ကဗျာ

ကမ်လူဝေး ● သင်္ကြန်

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ကမ်လူဝေး ● သင်္ကြန်
(မိုးမခ) ဧပြီ ၁၂၊ ၂၀၁၇

ပျော်ရွှင်ခြင်းလား
ရူးသွပ်ခြင်းလား
မခွဲခြားနိုင်ခင်မှာ
အားလုံး
ပျော်ရွှင် ရူးသွပ်နေကြ
ရူးသွပ် ပျော်ရွှင်နေကြ။

ပျော်ရွှင်ခြင်းမှာ ရူးသွပ်တာလား
ရူးသွပ်ခြင်းမှာ ပျော်ရွှင်တာလား
ဘယ်သူမှ မစဉ်းစား။

ပိတောက် ငုဝါ
နီကြောင်ကြောင် ဆံပင်ထောင်ထောင်
ရွဲရွဲစို ရေစက်များ
ယမကာ စတုဒီသာ
တရားဓမ္မ တဏှာရာဂ
စီးပွားရေး ကုသိုလ်
မုန့်လုံးရေပေါ် သန္ဓေသားဆေး
ဗူးခွံကောက်တဲ့ ကလေး
ပန်းကုံးကြီးနဲ့ဘဘကြီး
အရာရာဟာ
အမွှေဆရာလက်က ပြန်ထွက်လာသလို
ရောယှက် ရောထွေး။

မနှစ်က တွေ့တဲ့ ချစ်သူလေးကို
ပြန်တွေ့နိုးနိုး ဖွေရှာ
ချစ်စရာဇာတ်လမ်းလား။

အပျိုရည်ပျက်သွားတဲ့ ညနေ
ဒူးနဲ့မျက်ရည်သုတ်
ဝေဒနာဇာတ်လမ်းလား။

ဘယ်သူတွေဘာပြောပြော
ဒီဂျေသံနဲ့ ကခုန်ရင်း
မြနန္ဒာနဲ့ယိမ်းနွဲ့ရင်း
သိကြားမင်းက တစုံတခုကိုစီးပြီး
လူ့ပြည်ကိုဆင်းလာ
လက်မှာ
မှတ်စရာ ခွေးရေ ပုရပိုက်နဲ့
ဝတ္တရားမပျက်
မှတ်ချင်ရာတွေမှတ်ရင်း
သင်္ကြန်ဟာ တနှစ်တခါ
ရောက်လာပြန်ပြီ။ ။

ကမ်လူဝေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts