● နေကြာရိုင်းများဆီမှတဆင့် မယ့်ဟောင်ဆောင်
Les 1864 Courbes de Mae Hong Son (ဓါတ်ပုံ မရငတ)
မယ့်ဆောက်ည သုံးည မယ့်ဆောက်နေ့ သုံးနေ့ကို မနားမနေ ဖြတ်သန်းခဲ့ပြီးသည့်နောက်၊ နိုဝင်ဘာ ၁၅ ရက် Mae Hong Son မယ့်ဟောင်ဆောင်ကို ရောက်ခဲ့ပြီ၊ မယ့်ဟောင်ဆောင်ကို ရောက်ခဲ့ပါပြီ။ ဒီနေရာကိုရောက်ဖူးခဲ့ဖို့ အကြိမ်တော် တော် များများ လွဲချော်ခဲ့ဖူးပါတယ်။ အနားရောက်မှ အကြောင်းအမျိုးမျိုးကြောင့် လွဲခဲ့ရခြင်းပါ။ ဒီတကြိမ်မှာတော့ ကျေးဇူးရှင် မယ့် ဆောက်သူ မယ့်ဆောက်သားစုံတွဲကြောင့် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ခဲ့ပါပြီ။


တန်ဆောင်မုန်းရဲ့ လပြည့်ရိပ်၊ မယ့်ဟောင်ဆောင်မြို့လယ် ကန်ရေပြင်က အရိပ်၊ ဝေါ့ခ်ကင်းစထရိထ်ရဲ့ အကင်တွေ၊ အနံ့ တွေ၊ လူသံတွေကြား ဆာလောင်မှုတွေနဲ့ ဖြတ်သန်း၊ The Like View ညဥ့်ဦး ဂီတသံ ခပ်တိုးတိုးကို ရသမျှ ခံစားအနားယူရင်း ကျော်ဖြတ်ခဲ့ရတဲ့ မနေ့ည၊ မယ့်ဟောင်ဆောင်ရဲ့ ည၊ သုံးလေးနာရီထက်ပို မအိပ်ဖြစ်ခဲ့တဲ့ လှပမှုတွေနဲ့ ညတည။
မယ့်ဆောက်မှာ မနေ့က နိုဝင်ဘာ ၁၅ ရက် မနက်ကြီး အိပ်ယာက ကမန်းကတန်းထ၊ ခွန်ခွဲကျော်ကျော်မှာ လာကြိုတဲ့ ကို ကျော်ကျော်ရဲ့ ကားဖြူကြီးပေါ်တက် တနေ့တာလုံးလိုလိုပေါ့။ ခရီးနှင်ဖြတ်သန်းခဲ့တဲ့နေရာတွေကလည်း အများသား၊ မယ့်ရ မတ်၊ မယ့်လ၊ မယ့်ဆောင်၊ မယ့်သဝေါ၊ မယ့်လဝေဒနာ ခံစား၊ ထာဆောင်ရန်ကမ်းပါး သောင်ရင်းမြစ်ရိုး အလှသဘာဝကို တဒင်္ဂ ဖြတ်သန်း၊ မယ့်ဆရီယန် ခွန်ယွမ်း အဝါရောင်ဗျူးတွေနဲ့အတူ မက္ကစီကန်နေကြာရိုင်းခင်းတွေဆီ အပြေးအလွှား၊ တနေ့ တာ အလင်းရောင်တွေကုန်ဆုံးသွားချိန်ရောက်သည်အထိတိုင်ပေါ့။ နောက်ဆုံးမတော့ အကွေ့တွေ အကောက်တွေ ထူ ပြောပါတယ်။ ထိုင်းရွှေပြည်ရဲ့ ဝေးလံခေါင်ပါးလှပါတယ်ဆိုတဲ့ ဒီခရီး ဒီလမ်း မယ့်ဟောင်ဆောင်လမ်း မယ့်ဟောင်ဆောင်ဆိုတဲ့ မြို့သို့ ရောက်လာခဲ့ပါတယ်။
၁၆ ရက်နေ့ မနက်ခင်း ရောက်တော့၊ ညက အိပ်ရေး မဝတဲ့ကြား၊ ဆတ်ကနဲ အိပ်ယာကအနိုး၊ အိပ်ချင်မူးတူး ဖြစ်နေပေမယ့်၊ မလုံတဲ့ အခန်းဒေါင့်ကြားက အလင်းရောင်တန်းတခုကြောင့်၊ ညဈေးတန်း အိပ်မက်ရှည်ကို ခေတ္တရုတ်သိမ်းလို့၊ ဒီမနက် မယ့် ဟောင်ဆောင်ဈေးကို အရင်သွားမယ်၊ ရှမ်းကြီးတွေရဲ့ တို့ဟူးနွေးစစ်စစ်ကို အလွမ်းပြေစားမယ်၊ပြီးရင် မယ်ဟောင်ဆောင်မြို့ ကို စီးမိုးမြင်တွေ့ရမယ့်တောင်ပေါ် ခဏတက်မယ်။ ပြီးရင် မယ့်ဆိုင်-တာချီလိတ်နယ်ခြား ဂိုးလ်ဒင်းထရန်ဂယ် ချင်းရိုင်၊ ချင်း မိုင်ထိ ဆက်ရဦးမယ်။ အဲလိုအတွေးတွေများနဲ့ မယ့်ဟောင်ဆောင်မနက်ခင်းကို အေးချမ်းလန်းဆန်းစွာ ကြိုဆိုရင်းနဲ့ပေါ့။
ဒီနေရာလေးကမှ အရမ်းကောင်းလို့ တမင်ရွေးချယ် တည်းခိုခဲ့တာမဟုတ်ပါဘူး။ ဧည့်ကြိုမရှိ၊ ရက်ဆက်ရှင် အန်ဖော်မေးရှင်း ကောင်တာမရှိ၊ အွန်လိုင်း ရီဇာဗေးရှင်းထက်၊ ရောက်မှ ရော့ပတ္တမြား ရော့နဂါးပေး တည်းခိုလို့လည်းရနိုင်တဲ့ တည်းခိုခန်း အ မျိုးအစားလေးတွေပါ။
တညတာ တညတာဆိုရာမှာ တကယ်တော့ ညဝက်သာသာပါ။ လှပတဲ့နေရာလေးမှာ၊ ဘာမှမဟုတ်တဲ့ သာမန်သွပ်မိုး သစ် သားနှစ်ထပ် အိမ်ဟောင်းလေး၊ ခြံနဲ့ဝန်းလေးနဲ့၊ တယောက်ခန်း နှစ်ယောက်ခန်း လေးငါးယောက် စုပေါင်း စပ်ပေါင်းခန်း၊ စုစုပေါင်းမှ၊လေးငါးခြောက်ခန်းသာ တပိုင်တနိုင်လေးပေါ့။ သာမန်အိမ်ပိုင်ရှင်မိသားစုက ဝိုင်းလုပ်ဝိုင်းစားပေါ့။ အဲယားကွန်း ပါချင်ပါမယ်၊ သို့တည်းမဟုတ် ပန်ကာလေးနဲ့ပေါ့၊ တီဗွီ ဖုန်းခေတ် မဟုတ်တော့ဘူး။
အဲ … မပါမဖြစ်တော့ ဝိုင်ဖိုင်ပါမယ်၊ ကန်ရေပြင် ညအလှကို ခံစားဖို့ အများသုံးဝရံတာလေး ပါမယ်။
The Like View GuestHouse de Mae Hong Son (ဓါတ်ပုံ မရငတ)
အညောင်းပြေ ခြေခင်းလက်ခင်း ဆန့်နိုင်တဲ့ ကွက်လပ်မှာ ကွပ်ပျစ်အဟောင်းလေးတခု၊ ယိုင်နဲ့နဲ့ ဝါးစားပွဲလေးတလုံး၊ ကု လားထိုင်အစုတ်က သုံးလေးငါးလုံး၊ ကြိုးပုခက်နှစ်ခု တိုင်မှာချည်လို့၊ အဲဒီလိုကိန်းခန်းမကြီးတဲ့ နေရာလေးမှာ တညတာမျှသာ ခိုအောင်းခဲ့ရတာ နှမျှောစရာပါ။ အမှန်က နားနားနေနေ စားစားသောက်သောက်နဲ့ နှစ်ရက်တန်သည် သုံးရက်တန်သည် နေဖြစ်ခဲ့ရမှာပါ။
မောင်ရင်ငတေတို့လို ဥရောပရောက်ဆင်းရဲသားတွေအတွက်တောင် ဈေးသက်သက်သာသာလေး၊ ဆယ်ယူရိုလောက်နဲ့ အေးချမ်းစွာ ဇိမ်ကျစွာ တည်းခိုလို့ရတဲ့ နေရာတခုပါ။ ဒီမယ့်ဟောင်ဆောင်မှာ တင်လား၊ မဟုတ်ပါ၊ ထိုင်းတပြည်လုံး သွား ချင်ရာသွား တွေ့ရပါမယ်။ လမ်းနဘေးမှာ ကန်နဘေးမှာ ချောင်းနဘေးမှာ လယ်ကွင်းတွေကြားမှာ တောတွေ တောင်တွေ ကြားမှာ ရွာကြိုရွာကြားမှာ ဘယ်သူ မတည်းရ ဘယ်ဝါ မတည်းရ မရှိပါဘူး။ ဖြူဖြူမည်းမည်း ဈေးအတူတူပါ။ အဲယားကွန်း မပါ အိမ်သာရေချိုးခန်းတွဲလျှက် မပါရင် လေးငါးခြောက်ယူရိုနဲ့ တည်းလို့ ခိုလို့ ရပါတယ်။
မပြောပလောက်တဲ့ ချို့ယွင်းချက် တခုနှစ်ခု မေ့ထားလို့၊ ချိုသာပျူငှာစွာ ဧည့်ဝတ်ကျေစွာ အပြုံးများစွာနဲ့ ကြိုဆိုခဲ့တာ အသိ အမှတ်ပြု၊ မနက်မိုးလင်း ချက်ကောက်လုပ်ချိန်မှာ အိတ်စ်ပရက်ဆို တခွက်သောက် ကျသင့်ငွေချေပြီး၊ တာဝန်ကျေရုံထက် ပိုကဲတဲ့ အပြုံးတွေကို လက်ပြနှုတ်ဆက်ထွက်ခွာခဲ့လေပြီ။ နောက်တနေရာဆီ။

ပြည်နယ်မြို့တော်တခုဖြစ်ပေမယ့် မယ့်ဟောင်ဆောင်ကလည်း သိပ်ကြီးကြီးမားမား မြို့တမြို့တော့ မဟုတ်ပါဘူး၊ ဒီမြို့က လေးရဲ့ဈေးနဲ့ မြို့ကလေးရဲ့ လေယာဉ်ကွင်းဆိုတာက နံရံတချပ်လောက်သာ ခြားနားနေပါတယ်။ ပြောရင် မလွန်လှသလို အဲဒီမြို့ကလေး ဘယ်လောက်ကျယ်ပါသလဲဆိုတာကို သိသာစေနိုင်ပါတယ်။ အဲဒီလိုနဲ့ မောင်ရင်ငတေတို့အဖွဲ့ မနက်စာစားဖို့ ဈေးသို့သွားရင်း မြို့လေးကို တခဏ တပတ်ပတ်ကြည့် လေဆိပ်ဘက်ကိုရောက်၊ လေဆိပ်အဆောက်အဦးက ဘုန်းကြီး ကျောင်းအလား အချွန်အတက်တွေနဲ့ပါ၊ မကြာခင်မှာပဲ ဈေးသို့ ရောက်ပါတယ်။

မယ့်ဟောင်ဆောင်ဆိုတာ အများအမြင်မှာ မယ့်ဆောက်လောက် ရွှေပြည်ကြီးနဲ့ နီးစပ်တယ် မထင်ကြတဲ့နေရာပါ၊ သို့သော် လည်း မြို့မဈေးကြီးဆိုတာ ရောက်မှ ဗမာစကားသုံးကြတဲ့သူတွေကိုလည်း တွေ့ခဲ့ရတဲ့နေရာပါ။ ထိုင်းစကား တောင်ပေါ် သားစကားတွေရဲ့အကြားမှာ ခပ်ဝဲဝဲ ဗမာစကားသံ ကြားခဲ့ရပါတယ်။ တချို့ကလည်း မောင်ရင်ငတေတို့ရဲ့ ဟောင်ဖွာဖွာ ဗမာ ငပိသံကို ကြားလိုက်ရလို့ ခပ်ပြုံးပြုံးနဲ့ ပြန်မေးပြောခေါ်ထူးလာတာကြောင့် ရောင်းသူနဲ့ဝယ်သူကြား အဆင်ပိုမို ပြေခဲ့ရပါ တယ်ဆိုရင် မမှားပါဘူး။
ပင်လယ်ရေပြင်အထက်အမြင့် မီတာသုံးရာမှာတည်ရှိတဲ့ ပြည်နယ်မြို့တော် မယ့်ဟောင်ဆောင်မြို့လေးမှာ လူဦးရေ ခြောက် ထောင်ခန့်သာနေထိုင်ကြပြီး မြို့လွင်ပြင်ပတ်ပတ်လည်မှာတော့ ရွာလေးတွေက တောင်ခါးပန်းတွေကြားမှာ တည်ရှိလို့ နေပါ တယ်တဲ့၊ တတော တတောင် တရွာလို့ ဆိုနိုင်ပါတယ်တဲ့၊ မြူခိုးမြူမှုန်တွေက အချိန်တော်တော်များများ မြို့လေးရဲ့ ကောင်း ကင်ကို ဖုံးလွှမ်းထားတာကနေ မြို့အမည် တွင်ခဲ့ရတာပါတဲ့။ ဒီဒေသ အနောက်ခြမ်းတခုလုံးက ကရင်၊ ကယား၊ ရှမ်းတို့နဲ့ ထိ တွေ့ ဆက်စပ်နေတာမို့ နေထိုင်သူတွေကလည်း ဒီအမျိုး ဒီအနွယ်တွေသာပါ။


ဈေးထဲဝင်သွားတာနဲ့ တွေ့လိုက်ရတာတွေက မောင်ရင်ငတေတို့ရဲ့ ရွှေပြည်ကြီးထွက်ပစ္စည်းတွေကို စုပုံရောင်းချနေတဲ့ ဆိုင် တွေ အများစုကိုပါ။ မယ့်ဆောက်ဈေးနဲ့တောင်မှ ပိုမိုစုံလင်သလိုပါ။
တို့ဟူးနွေး တို့ဟူးကျော်နဲ့ ရှယ်ပဲရွက်စိမ်းစိမ်း (ဓါတ်ပုံ မရငတ)
စားဖူးသူတွေရဲ့ အညွှန်းကောင်းလှတဲ့ ရှမ်းတို့ဟူးနွေး စစ်စစ်ကလည်း ရှယ်မှ အထူးရှယ်ပါ။ တို့ဟူးနွေးနဲ့ လိုက်ဘက်လှတဲ့ ပဲရွက် ပဲညွန့်ရဲ့ သဘာဝဘိုင်အိုအရသာကလည်း ထူးထူးရှယ်ပါ။
တို့ဟူးနွေးဆိုင်ရှင် ဂျီးဒေါ်ကြီးအကြောင်း (အမှန်အသက်ကတော့ မရငတနဲ့ မတိမ်းမယိမ်းဖြစ်နိုင်ပါတယ်) မေးမြန်းစပ်စုရင်းက (မျက်နှာချင်းဆိုင်က မုန့်ဟင်းခါးဆိုင်ကိုလည်း မှတ်တမ်းတင်ရင်းနဲ့ပေါ့) ဘာကြောင့် ဘယ်တုန်းက ရောက်ပြီး ဘယ်နယ် ကလည်း …. ဘလာဘလာ မေးခွန်းတွေ ပလုံစီ မေးမြန်းခဲ့တာပေါ့။ အနီးအနားက တခြားဆိုင်တော်တော်များများမှာလည်း ပဲပုတ်တွေ တို့ဟူးခြောက်တွေ ရောင်းနေတာတွေလို့ ဝယ်ခဲ့မိသေးသလို ဆေးပေါ့လိပ်တွေလည်း လက်ဆောင်ပေးလို့ ရ အောင် အားပေးခဲ့ရပါသေးတယ်။ လမ်းမှာအဆာပြေစားဖို့ တို့ဟူးနှစ်ပြန်ကြော်တွေကို ဝယ်ယူခဲ့ပြီး လင်းခေးသူ ဆိုင်ပိုင်ရှင် ဂျီးဒေါ်ကြီးကို နှုတ်ဆက်ထွက်ခွာလာပါတယ်။ မောင်ရင်ငတေရဲ့ စိတ်ကြိုက်ပဲကြော် ပဲကြီးလှော် ပဲစိမ်းကြော်တွေလည်း တွေ့လိုက်ရလို့ မဝယ်မဖြစ် ဝယ်ခဲ့ရပါသေးတယ်။
ဒီလို နေရာဒေသတွေမှာ ဒီလို မျိုးနွယ်ဖွားတွေရဲ့ ဒီလိုရိုးရာစားစရာဆိုင်လေးများ ရှိနေပါတယ်လို့ကြိုတင်၍ သိရှိခဲ့ရင်တောင်မှ မတိကျတဲ့ သတင်းအချက်အလက်တွေကြောင့် ဒီလိုမျိုးနဲ့ ဆိုက်ဆိုက်မြိုက်မြိုက် ရှာဖွေစားဖြစ်ဖို့က မလွယ်ကူတာကြောင့် ကိုကျော်ကျော်ရေ ….မမီးမီးရေ။ ကျေးဇူး တကုဋေမက များစွာ များစွာ အထူးတင်ရှိရကြောင်းပါခင်ဗျာ။
Wat Phra That Doi Kong Mu (Pratat Doi KongMoo) (ဓါတ်ပုံ မရငတ)
ထိုင်းရုပ်ရှင်တွေမှာ ပါလေ့ရှိတဲ့ မယ့်ဟောင်ဆောင်နဲ့ ရေကန်အလှ (ဓါတ်ပုံ မရငတ)
သာပါတယ် မယ့်ဟောင်ဆောင်ရယ် (ဓါတ်ပုံ မရငတ)
ဈေးထဲက တို့ဟူးနွေးတဝစားပြီး ဗိုက်လေးလေးနဲ့ ကားပေါ်ပြန်တက် မယ့်ဟောင်ဆောင်တောင်ပေါ်သို့ ခရီးဆက်ခဲ့ရပါတယ်၊ တောင်ပေါ်ဆိုတော့ ထုံးစံအတိုင်း ဘုရားတည်ထားတာပေါ့။ ဘုရားရိပ်မှာ ခဏနားခိုအပြီး အပေါ်ဆီးက မြင်တွေ့ရတဲ့ ရေ ကန်စိမ်းစိမ်း တောတောင်စိမ်းစိမ်းနဲ့ မြို့လေးရဲ့အလှကို အချိန်ပေး အရသာခံ ကြည့်မိရ ပြန်ပါတယ်။ ရသမျှအချိန်လေးမှာ ဓါတ်ပုံ ဗွီဒီယိုအပြင် မျက်လုံးနဲ့ရော စိတ်နဲ့ပါ မလွတ်တန်း မှတ်တမ်းတင်ခဲ့ရခြင်းပေါ့။ သွားခဲ့လာခဲ့တာတွေကို စားမြုံ့ပြန်လို့ ခံစားကြည့်တတ်တဲ့ မောင်ရင်ငတေ့အတွက် ဒါဟာ အရေးအကြီးဆုံး ဗွီအိုင်ပီတွေသာပါ။ မြင်ခဲ့တွေ့ခဲ့တာတွေဟာ ဘယ် လိုနည်းနဲ့မှ သရုပ်ပေါ်အောင် ပြန်ပြောပြန်ရေး မရနိုင်လောက်စရာတွေသာပါ။ တောတောင်ရေမြေသဘာဝတွေရဲ့ စိမ်းစို လတ်ဆတ်ခြင်းကို မြင်တွေ့ရခြင်းဟာ စိတ်ကျန်းမာရေးအတွက် အရေးကြီးလှတဲ့အရာတွေလို့ မောင်ရင်ငတေ ယူဆမိတာ ကြောင့် ဒီလိုခရီးတွေ သွားနေခြင်းပါ။

မယ့်ဟောင်ဆောင် မြို့တည် နန်းတည် မင်းတရားကြီးလို့ခေါ်ရမလား ထိုင်းယိုင်လူမျိုး မြို့သူကြီးရဲ့ရုပ်တုကိုတော့ အချိန် မရလို့ ကားပေါ်ကသာ ရိုက်ကူးမှတ်တမ်းတင်ခဲ့ရပါတယ်။ နောင်များမှာတော့ ဒီနယ်မြေနဲ့ မောင်ရင်ငတေတို့ရဲ့ ဒို့တိုင်း ရွှေ ပြည်တို့ ဘယ်လို ဘယ်လောက် ဆက်စပ်ပတ်သက်နေပါသလဲဆိုတာကို စပ်စုရှာဖွေ ဖတ်ရှုချင်မိပါသေးတယ်၊ အချိန်ရခဲ့ရင် ပေါ့။
အဲသလိုနဲ့ မယ့်ဟောင်ဆောင် နှုတ်ဆက်ချိန်က ရောက်လာပါပြီ။ အချိန်မရလို့ ဒီတခေါက် ဒီမျှသာပေါ့ကွာ၊ မယ့်ဟောင်ဆောင်ရေ၊ နောက်တခေါက်တော့ မြို့လုံးအနှံ့ အေးအေးဆေးဆေး လမ်းလေးလျှောက်ခွင့် ရချင်ပါသေးတယ်။ ချောမွေ့တဲ့ ဆက်ဆံရေးနဲ့ အစဉ်ပြေခဲ့တဲ့အတွက် ကျေးဇူးများစွာနဲ့ မှတ်တမ်းတင်လိုက်ပါတယ်။ မယ့်ဟောင်ဆောင်သူ … မယ့်ဟောင်ဆောင်သားတို့ရေ။
တောင်ပေါ်ကပြန်ဆင်းလာပြီး နာမည်ကျော် မယ့်ဟောင်ဆောင် ပိုင် ချင်းမိုင်း လမ်းအမှတ် (၁၀၉၅) အတိုင်း ခရီးဆက်ပါပြီ။ ချင်းမိုင်အထိတော့ မဟုတ်ပါဘူး။ မောင်ရင်ငတေတို့ရဲ့ ဦးတည်ရာခရီးက မယ့်ဆိုင် တာချီလိတ်နဲ့ ရွှေတြိဂံဆုံချက်ဆီသို့ပါ။ ဒါပေမယ့် မယ့်ဟောင်ဆောင်ကနေ ရွှေတြိဂံထိက ကီလိုမီတာ လေးရာ့ရှစ်ဆယ်ကျော်ဝေးတာမို့လို့ လမ်းမှာဝင်ကြည့်စရာ အေးဆေးဝင်ကြည့်ကြပြီး နားခိုစရာ ကောင်းမယ့်နေရာ တနေရာမှာ တညတာ ဝင်နား၊ နောက်တနေ့ မနက်မှာမှ မယ့်ခေါင်ဆီ အရောက်သွားဖို့ စဉ်းစားထားကြပါတယ်။ အကွေ့အကောက်တွေကများ တောင်ပေါ်လမ်းလည်းဖြစ် အရေးတကြီးကိစ္စနဲ့ သွားတဲ့ခရီး မဟုတ်တာကြောင့် သက်တောင့်သက်သာ ရည်ရွယ်တာပါ။
မယ့်ဟောင်ဆောင်ကနေ Pai ပိုင်အထိ ကီလိုမီတာ တရာကျော်မောင်းသွား၊ ရှုခင်းကောင်းတဲ့နေရာ တွေမှာ ခဏနားရင်းကြည့် ကြ၊ ပိုင်ကနေ လမ်းအမှတ် (၁၀၉၅) အတိုင်း ချင်းမိုင်မရောက်ခင် (၁၀၇) လမ်းဆုံထိသွား၊ (၁၀၇) လမ်းအတိုင်း အနောက် မြောက်ဘက်သို့ Fang ဖန်းမြို့လေးသို့ အရောက်သွားလို့ ညအိပ်နားခိုစရာရှာ တညတာ နားခိုကြမယ်ရည်ရွယ်ကြပါတယ်။
Mae Hong Son Loop (ဓါတ်ပုံ မရငတ)
ထိုင်း မယ့်ဟောင်ဆောင်လို့ပြောလိုက်ရင် နိုင်ငံတကာက ခရီးသွားလောကသားတွေအတွက် တောတွေတောင်တွေ အကွေ့ တွေအကောက်တွေကို မြင်ယောင်လာတယ် ဆိုကြပါတယ်။
(၁၀၉၅) နဲ့ (၁၀၈) လမ်းတွေက ဒီဒေသမှာနာမည်ကြီးတဲ့ Mae Hong Son Loop ရဲ့ အစိတ်အပိုင်းတွေပါ။ ကီလိုမီတာ ခြောက်ရာကျော်ရှည်တဲ့ အဲဒီမယ့်ဟောင်ဆောင် ပတ်လမ်းဆိုတာက ချင်းမိုင်၊ မယ့်ဆရီယန်၊ ခွန်ယွန်း၊ မယ့်ဟောင်ဆောင် ပိုင်၊ ချင်းမိုင် စက်ဝိုင်းသဖွယ်မြို့ဆက်ပတ်လမ်းကို ဆိုလိုတာပါ။ အဲဒီ တောင်ပေါ်ပတ်လမ်းမှာ အကွေ့ပေါင်း ၁၈၆၄ ကွေ့ ရှိတယ် ဆိုပါတယ်။ ဟုတ်မဟုတ်က ကိုယ်တိုင်ကိုယ်ကျ ရေတွက်မကြည့်နိုင်လို့ သေချာတပ်အပ် မပြောနိုင်ပေမယ့် များတာ တော့ မှန်ပါပေတယ်။ မူးမော်တတ်သူများ ရှုဆေးဘူးတွေ အဆင်သင့်ဆောင်လာကြပါရန် နှိုးဆော်ထားတာကို တွေ့ရသလို မောင်ရင်ငတေတို့လို ဘယ်တော့မှ မမူးတတ်သူများအတွက်ကတော့ အံကိုက်သာပါ။
မယ့်ဟောင်ဆောင်ကနေ စထွက်လာချိန်က မနက်ဆယ်နာရီခွဲ ရှိနေပါပြီ။ ရာသီဥတုက အတော်ကို သာယာသလို နေလည်း ပြင်းပါတယ်။ မယ့်ဟောင်ဆောင်-ပိုင်-ချင်းမိုင်သွားတဲ့ လမ်းအမှတ် (၁၀၉၅) ပေါ်က နာမည်ကျော် (Most Beautiful 762 Curves on Route of Pai) ၇၆၂ ကွေ့နဲ့အတူ လှပတဲ့ရှုမျှော်ခင်းတွေကို ဖြတ်သန်းရမှာပါ။ ဒီအကွေ့အကောက်တွေ ကြောင့်လည်း လူဖြူတွေအလာများတဲ့ အရပ်ဒေသ ဖြစ်လာတယ်ဆိုလည်း မမှားပါဘူး။
တကယ်ကတော့ မောင်ရင်ငတေ သွားခဲ့တာက ခဏတဖြုတ် ဖြတ်လျှောက်ရုံ အဆင့်မျှသာပါ။ အဲဒီဒေသ အဲဒီနေရာတွေကို ရူးသွပ်ကြသူများကတော့ လေးငါးဆယ်ရက်မျှမက တလတန်သည် နှစ်လတန်သည် နေထိုင်ကြပြီး တောစိမ်း တောင်စိမ်း မြစ်ချောင်းစိမ်းတွေကြားမှာ စက်ဘီးတွေ ဆိုင်ကယ်တွေနဲ့တမျိုး ခြေလျှင်တောင်တက်လို့တမျိုး အနားယူဇိမ်ခံကြပုံများ အကြောင်းတွေကို ဘာသာမျိုးစုံနဲ့ ရေးသားဆဲ ရေးသားထားပြီးသားတွေ အများအပြား ရှိပါတယ်။ မောင်ရင်ငတေ ရေးတာ တွေက အပေါ်ယံ ဖြတ်လျှောက် နှမ်းဖြူးရုံ ဖြူးတဲ့ အဆင့်သာပါ။

တချို့သူတွေ (လူဖြူတွေပေါ့) ကတော့ ဒီနေရာမျိုးတွေမှာ အခြေချနေထိုင် စီးပွားလုပ်ကိုင်နေကြပါပြီ။ ပြင်သစ် ဆိုသူတွေကို လည်း နေရာတကာ ပြေးမလွတ် အများအပြား တွေ့ရပါတယ်။
တကယ်တော့ ဒီလိုနေရာမျိုးတွေကို ရှာဖွေဖော်ထုတ်လို့ အမြတ်ထုတ် သွေးစုပ်ချယ်လှယ်တယ် ပြောရမလား၊ ဒါမှမဟုတ် ဒေသဖွံ့ဖြိုးရေးကို စွမ်းစွမ်းတမံ တဘက်တလမ်းက ကူညီသူ ခေတ်မီသူများလို့ ပြောရလေမလား … မသိပါ။ ၁၉၈၀ ခုနှစ် များလောက်ဆီကပင် ရောက်ရှိ အခြေချ လုပ်ကိုင်နေသူတွေကတော့ လူဖြူဖြူတွေသာပါ။
သူတို့တတွေရဲ့ ခရီးသွားခြင်း အနုပညာကို၊ အမြင်ကျယ်ကြပုံများ မောင်ရင်ငတေကတော့ သူတို့တတွေကို အားကျမိရုံ မှတပါး ….

အကွေ့ အကောက်ပေါင်း ၇၆၂ ကွေ့ ရှိတယ်ဆိုတဲ့ ပိုင်မြို့လေးကနေ ချင်းမိုင်သွားတဲ့ လမ်းအမှတ် (၁၀၉၅) ရဲ့ စိတ်ဝင်စားဖွယ် ရာအကြောင်း သောင်းပြောင်းထွေလာတွေကိုတော့ အပိုင်း (ငါး) အဖြစ် ဆက်လက်ရေးသားပါမယ်။
ကျေးဇူး အထူးတင်စွာဖြင့်
ကျောက်ဖရား သောင်ရင်းမှသည် မယ့်ခေါင်ဆီသို့ စာစု (၄) (နေကြာရိုင်းများဆီမှတဆင့် မယ့်ဟောင်ဆောင်) စာစုကို ဒီ နေရာမှာ ရပ်ပါမယ်။
မောင်ရင်တေ ၁၆၁၁၂၀၁၆-၂၆၁၂၂၀၁၆