စာစုတို

စိုးခိုင်ညိန်း ● ဘုရားပန်းလဲခြင်း

စိုးခိုင်ညိန်း ● ဘုရားပန်းလဲခြင်း
(မိုးမခ) ဧပြီ ၂၈၊ ၂ဝ၁၇

နွေရာသီရောက်လာပြီဆိုတော့ အပူချိန်က တရက်နှင့်တရက်တဖြည်းဖြည်း မြင့်တက်လာသည်။ အစော ပိုင်းသင်္ကြန်တွင်းက မိုးရွာထားတဲ့အရှိန်လေးကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းတွေက အပူချိန်လျှော့နည်းသွားပေမဲ့ အခုတော့ နွေရဲ့ပုံမှန်အတိုင်း ပြန်ပူ လာပေပြီ။ နွေ၏အပူရှိန်နှင့် ကားလမ်းမပေါ်မှဖုန်မှုန့်တို့သည် လေထဲလွှင့်ဝဲကာ အိမ်လေးထဲသို့ ဝင်ရောက်လာသည်။ တ ရက်နှစ်ရက်လောက်များ ခုံတွေကို ကြက်မွှေးလေးနဲ့ မသန့်ရှင်းမိလျှင် ခုံတွေပေါ်မှာ ဖုန်တွေကသိသိသာသာ ဖွေးနေတော့ သည်။ သည်နေ့လည်း ခုံတွေကို ကြက်မွှေးလေးနဲ့ သန့်ရှင်း လှဲကျင်းနေရင်းက ဘုရားစင်လေးကို မော့ကြည့်လိုက်မိသည်။ အို ဘုရားပန်းတွေ ညှိုးနေပါရောလား။

ပြီးခဲ့တဲ့နှစ်ရက်လောက်ကပဲ သည်ဘုရားပန်းတွေကို ကျနော်လဲထားခဲ့တာ ဖြစ်သည်။ နွေ၏အပူရှိန်ကြောင့် ဖြစ်မည်ထင် သည် ပန်းတွေကအညှိုးမြန်လှသည်။ ပုံမှန်အားဖြင့်တော့ ကျနော်က ဘုရားပန်းကို လီလီပန်းကိုပဲ အထိုးများပါသည်။ လိုချင် သည့်လီလီပန်းမရမှသာ ကျန်တဲ့ ဂန္ဓမာပန်း၊ မေမြို့ပန်း၊ သစ္စာပန်း၊ စသည်ကို သင့်သလို ဘုရားပန်းလဲတာ ဖြစ်ပါသည်။

သူများတွေတော့မသိ ကျနော်ကတော့ ဘုရားပန်းညှိုးနေလို့ ပန်းလဲမယ်ဆိုတဲ့စိတ်နဲ့ ဈေးမှာပန်းဝယ်ပြီး လက်ထဲမှာ ကိုင် လာရကတည်းက စိတ်ထဲမှာ ကြည်နူးမှုဖစ်နေတော့သည်။ နောက်တော့ ဘုရားပန်းကို ရေဆေး၊ မလိုအပ်တဲ့ အရွက်စသည် ကို ခြွေ၊ အရိုးကို လိုသလိုတိ စတဲ့လုပ်ငန်းစဉ်လေးတွေ လုပ်နေရင်းမှာလည်း စိတ်က ကြည်နူးမှုကို ဖြစ်စေသည်။ ပန်းအိုး လေးထဲကို ရေကိုလိုသလောက်ထည့်ပန်းကို သေသေချာချာထိုးထည့် အယိုင်အနွဲ့ကို သေချာကြည့်ပြီး ပန်းပွင့်တွေ ရဲ့အလှ တရားနှင့်အတူ စိတ်ထဲမှာ ကြည်နူးငြိမ်းချမ်းရပြန်သည်။ နောက်ဆုံးဘုရားစင်မှာ ပန်းအိုးကိုတင်ပြီး လှမလှ ပြန်ပြင်ပြီး နောက်ကို နည်းနည်း ဆုတ်ကြည့်၊ ကျေနပ်ပြီဆိုကာမှ ရှိခိုးကန်တော့ကာ ပန်းကပ်ရသည့်အခါမှာတော့ စိတ်ထဲမှာ အ ကြည်နူး အဝမ်းမြောက်ဆုံး ဖြစ်နေတော့သည်။

ကျနော်တို့သည် ပန်းဟုဆိုလိုက်သည်နှင့် စိတ်ထဲတွင် အလှတရားတခုအနေဖြင့် ဝင်ရောက်သွားလေ့ရှိပါသည်။ အရောင် အသွေးစုံလင်လှသော ပန်းခင်းကြီး မြင်ရသူမည်သူမဆို ပန်းတို့၏အလှတရားမှာ ကြည်နူး ခံစားရသွားသည်ချည်းပဲ ဖြစ်လေ သည်။ ပန်းတွေကိုမကြိုက်မချစ်တဲ့သူဖြစ်စေဦးတော့ ပန်းတို့၏အလှတရားမှာ မင်တက်ငေးမောသွားနိုင်ပေသည်။ အရောင်စုံ ပန်းများသည် လူတို့၏စိတ်ကိုအဆင်းအနံ့တို့ဖြင့် နှစ်သိမ့် ကြည်နူးအောင် အစွဲအဆောင်နိုင်ဆုံးသော လောက၏ အဖူးအငုံ သဘာဝအလှတရားတခု ဖြစ်ပေသည်။ ထိုကြောင့်ပဲ ပန်းတို့၏အလှတရားကို ကဗျာဆရာတို့က ဖွဲ့နွဲ့ကြသည်။ ပန်းတို့၏ အလှတရားဖြင့် ဥပမာထား ပြောဆိုကြရသည်။

ပန်းတို့သည် သဘာဝ၏အလှဆုံးပစ္စည်းများထဲတွင် တခုအပါအဝင် ဖြစ်သည်။ ဖြူ နီ ပြာ ဝါ စသည့် အရောင်အသွေးစုံသော ချစ်စဖွယ်အဖူးအငုံတို့ဖြင့်လည်းကောင်း၊ လတ်ဆတ်မွှေးပြန့်သော ရနံ့ဖြင့်လည်းကောင်း၊ ပန်းတို့သည် လူတို့၏စိတ်ကို ကြည်နူး ရွှင်လန်းအောင် စွဲဆောင်နိုင်ကြပေ၏။ သည့်အတွက်ကြောင့်ပဲ ပန်းတို့ကို လူတိုင်းလိုလို ချစ်ခင်နှစ်သက် မြတ်နိုးကြ သည်သာ ဖြစ်သည်။

ပန်းတို့၏အလှတရားတည်းဟူသောဂုဏ်ဖြင့် ဘုရားအစရှိသော မိမိတို့မြတ်နိုးကိုးကွယ်ရာတို့ကို အထွဋ်အမြတ်အနေဖြင့် ကပ်လှူပူဇော်ကြသည်။ အမျိုးသမီးတို့သည်လည်း မိမိတို့ဦးခေါင်းထက်တွင် နှစ်လိုမြတ်နိုးစွာ ပန်ဆင်ကြသည်။ တချို့က ဧည့်ခန်းစားပွဲပေါ်မှာ ပန်းအိုးဖြင့်ထိုးကာ အလှကြည့်သည်။ တချို့က အိပ်ခန်းထဲ အိပ်ရာဘေးက စားပွဲလေးပေါ်မှာပင် ထိုး စိုက် ထားတတ်သေးသည်။

ထိုကဲ့သို့သော ချစ်မြတ်နိုးခံရသော ပန်းတို့သည် ကမ္ဘာအရပ်ရပ်၊ ဒေသအမျိုးမျိုးတွင် ပေါက်ရောက်နိုင် ကြသည်။ တောင်ပေါ် ၌လည်းကောင်း၊ မြေပြန့်၌လည်းကောင်း၊ စိမ့်မြေ၌လည်းကောင်း၊ ရေထဲ၌လည်းကောင်း၊ ပေါက်ရောက်နိုင်ကြသည်။ နောက် ဆုံး ပူးပြင်းခြောက်သွေ့သော သဲကန္တာရအတွင်း၌ပင် ပေါက်ရောက်ပွင့်ဖူးနိုင်သောပန်းတို့ပင် ရှိသည်ဟု ဆိုသည်။

ပန်းတို့သည် မြေအမျိုးအစားနှင့် ရာသီဥတုအခြေအနေတို့ကို လိုက်၍ အမျိုးမျိုး ကွဲပြား ခြားနားစွာ ဖူးပွင့်ကြသည်။ အရွယ် အစား ပုံပန်းသဏ္ဍာန်တို့သည်လည်း အမျိုးမျိုးပဲဖြစ်သလို မွှေးရနံတို့သည်လည်း အမျိုးမျိုး အထွေထွေပဲ ဖြစ်လေသည်။ ပန်းပွင့်တို့၏ဖူးပွင့်ပုံသည်လည်း အမျိုးမျိုးကွဲပြားလေသည်။ အချို့ပန်းက ပင်စည်မှ ထွက်ပွင့်သည်။ အချို့ပန်းက ပင်စည်ထိပ်ဖျား ခေါင်ညွန့်တွင် ထွက်ပွင့်သည်။ အချို့က အပင်ရင်း အမြစ်နားတွင် ကပ်ပွင့်တတ်သည်။

ပန်းတို့သည် သူတို့၏အလှတရားဖြင့် လောကကို အလှဆင်လေသည်။ ပန်းတို့ကြောင့် တောတောင် ရေမြေတို့သည် ပိုမို လှပ သက်ဝင်ကြသည်။ ပန်းများ ဝေဆာဖူးပွင့်သော ပန်းဥယျာဉ်ကြီးထဲ ရောက်သွားလျှင် လူမဆိုထားဘိ တိရစ္ဆာန်ကလေး များဖြစ်သော ငှက်ကလေးတွေ၊ ပျား ပိတုန်း လိပ်ပြာစသည်တို့သည်ပင် ပျော်ရွှင် မြူးတူးကြသည်ကို တွေ့ရနိုင်သည်။ ပန်းတို့ သည် သူတို့၏အဆင်းအလှတရားဖြင့် မျက်စိပသာဒကို အေးမြစေသည်။ မွှေးရနံ့တို့ဖြင့်လည်း ပတ်ဝန်းကျင်ကို မွှးမြသင်းပျံ့ စေသည်။ ထို့ကြောင့်ပင် ပန်းတို့ကို မြင်ရ မွှေးမြရသော သူတို့သည် ပင်ပန်းမှုတို့ကို ပြေပျောက်သွားစေတော့သည်။

ပန်းတို့သည် သြကာသလောကကို အလှဆင်ရုံသာမက လူမှုဘဝအထွေထွေနဲ့ သတ္တလောကကိုပါ အလှဆင်နိုင်လေသည်။ မင်္ဂလာဆောင်လက်ထပ်ပွဲ၊ ဧည့်ခံပွဲ၊ အလှူမင်္ဂလာပွဲ အခမ်းအနားတွေမှာ ပန်းတို့၏ အခန်းကဏ္ဍက မပါမဖြစ် နေရာယူရလေ သည်။ ထို့အပြင် နိုင်ငံရေးဆွေးနွေးပွဲ အခမ်းအနားစတဲ့ တွေ့ဆုံ ဆွေး နွေးပွဲအခမ်းအနားတို့တွင်လည်း ပန်းတို့က ဝင့်ထည် စွာဖြင့် စားပွဲထက်တွင် နေရာယူထားပြန်သေးသည်။ အချို့ပန်းတို့သည်ကား ဆေးဘက်ဝင်၍ လူတို့ကို အကျိုးပြုနိုင်သေး သည်။ အချို့ပန်းတို့သည် အသုပ်အဖြစ်ဖြင့်ပင် သုပ်စား၍ပင် ရနိုင်သေး၏။ ဥပမာ တရုတ်စကားပွင့်လို ပန်းမျိုး ဖြစ်သည်။

ပန်းတို့၏အမျိုးအစားမှာလည်း အမျိုးမျိုးအစားစား မြောက်မြားစွာ ရှိလေသည်။ သစ္စာပန်း၊ ခတ္တာပန်း စသည်တို့ကား ဥမှစိုက်ရသောအမျိုး ဖြစ်သည်။ နှင်းဆီ၊ စပယ် စသည်က အကိုင်းပျိုး၍ စိုက်ရသည်။ ဒန်းပန်းလို မျိုး အစေ့မှစိုက်ရသော ပန်းတို့သည်လည်း များစွာရှိသည်။ တချို့ပန်းပင်တို့သည် နှစ်ရှည်ပင်မျိုး ဖြစ်သည်။ တချို့ပန်းပင်က အပွင့်ပွင့်ပြီး တုံးသွား သောအခါ သေတဲ့အမျိုးလည်း ရှိသည်။ အချို့ပန်းက တနှစ်မှတခါပဲ ရာသီအလိုက် ပွင့်တတ်သည်။ ဥပမာ ပိတောက်ပန်း လိုမျိုး ဖြစ်သည်။ တချို့ပန်းကတော့ ရာသီမရွေး ပွင့်တတ်သည်။ အချို့ပန်းက ခူးဆွတ်ပြီး ကြာရှည်ခံသည်။ အချို့ပန်းက ခူးဆွတ်ပြီး မကြာမီ ညှိုးနွမ်းသွားတတ်သည်။

လှပနုနယ်သောပန်းတို့သည် လူတို့ကို စိတ်ကြည်လင်ရွှင်လန်းမှု ပြုပေးသည်သာမက ကမ္ဘာလောက ကြီးအတွက် အကျိုးပြု သောလုပ်ငန်းတခုကိုလည်း ဆောင်ရွက်ပေးသည်ဟုဆိုလျှင်လည်း ရနိုင်သည်။ ပန်းများ၏အဓိကလုပ်ငန်းမှာ မျိုးဆက်ပြန့် ပွားစေသော လုပ်ငန်းဖြစ်သည်ဟု ဆိုသည်။ သစ်ပင်များရှိနေမှသာလျှင် လောကကြီးသည် သာယာပျော်ရွှင် ဖွယ်ဖြစ်၍ သက်ရှိသတ္တဝါတို့သည်လည်း အသက်ရှည်နိုင်ကြပေမည်။ ပန်းတို့၏ အပွင့်တို့မှ အသီးများ၊ အစေ့များဖြစ်ပေါ်စေကာ အပင် သစ်များဖြစ်စေသည်။ ပန်းတို့သည် သူတို့၏မျိုးစိတ် မပြတ်စေရန် အဖူးအပွင့်တို့ဖြင့်အလှဆင်ကာ လောက၏တာဝန်တရပ် ကို ထမ်းဆောင်နေသည်ကို တွေးကြည့်က သိနိုင်ပေသည်။

ကျနော်သည် ဘုရားပန်းလဲရင်းဖြင့် ပန်းတို့၏အကြောင်းကို တမြော်တခေါ်ကြီး တွေးတောကြည့်နေမိခြင်း ဖြစ်သည်။ တ ဆက်တည်းမှာပင် ကျနော်သည် ကဗျာဆရာလင်းလွင်၏ ဘုရားပန်းလဲသူရဲ့ ဘယ်တော့မှ မညှိုးတဲ့ အရေးအသားဆိုတဲ့ ကဗျာကို သတိရမိကာ တိုးတိုးရွတ်ဆိုနေမိပါသည်။ ကဗျာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဘုရားပန်းအိုးလဲသူတယောက်ဟာ
ပန်းရဲ့ နွမ်းဖျော့လာတာတွေ ညှိုးခြောက်လာတာတွေ
ရိရွဲလာတာတွေ ပုပ်ပွလာတာတွေ ညွတ်ကျလာတာတွေ
အပြစ်အနာအဆာ အညစ်အကြေးတွေကို
တဖြည်းဖြည်းနဲ့ အလွယ်တကူ မြင်တတ်လာတယ်
အဲဒါတွေကို ဖယ်ထုတ်သန့်စင် ဆေးကြော၊ လိုရင် အသစ်လဲ
ဒီပန်းတွေနဲ့ပဲ ဒီဘုရားပန်းအိုးကို ဘယ်လိုလေး ထိုးလိုက်ရင် ဟန်ချက်ညီမယ်
ဘယ်လိုအနေအထားလေး ပန်းတွေကို ပြင်လိုက်ရင် အစုအဖွဲ့ဟာ
လေထဲ နွဲ့နွဲ့ယိမ်းယိမ်း ခိုင်ခိုင်မာမာ လွှင်ထူထားသလို နေလိမ့်မယ်
ဘုရားစင်ပေါ် တင်တဲ့အခါ ကြည့်သူအားလုံးရဲ့အမြင်မှာ ပြေပြစ်ကြည်နူးစရာ ဖြစ်သွားမယ်
ဒီလိုပြန်တည်ဆောက်တဲ့စိတ်နဲ့ ဘုရားရှင်ဆီ ဦးတည်ထားတဲ့ ကုသိုလ်စိတ်ကို
တရွေ့ရွေ့ ပွားယူတတ်လာတယ်
နောက်တော့ ဘုရားပန်းလဲသူဟာ သူ့ရင်တွင်းမှာ
ခဏလေးနဲ့ညှိုး ဖျတ်ခနဲ့နွမ်း ဖြုတ်ခနဲ့ ကြွေ ကြွေသွားတတ်တဲ့
အထားမခံတဲ့ စိတ်ကောင်းတွေကိုပါ အလွယ်တကူ မြင်မြင်တတ်လာတယ်
စိတ်ကောင်းဟာ အပြောင်းအလဲနဲ့ ဗလောင်းဗလဲ ဘောင်ဘင်ခတ်လို့
ဗလောင်းဗလဲ ဘောင်ဘင်ခတ်နေတဲ့ စိတ်ကောင်းဟာ အပြောင်းအလဲနဲ့
ဒီအပြောင်းအလဲလေးကို ပထမတော့ ဘယ်အချိန် စပြောင်းမှန်းတောင်မသိ
သိလိုက်မိတဲ့ အချိန်မှာ ဒဏ်ရာက တော်တော်နက်နေခဲ့ပြီ ကိုယ့်ဆီမှာရော
ကိုယ်ဆက်သွယ်ရာ ကိုယ့်ဝန်းကျင်မှာရော ကြွပ်ဆပ်မာကျောလို့
ဘုရားပန်းလဲသူဟာ စိတ်ကောင်းကို ညှိုးနွမ်းစေတဲ့ သဘောထား အတွေးခံယူချက်ကို
မြန်မြန်သတိထားမိတတ်လာတယ်
ပြီးရင် သူ့အလေ့အကျင့်ရနေတဲ့ ပြန်လည်တည်ဆောက်တဲ့ စိတ်နဲ့
တည့်မတ်နေအောင် လိုက်လျောညီထွေဖြစ်အောင်
ဒီအညစ်အနွမ်းတွေကို ကြိုးစားဖယ်ထုတ် သန့်စင် ဆေးကြော
လိုရင် အသစ်လဲပစ်တတ်လာတယ်
ဘုရားပန်းလဲသူတယောက်ဟာ လူ့အဖွဲ့အစည်းမှာ
ညှိုးနွမ်းနေတဲ့ လူမဖြစ်အောင် ကြိုးစားတယ်
သူကိုယ်တိုင် ညှိုးနွမ်းနေရင်လည်း သူ့ကိုယ်သူ ဖယ်ထုတ်သန့်စင်ဆေးကြော
လိုရင်အသစ်လဲပစ်ဖို့ နောက်တွန့်နေမှာ မဟုတ်ပါဘူး
နေ့စဉ် နေ့စဉ် ဘုရားပန်းလဲကြည့်လိုက်ပါလား
နေ့စဉ် နေ့စဉ် ဘုရားပန်း လဲလိုက်ကြမလား ။။

စိုးခိုင်ညိန်း
ဧပြီ ၄၊ ၂၀၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts