယ်တော့ ခက်ခက်ခဲခဲ မဟုတ်သည့် ကိစ္စဖြစ်ပါတယ်။ ကျွန်တော် ဥပမာတွေ တင်ပြပါ့မယ်။

(၁) လူပေါင်းတစ်ထောင်ကျော်ရှိသည့် ၁ဝ ထပ်ကျော် ရုံးအဆောက်အဦတစ်ခုတွင် ၄ပေမီးချောင်းပေါင်း တစ်ထောင်ကျော် တပ်ဆင်ထားပါတယ်။ ၆ဝ-၇ဝ% ခန့် ပုံမှန်ဖွင့်သုံးကြပါတယ်။ မီးချောင်းများကို မျက်နှာကျက်တွင် ခုံတန်းရှည်တစ်ခုကဲ့သို့ Hollow square steel pipe အရှည် ၅ ချောင်းခန့့်  ယှဉ်လျက် တပ်ဆင်ထားသော Fixture တွင် တပ်ထားခြင်း ဖြစ်ပါတယ်၊ တစ်ရုံးလုံး အနှံ့ square pipe များ များစွာအကုန်အကျခံ တပ်မည့်အစား မျက်နှာကျက်မှ တွဲလောင်းချသည့်နည်း Ceiling suspended နည်းဖြင့် မီးချောင်းဆင်နိုင်သည် ဖြစ်ပါတယ်။ ထွက်လာတဲ့ငွေကို LED မီးချောင်းများဝယ်သုံး၍ရတယ်။

၎ ပေ LED မီးချောင်းတစ်ခု ၁၈ ဝပ်ရှိတယ်၊ ရိုးရိုး Fluorescent မီးချောင်းရဲ့ တစ်ဝက်သာရှိတယ်။ မီးချောင်း ၈ဝဝ ဖွင့်လျှင် သက်သာသွားမည့် မီးအားကို တွက်ပါက ၈ဝဝ x ၁၈ = ၁၄,၄ဝဝ ဝပ် (၁၄.၄ ကီလိုဝပ်) ဖြစ်တယ်။ ၈ နာရီထွန်းပါက တစ်နေ့ ၁၁၅.၂ ယူနစ် ဖြစ်ပါတယ်၊ မြန်မာပြည်မှာ ရုံးဖွင့်ရက် တစ်နှစ် ၂၄၁ ရက်ဖြစ်သောကြောင့် ၁၁၅.၂ x ၂၄၁ = ၂၇,၇၆၃ ယူနစ် ဖြစ်ပါတယ်။ ဒီပမာဏဟာ တစ်လကို ယူနစ် ၅ဝ သုံးသည့် ဝင်ငွေနည်း မိသားစု ၄၆ အိမ် တစ်နှစ် အသုံးနဲ့ ညီပါတယ်။

တစ်နှစ်၊ တစ်နှစ်ခွဲ တစ်ခါလဲရသော ရိုးရိုးမီးချောင်းနှင့် ၉ နှစ် ၁ဝ နှစ်လောက်မှ တစ်ခါလဲရသော LED မီးချောင်း ထပ်ယှဉ်ပါက ပိုတောင် သက်သက်တာ တွေ့ရမှာဖြစ်ပါတယ်။ မလိုတဲ့နေရာမှာ မသုံးပဲ ပိုအဓိပ္ပါယ်ရှိတဲ့နေရာမှာ သုံးလိုက်တာ ဖြစ်ပါတယ်။ ဘာမှ မခက်ပါ။

(၂) ခရီးထွက်လို့ ဟိုတယ်တည်းလို့ တွေ့မိတာကလည်း ဘန်ဂလိုလေးတွေ၊ အမိုးကို ပိရိမစ်လို အလှ လုပ်ထားကြတယ်၊ လေးဖက်လေးတန် အကုန်အလုံပိတ်၊ လေအဝင်အထွက်မရှိ၊ နေ့ဖက်အပူကြောင့် လေပူတွေကို မျက်နှာကျက်ထဲမှာ စုထားတာ၊ အမိုးမှာကော၊ မျက်နှာကျက်မှာပါ အပူကာတွေမတပ်ထား၊ ညနေဖက်အခန်းတွင်းအေးအောင် Air con ကို အကြာကြီး တဆုံးဖွင့်မှရတော့တယ်၊ အမိုးဒီဇိုင်းကို လေဝင်လေထွက်ကောင်းအောင် လုပ်ထားမယ်၊ အပူကာ Insulation ကောင်းကောင်းလေးတွေ သုံးထားမယ်ဆိုယင် Air con ကို ဒီလောက်ဖွင့်စရာမလိုတော့ မီးအားသုံးတာနည်းသွားမယ်။

(၃) လူများတဲ့ ရုံးကြီးတွေမှာ သုံးတဲ့ ရေတွေကို သဘာဝနည်းနဲ့ Treatment လုပ်ပြီး ရုံးတွင်းပန်းပင်ရေလောင်းတာ သုံးနိုင်တယ်၊ Treatment အနည်းငယ် ထပ်လုပ်ပြီး အိမ်သာရေဆွဲတဲ့နေရာမှာ သုံးနိုင်တယ်၊ ဒီအတွက် လိုတဲ့ ရေမော်တာတွေကို Solar စနစ်နဲ့ မောင်းနိုင်တယ်။

အချုပ်အားဖြင့် အကြံပြုရပါက

(၁) တပ်မည့် မီးချောင်း၊ မီးလုံးမှန်သမျှ LED သာသုံးပါ (၂) အမိုးမှန်သမျှ လေဝင်ထွက်ကောင်းသည့် ဒီဇိုင်းဖြစ်ပါစေ။ (အင်းဆက်မဝင်အောင် ခြင်ဇကာ တပ်၍ရပါသည်။) (၃) အမိုးနှင့် မျက်နှာကျက်မှာ အပူကာ Insulation သုံးပါ။ (၄) ပြူတင်းပေါက်မှန်ကို အပူဝင်နည်းသည့် မှန်မျိုးသုံးပါ (၅) တပ်နိုင်သည့် ပမာဏ Solar တပ်ပါ၊ EPC မီးနှင့် ရောသုံး၍ရသည့် Solar အမျိုးအစား တပ်ပါ။ (၆) Air con ကို Inverter type သုံးပါ၊ (၇) စွန့်ပစ်ရေတွေကို သဘာဝနည်းနဲ့ ပြန်လည်သန့်စင်ပြီး ပန်းပင်ရေလောင်း၊ အိမ်သာရေဆွဲ၊ အခြားအထွေထွေ သန့်ရှင်းရေးအတွက် သုံးပါ။

ဖြတ်တောက်လိုက်သော ဘတ်ဂျက်များနှင့် ဤလိုကိစ္စမျိုးမှာ အသုံးပြုရန် ဖြစ်ပါတယ်၊ ချွေတာစုဆောင်းခြင်း၏ သဘာဝအရ နည်းနည်းခြင်း၊ ဖြည်းဖြည်းခြင်း စုရတာဖြစ်ပါတယ်၊ အစိုးရအနေနှင့် လွှတ်တော်အနေနှင့် စွမ်းအင်နှင့် အရင်းအမြစ်ချွေတာဖို့ ရှေ့က နမူနာပြ ဦးဆောင်လုပ်ပြပါဟု ဒီနေရာကနေ လေးစားစွာ တိုက်တွန်းလိုက်ရပါတယ်၊ ဤကိစ္စနှင့်ပါတ်သက်လို့ ခိုင်းစရာရှိယင်လည်း အချိန်မရွေး ကျွန်တော့်ကို ခိုင်းနိုင်ပါတယ်။

ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး အစိုးရများ၊ ဝန်ကြီးဌာနများ၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး လွှတ်တော်များကို တိုက်ရိုက်စာရေး အကြံပေးမည်ဖြစ်သော်လည်း ၎င်းတို့၏ မြောက်များလှစွာသော အလုပ်တာဝန်များနှင့် ဝင်စာ၊ တိုင်စာ၊ အသနားခံစာ စာပေါင်းများစွာကြား မိမိစာလေးမထင်မရှား ပျောက်ရှသွားဖို့ များနေသောကြောင့် FB ပေါ်မှလည်း တင်ပြလိုက်ရတာ ဖြစ်ပါတယ်၊ တစ်ယောက်တစ်လေများ ဖတ်ရှုမိကာ အကောင်အထည်ဖေါ်နိုင်ပါစေ ဆုတောင်းယင်း . . .

အားလုံးကို လေးစာလျက်

အေးကျော်ကျော်

(အယ်ဒီတာ့မှတ်ချက် – အေးကျော်ကျော်သည် စက်မှုတက္ကသိုလ်ကျောင်းဆင်း၊ လျှပ်စစ်ဆိုင်ရာ လုပ်ငန်း လုပ်ကိုင်သူ တဦး ဖြစ်ပါတယ်။ သူ့ဖေ့စ်ဘွတ်ကနေ ကူးယူဖော်ပြပါတယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts