ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ ● စိတ်၏စေရာ

ဆောင်းယွန်းလ ● စိတ်၏စေရာ
(မိုးမခ) ဧပြီ ၂၈၊ ၂၀၁၇

တိမ်တွေကို မီးညှိရင်း
ဆေးပြင်းလိပ်တလိပ်လို ဖွာကြည့်မိချိန်မှာ
ငြိမ်းချမ်းတဲ့ အိမ်ကလေးတလုံးဟာ
အိပ်မက်ထဲမှာ ပန်းလိုပွင့်လို့။

အမြင့်မားဆုံး တောင်တလုံးကို
ပျော်ပျော်ရွှင်ရွှင်
ခေါင်းအုံးအိပ်နေရသလိုမျိုးပါပဲ။

တွေးတော ကြံစည်နေမှုထဲမှာတော့
အသံဟာ
ပြန်ရှာလို့မတွေ့နိုင်အောင် တိတ်ဆိတ်လို့ပေါ့။

နွေကို ထုပ်ပိုးစရာ
လေအေးစက်တွေမရှိပေမယ့်
ကြားမိတဲ့သတင်းက ဆောင်းထက်အေးတယ်။

ခဲရာခဲဆစ် ခုတ်မောင်းဖြစ်ခဲ့ဖူးတဲ့
ရထားဟာ
အနွေးထွေးဆုံး နေ့ရက်ဘူတာထဲကို
ငြိမ်သက်စွာ ထိုးဆိုက်လာခဲ့ပါတယ်။

ကိုယ့်အရေပြား ကိုယ်ပြန်ဆွဲဆိတ်ကြည့်ဖို့
မျက်လုံးတစုံထဲမှာ
ဖွင့်စရာ တံခါးရွက်တွေတော့ ပါမလာခဲ့သေးပါ။

အမှတ်တမဲ့
လေတိုက်ရင်းပွင့်ထွက်သွားတဲ့
စာမျက်နှာထက်က ခေါင်းစဉ်ဟာ
စိတ်၏စေရာ…တဲ့။

ဆောင်းယွန်းလ
(ဧပြီလ ၂၅ ရက်၊ ၂၀၁၇)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts