ကဗျာ

မြတ်လှိုင်း ● ပိတောက်ကို သစ္စာဖောက်သူများ

မြတ်လှိုင်း ● ပိတောက်ကို သစ္စာဖောက်သူများ
(မိုးမခ) ဧပြီ ၁၂၊ ၂၀၁၇

ပိတောက်နဲ့ခမောက်ကို
ဘယ်သူလုယူခဲ့သလဲ
သူတို့လုယူလိုက်ကတည်းက
ပိတောက်ပန်းတွေဖောက်ပြန်သွားတယ်
အာဏာရှင်ရဲ့ဒေါက်တိုင်ပေါ်မှာ ခမောက်ကိုချိတ်လို့။

ပိတောက်တွေလှိုင်မယ့်နှစ်
ခမောက်တွေနိုင်မယ့်ခေတ်ဆိပြီး
ငါ့နိုင်ငံတော်ကြီး ကခုန်ခဲ့တယ်
အဲဒီနှစ်က မှတ်မှတ်ရရ ပိတောက်တွေနောက်ကျပြီးမှပွင့်ခဲ့
ခမောက်တွေအကျဉ်းထောင်ထဲရောက်ခဲ့
အိပ်မက်တွေနဲ့ ကခုန်ပြီးပျော်ခဲ့တဲ့ ငါနိုင်ငံတော်လည်း
အကြီးအကျယ်အလိမ်ခံခဲ့ရတယ်။

အခုအချိန်မှာတော့
အတာသင်္ကြန်နဲ့ပိတောက်ပန်းက
ရှင်ကွဲကွဲနေတာကြာခဲ့ပြီ
သင်္ကြန်မှာဖက်ဆွတ်မိုးမရွာခဲ့တာကြာပြီ
အတာနဲ့ပိတောက်တွေ ခမောက်ပြန်ဆောင်းနိုင်ဖို့
ပြည်သူရဲ့အမိန့်ကိုနာခံ
ငါ့နိုင်ငံတော်သစ္စာဖောက်သူတွေကို ကန့်ကွက်လိုက်တယ်။

မြတ်လှိုင်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts