(မိုးမခ) ဧပြီ ၉၊ ၂၀၁၇
(တစ်)
“စာရေးဆရာ၊ ကဗျာဆရာဆိုတာ မီးလောင်နေတဲ့ ကြယ်တွေပါကွာ။ လောင်နေတုန်းတော့ မီးတောက်တွေနဲ့ လှပနေသ လိုပါပဲ။ လောင်ကျွမ်းပြီးစီးတဲ့အခါမှာတော့..”
သူဟာ စကားကိုဆုံးအောင် မပြောနိုင်ဘဲခေါင်းငိုက်စိုက်ကျသွားပါတယ်။ သူဟာ အမြဲတစေ ငြိမ်သက်နေတတ်တဲ့လူ။ စ ကား လုံးတွေကိုလည်း အခါခပ်သိမ်း အနည်းငယ်မျှလောက်သာ ပြောလေ့ရှိသူတယောက်ပါ။
သို့ငြား သူ့ရဲ့ ကိုယ်ခန္ဓာထဲကို အယ်လ်ကိုဟောတွေ လိုအပ်တာထက်ပိုပြီးစီးဝင်သွားရင်တော့ အရာရာဟာ ပုံမှန်မဟုတ်တော့ပါဘူး။ စကားလုံးတွေဟာ ပြဇာတ်ဆန်လာပါပြီ။ စကားလုံးတွေ ပြဇာတ်ဆန်လာရုံတင်မကဘူး။ မြို့ပြထဲမှာ ပျောက်ဆုံးနေတဲ့ သူ့ကိုယ်သူပြန်လည်တွေ့ရှိသွားပြီလို့လည်း ခဏခဏပြောပြီပေါ့။
အဲဒီနေ့ မနက်ပိုင်းကတော့ သူ့ကိုယ်သူတောင် ရှာဖွေမသွားနိုင်ခဲ့ပါဘူး။ စားပွဲပေါ်ကိုဝုန်းကနဲ လဲပြိုသွားတော့တာပါပဲ။ဆိုင်ရှေ့မှာ ချက်ပြုတ်ကြော်လှော်နေတဲ့ ကိုယောဟန်ကတော့ ဝုန်းကနဲ လဲပြိုသွားတဲ့အသံကို ကြားလိုက်တာနဲ့ ကျွန်တော်တို့ ဝိုင်းကို ရောက်လာပါတယ်။
“သူ ဆိုင်ကို အစောကြီးလာတာကိုဘုရားသခင်ကလည်း ကြိုက်မှာမဟုတ်ပါဘူးကွာ။ ဒါပေမယ့် ဒီကောင် ဆိုင်ကို အစော ကြီးရောက်လာခဲ့တယ်။ ဘာဖြစ်လာတာလည်းမေးတော့လည်း မပြောဘူးကွ။ သူ့ပုံစံကိုကြည့်ရတာဟာ ဘုရားသခင်မေး မြန်းရင်တောင် ပြန်ဖြေမယ့် လက္ခဏာမျိုး မရှိဘူးကွ”
ကိုယောဟန်ဟာ ကဗျာဆရာကိုကြည့်ပြီး ပခုန်းတချက် တွန့်လိုက်ပါတယ်။
ကျွန်တော်တို့ အဝန်းအဝိုင်းမှာတော့ ဒီလိုဖြစ်စဉ်မျိုးတွေဟာ များပြားလှပြီပေါ့။ အထူးအားဖြင့် ကဗျာဆရာပေါ့။ သူ့ဘဝမှာ သူဖွင့်ပြီးတိုက်နေရတဲ့ စစ်မျက်နှာပြင်တွေဆိုတာ ခပ်များများမို့လား။ ဘယ်အချိန်ကြည့်လိုက်ကြည့်လိုက် သူဟာ စစ်မျက်နှာပြင်တခုခုမှာတိုက်လို့ ခိုက်လို့။ အခုလည်း တခုသောစစ်မြေပြင်ကနေပြီး ကိုယောဟန်ရဲ့ဆိုင်လေးရှိရာကို အောင်မြင်စွာနဲ့ ဆုတ်ခွာခဲ့တာပဲဖြစ်ပါလိမ့်မယ်။
အပြင်ဘက်ကို လှမ်းကြည့်လိုက်တော့မိုးရေစက်တွေဟာ ဖြိုးဖြိုးဖြောက်ဖြောက်နဲ့။ လောကသုံးပါးဟာလည်း မိုးရေစက်တွေ အောက်မှာ အေးစက်ထိုင်းမှိုင်းလို့။
အတူပါလာတဲ့ မဂ္ဂဇင်းအယ်ဒီတာလေးကတော့ ပခုန်းပေါ်က လွယ်အိတ်ကို နံရံပေါ်မှာပြောင်းချိတ်လိုက်ပြီ။ဝတ္တုတိုဆရာကတော့ဘာမှ ပြောမနေတော့ဘူး။ ခုံတလုံးကို ဆွဲယူလိုက်ပြီး ထိုင်ချလိုက်ပါပြီ။
သေချာတာပေါ့။ ကျွန်တော်တို့ဟာ မိုးရေစက်တွေနဲ့ အေးစက်စိုထိုင်းနေတဲ့ အခုလိုနံနက်ခင်းမျိုးမှာ သူငယ်ချင်းကဗျာဆရာ ကိုဝန်းရံပေးရမယ်ဆိုတာ သိပ်ကို သေချာသွားခဲ့ပြီပေါ့။
(နှစ်)
ဒီဆိုင်လေးဟာ ကျွန်တော်တို့အတွက်တော့ တတိယနယူးယောက်မြို့တော်ပါပဲ။ ကျွန်တော် သောက်ခဲ့ဖူးသမျှ ဆိုင်တွေထဲ မှာ ကျွန်တော်တို့အပေါ် နွေးထွေးမှုအရှိဆုံးပေါ့။ လူအသွားအလာ ကျဲပါးပြတ်တောက်လှတဲ့ ဒီနေရာလေးကို ဘယ်လိုလုပ်ပြီးတော့များ ရှာဖွေတွေ့ရှိခဲ့တယ် မပြောတတ်ဘူး။
ပြီးတော့ကဗျာဆရာလို့မပြောရဘူး။ ဆိုင်လေးကိုနာမည်ပေးထားလိုက်တာ ညမွှေးပန်းဗျစ်ဆိုင်တဲ့။
ဆိုင်လေးနဲ့ ခပ်လှမ်းလှမ်းမှာ အရိုင်းဆန်ဆန် ထူထူအုပ်အုပ် ပေါက်နေတဲ့ ညမွှေးပန်းပင်လေးတွေကို သင်္ကေတပြုပြီး ပေး ထားခဲ့တဲ့ အမည်နာမလေးပေါ့။ လေပြေနု ဝေ့ခတ်သွားလေတိုင်း ရထားလမ်းဘေးတလျှောက်ဟာ ညမွှေးပန်းရနံ့တွေ တဝေဝေနဲ့ပေါ့။
ညမွှေးပန်းတွေပေါက်နေတဲ့ နေရာနားမှာပဲ စက်ရုံအိုကြီး တရုံရှိပါတယ်။ လရောင်ပြာပြာမှုန်မှုန် ထိုးကျနေတဲ့ ညမျိုးဆိုရင် ညထဲကိုငေါထွက်နေတဲ့ စက်ရုံထဲက ခေါင်းတိုင်ကြီးဟာ ချောက်ချားစရာတောင် ကောင်းလှတယ်။ တိတ်ဆိတ်နေတဲ့ စက်ရုံကြီးဟာလည်းအမှောင်ထဲမှာ တစ္ဆေကြီးတကောင် ငုတ်တုတ်ထိုင်နေတဲ့အတိုင်းပါပဲ။ သန်းကောင်ညတွေများ စက်ရုံရှေ့ က ဖြတ်လျှောက်သွားရင်အမှောင်ထဲကနေပြီး တစ္ဆေတွေ တကောင်ပြီး တကောင် ခုန်ထွက်လာမှာလားလို့တောင် ထင်မှတ် ရပါရဲ့။
ဟိုးဖက် နှစ်တွေတုန်းကတော့ စက်ရုံကြီးဟာ ဥသြတွေ အချိန်မှန်မှန်ဆွဲလို့။ ခေါင်းတိုင်ထဲမှာလည်း မီးခိုးပြာတွေ တလူလူ လွင့်လို့။ အနီးဝန်းကျင်မှာလည်း စက်ရုံအလုပ်သမားတွေနဲ့ ရှုပ်ထွေးလှုပ်ခတ်လို့။ သက်တမ်းရင့် စိန်ပန်းပင်ကြီးတွေကလည်း ပင်လုံးကျွတ်နီးပါး ရဲရဲရင့်ရင့် ပွင့်ဝေလို့။ အုတ်တံတိုင်းခပ်မြင့်မြင့်ကာထားတဲ့ ဝိတိုရိယခေတ်ပုံ အဆောက်အအုံတွေဆီက ပီယာနိုတီးသံ သဲ့သဲ့ဖွဖွကလည်း ညနေခင်းတိုင်းလိုလို ရထားသံလမ်းတလျှောက်မှာ လွမ်းဆွတ်ဖွယ်ရာ လွင့်ကျလို့။
ကျွန်တော်တို့ ဒီနေရာလေးကို ရောက်လာတော့ အခင်းအကျင်းတွေဟာ ပြောင်းလဲသွားခဲ့ပါပြီ။အရေပြားပေါ်မှာ ဆားပွင့်နေတဲ့အလုပ်သမားကြီးတွေကို ကျွန်တော်တို့ မမြင်ရတော့ပါဘူး။နေလောင်ထားတဲ့ မျက်နှာမည်းမည်းကြီးတွေဟာ ကျွန်တော်တို့အပါးမှာ မရှိတော့ဘူး။ ရထားသံလမ်းတလျှောက် ပြေးလွှားဆော့ကစားနေတဲ့ ကလေးငယ်လေးတွေနဲ့မနက်တိုင်း သန်းဥစမ်းနေတဲ့ မိန်းမကြီးတွေဟာ ကျွန်တော်တို့ရဲ့မြင်ကွင်းထဲမှာ မရှိတော့ပါဘူး။ သွေ့ခြောက်မွဲရီနေတဲ့ တဲအိမ်စုလေး တွေဆိုတာလည်း တလုံးမှကို မရှိတော့ဘူး။
သူတို့ ဘယ်တွေရောက်ကုန်ပြီလဲလို့ကိုယောဟန်ကိုမေးကြည့်တော့ …
”သူတို့ ဘယ်နေရာတွေ ရောက်ကုန်လဲဆိုတာ ဘုရားသခင်တောင်သိပါ့မလား မသိပါဘူးကွာ။ နှစ်တွေက သိပ်ကြာသွားခဲ့ပြီ မဟုတ်လား”
အဲဒီညတုန်းက ကျွန်တော်က မမြင်လိုက်ရတဲ့ ဘဝခါးခါးတွေကိုလွမ်းမိတယ်။ ကိုယောဟန်ကတော့ မြင်တွေ့ခဲ့ဖူးတဲ့ ဘဝတွေကို ငေးရီလွမ်းဆွတ်သွားပုံရတယ်။ သူ့ရဲ့မျက်လုံးတွေဟာ ညထဲမှာ တည်ငြိမ်လေးနက်လို့။
တခါတခါ ရထားတစင်းတလေ တဝုန်းဝုန်းနဲ့ ခုတ်မောင်းသွားတဲ့ အချိန်မျိုးမှာတော့ လူတွေဟာ ယိမ်းထိုးလှုပ်ခါသွား။ စကား လုံး တွေဟာ ယိမ်းထိုးလှုပ်ခါသွား။ အရက်ခွက်တွေဟာ ယိမ်းထိုးလှုပ်ခါသွား။ ဘဝတွေဟာ ယိမ်းထိုးလှုပ်ခါသွားတတ်ပါရဲ့။ ညမွှေးပန်းရဲ့ ဖြစ်တည်မှုညတွေပေါ့။ တချို့ညတွေများ ယိမ်းထိုးလှုပ်ခါသွားရုံတင် ဘယ်ကလိမ့်မှာလဲ။ အကုန်လုံးဟာ အလဲ လဲအပြိုပြိုတွေဖြစ်လို့။ အားလုံးဟာ ရေဆူမှတ်ကို ကျော်လွန်သွားခဲ့ပြီမဟုတ်လား။ ညတွေဟာ ဆူပွက်သွားပြီပေါ့။ လရောင်ဟာ ဆူပွက်သွားခဲ့ပြီပေါ့။ ကြယ်ပွင့်တွေဟာ ဆူပွက်သွားခဲ့ပြီပေါ့။ ညမွှေးပန်းရနံ့ဟာလည်း အသေအချာကို ဆူပွက်သွားခဲ့ပြီပေါ့။ အဲဒီလို ညမျိုးဆိုရင် ကိုယောဟန်လည်းပြာယာခတ်ပြီပေါ့။ ဖောက်သည်တွေနဲ့ ဆူညံပွက်လောထနေတဲ့ ညမွှေးပန်း ဗျစ်ဆိုင်လေးကို ခေတ္တခဏကျောခိုင်းပြီး ကျွန်တော်တို့လေးယောက်ကို အနီးဆုံးကားဂိတ်ကို လိုက်ပို့ပေးရပြီပေါ့။
“ရိုင်းမြစ်ကမ်းဘေးက ဝိုင်အရက်မှကောင်းတာ မဟုတ်ပါဘူးကွာ။ ရထားသံလမ်းဘေးက ထန်းလျက်မီးတောက်ကလည်း ပျံနေအောင် ကောင်းတာပါပဲကွာ”
အပြန်လမ်းတလမ်းလုံးလည်း ကဗျာဆရာရဲ့ အသံတွေချည်းပါပဲ။ တခါ တခါ လဲပြိုနေရင်းနဲ့ မာယာကော့စကီးရဲ့ကဗျာတွေကို သံနေသံထားနဲ့ ရွတ်နေတတ်သေးတယ်။ ညကြီးအချိန်မတော် မည်းမည်းမှောင်မှောင်နဲ့ဆိုတော့ ခွေးတွေကလည်း တစီစီနဲ့ ထိုးဟောင်လို့ပေါ့။ ကားလမ်းနဲ့ ရထားလမ်းလေး ဆုံရာကိုရောက်ရင်တော့ ယက်ဗ်တူရှင်ကိုရဲ့ ဇီမာလမ်းဆုံကို တ လုံးတပါဒမှ အမှားအယွင်းမရှိအောင် ရွတ်ပြီပေါ့။
အနီးဆုံးကားဂိတ်ဆိုတာကလည်း မည်းမှောင်အေးစက်နေတဲ့ ရထားလမ်းလေးကိုတော်တော်ကြာအောင် လျှောက်သွားရ တဲ့ခရီးတာ အကွာအဝေးပါ။
တလမ်းလုံး သူကလဲလိုက်၊ ကိုယ်က လဲလိုက်နဲ့။ သည်ကြားထဲ လက်နှိပ်ဓာတ်မီး တဝင်းဝင်းနဲ့ ကိုယောဟန်ကပါ ကျွန်တော်တို့ကို ထူမတ်နေရင်း လဲပြိုနေလေတော့ လရောင်မှုန်မှုန်ရီရီနဲ့ ညဟာ လွမ်းဆွတ်စရာတောင် ကောင်းနေပါသေးတယ်။
ညလို့သာဆိုတယ်။ နှပ်ချေးတွဲလောင်းနဲ့ ကလေးငယ်လေးတွေနဲ့ ချေးအထပ်ထပ်တက်ပြီး ညစ်ထေးပေရေနေတဲ့ကလေး ငယ်လေးတွေဟာ ကိုယောဟန်ရဲ့လက်နှိပ်ဓာတ်မီးအောက်မှာ မကြာခဏဆိုသလို ဖျပ်ကနဲ ဖျပ်ခနဲနဲ့ ပေါ်လာတတ်ပါ တယ်။
“ဒီကလေးတွေ မအိပ်သေးဘူးလား။ ဘာဖြစ်လို့ မအိပ်သေးတာလည်း” လို့ ကဗျာဆရာက မေးတော့….
“အမြန်ရထားတစီး လာဖို့ရှိသေးတယ်လေကွာ။ အဲဒီရထားလာရင် ကလေးတွေအတွက် မုန့်တွေ၊ အချိုရည်ဘူးတွေ၊ ရေသန့် ဘူးတွေ ပစ်ချပေးသွားတတ်တယ်လေ” လို့ ကိုယောဟန်ကပြန်ပြောတော့ ကဗျာဆရာဟာ ဝမ်းနည်းပက်လက်နဲ့ ရှိုက်ကြီး တငင် ငိုကြွေးနေခဲ့တာကို ကျွန်တော်အမှတ်ရနေသေးတယ်။
ကိုယောဟန်ကတော့ ပြောရှာပါတယ်။
“ရထားလမ်းကလည်း အမြဲတမ်းလိုလိုမည်းမှောင်နေတော့ ဘုရားသခင်ကလည်း မမြင်ဘူးနဲ့တူပါတယ်ကွာ။ အကယ်၍ မြင်ခဲ့ရင်တော့ အဲဒီကလေးတွေနဲ့ပတ်သက်ပြီး ဘုရားသခင်ဟာ တခုခုတော့ လုပ်ပေးမှာပါကွာ” တဲ့။
ပြောမယ့်သာ ပြောနေတာပါ။ ကျွန်တော်တို့ရဲ့ကဗျာဆရာဟာ ဟောဒီ ညစ်စုတ်စုတ်ရထားလမ်းလေးကို ရှောင်ဇေလီဇေ လမ်းထက်တောင် ပိုပြီးတော့ ချစ်မက်ပါတယ်။ ပန်းချီကားတွေ၊ ကော်ဖီရနံ့တွေ၊ ရေမွှေးရနံ့တွေ ရောထွေးစိမ့်ဝင်နေတဲ့ ရှောင်ဇေလီဇေလမ်းထက်စာရင် ထမင်းတနပ်၊ ဟင်းတဖတ်အတွက် အမြဲတစေ လှုပ်ရှားရုန်းကန်နေရတဲ့ ဟောဒီရထားလမ်း မွဲမွဲရီရီလေးဟာ သူ့အတွက်တော့ ဘယ်သောအခါမှ ပြီးဆုံးမှာမဟုတ်တဲ့ ကဗျာရှည်တပုဒ်ပေါ့။ ကလေးငိုသံ၊ ခွေးဟောင်သံ၊ ရန်ဖြစ်သံ၊ ထီလှည်းက သီချင်းဖွင့်သံများနဲ့ ဆူညံပွက်လောထနေတဲ့ ဟောဒီအရပ်လေးကို ပီကာဆိုတို့၊ ရိုဆူးတို့နေသွားတဲ့ မွန်မတ်တောင်ကုန်းရပ်ကွက်ထက်တောင် သူကပိုပြီးစိတ်ဝင်စားနေသေးတယ်။ ယင်ကောင်တွေ တဝီဝီ အော်ဟစ်ပျံသန်း ပြီး အခါခပ်သိမ်း ညစ်ထေးစုတ်ချာနေတဲ့ လက်ဘက်ရည်ဆိုင်လေးကတော့ သူ့မျက်စိထဲမှာ ရိုတွန်းကဖေးထက်တောင် လှ ပခမ်းနားနေမလား မဆိုနိုင်ဘူး။
တချို့သောနေ့ခင်းနေ့လည်မျိုးတွေမှာ အဲဒီလက်ဘက်ရည်ဆိုင်လေးမှာ ကဗျာဆရာသွားထိုင်ပြီဆိုရင် ကိုယောဟန်က နှာခေါင်းရှူံ့တတ်ပါတယ်။
တရက်မှာ “ဒီလောက် ယင်ကောင်တွေများတဲ့ဆိုင်ကို ဘုရားသခင်ကတော့ ကြိုက်နှစ်သက်မယ်မထင်ပါဘူးကွာ။ ဒီကောင် ဘာကိုသဘောကျတယ်မပြောတတ်ပါဘူး” လို့ပြောတော့ ကဗျာဆရာဟာ တစုံတခုကို သတိရဟန်နဲ့ …
“နေပါဦးဗျ။ ခင်ဗျားက ဘုရားသခင်ကို ချစ်ခင်လေးစားတဲ့လူဆိုတော့ မေးရဦးမယ်။ ဂေါ့ (ဒ်) က ကြွေအံကစားသလားဗျ၊ ကျွန်တော်တနေရာရာမှာ ဖတ်ဖူးတယ် အောက်မေ့လို့”
“ဟာ …တောက်တီးတောက်တဲ့ကွာ။ ဒွန္နယာမှာ ဘုရားသခင်လောက် အလုပ်များတာ ရှိနိုင်ပါ့ဦးမလားကွာ။ အဲဒီလောက်အလုပ်များတဲ့ ဘုရားသခင်ဟာ ဘယ့်နှယ့်လုပ်ပြီး ကြွေအံကစားနိုင်မှာလဲ ငါ့ကောင်ရာ” လို့ပြောပြီး ခေါင်းတယမ်းယမ်းနဲ့ ထွက်သွားတာကို ကျွန်တော်အမှတ်ရနေပါသေးတယ်။ ပျော်ရွှင်ခဲ့ရတဲ့ နေ့ရက်တွေပါပဲ။ ဘဝအခြေအနေမပေးလို့သာ စာပေနဲ့ ကင်းကွာခဲ့ရပေမယ့် ကိုယောဟန်ဟာ အရင်တုန်းကစာဖတ်ခဲ့တဲ့ လူတယောက်ပါ။ အဲဒီ စာပေချစ်စိတ်အခံနဲ့ပဲ ကျွန်တော်တို့အဖွဲ့ကို ညီရင်းအစ်ကိုလို သူ ချစ်ခင်ခဲ့တာပေါ့။ ကျွန်တော်တို့အဖွဲ့ ဘယ်လောက်ဆိုးဆိုး သူ အနွံတာခံခဲ့တာပေါ့။
ဟိုးတညကလည်း ကျွန်တော်တို့အဖွဲ့ငြင်းကြခုန်ကြရင်းနဲ့ ထုံးစံအတိုင်း ရေဆူမှတ်ကို ကျော်လွန်သွားခဲ့ပြီပေါ့။ ဆိုင်ထဲမှာ လည်းတယောက်မှ မရှိတော့ဘူး။ အမြီးတယမ်းယမ်းနဲ့ ခုနှစ်စင်ကြယ်ဟာလည်း ကျွန်တော်တို့ ခေါင်းပေါ်မှာ ရောက်နေပြီဆိုတော့ ပြန်ဖို့ကောင်းပြီပေါ့။
ဒါပေမယ့် ကျွန်တော်တို့ မပြန်ဖြစ်ကြသေးဘူး။ လရောင်ကိုကြည့်ပြီး အိမ်ပြန်ဖို့ ကျွန်တော်တို့ မေ့လျော့နေခဲ့ကြတယ်။
ဒီလောက် ဆန်းကြယ်လှပတဲ့ လရောင်ကို တကြိမ်တခါမှ ကျွန်တော်မတွေ့ဖူးသေးဘူး။ လရောင်ဟာ ဗေဒါရောင်နဲ့ နူးညံ့စို လွင်နေတယ်။ တိမ်တွေကလည်း ဖြူ မည်းနီ ညို ဝါ ပြာ စိမ်း အသွေးစုံ….. အရောင်စုံ …
ဗေဒါရောင်ရွှန်းစိုနေတဲ့ သန်းခေါင်ညထဲက ရောင်စုံတိမ်တိုက်များရဲ့ အရွေ့အလျားကိုကြည့်ပြီး ကိုယောဟန်လည်း အံ့သြ မင်သက်နေတယ်။
“ဒီလိုညမျိုးမှာ ဟောဒီ ရထားလမ်းလေးထဲကို ထရိုဂျင်မြင်းကြီး ဟီသံပေးဝင်လာရင်တောင် အံ့သြစရာ မဟုတ်ပါဘူးကွာ။ ညက တအားလှနေတာကိုး” လို့ပြောတော့ ကဗျာဆရာက မီးတောက်တလုံးကို ဆွဲထုတ်လာတယ်။
“ဒီလိုညမျိုးမှ ငါတို့မသောက်ဘူးဆိုရင် ငါတို့ဟာရူးနေလို့ပဲ ဖြစ်ရမယ်လို့” ပြောပြီး ဆိုင်အပြင်ဘက်ကို ထွက်ပြေးသွားလေ ရဲ့။ ကျွန်တော်တို့အားလုံးဟာ ခွက်တွေကိုယ်စီကိုင်ပြီး ညထဲကို ကသောကမျော ပြေးထွက်ခဲ့ရပြီပေါ့။
ဆိုင်အပြင်ဘက် ရောက်တယ်ဆိုရင်ပဲ ရောင်စုံတိမ်တိုက်များနဲ့ လှပနေတဲ့သန်းခေါင်ညဟာ အရက်ခွက်ထဲကို ခုန်ဝင်လာခဲ့ တယ်။ ခွက်ထဲမှာတော့ ကြယ်ပွင့်တွေ၊ လရောင်တွေ၊ တိမ်တွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ကဗျာအရေးအသားတွေ၊ ဝတ္တုတိုအပိုင်း အစတွေ၊ မီးလျှံတခုလိုတောက်ပနေတဲ့ စိတ်ကူးစိတ်သန်းတွေ။
“ဘုရားသခင် ပေးသနားတော်မူတဲ့ ခွက်ပါကွာ”
ကိုယောဟန်က ခွက်ကို ကိုင်မြှောက်ပြီး တချီတည်းမော့ချလိုက်လေတော့ ကျွန်တော်တို့အားလုံးဟာလည်း သူ့ကိုကြည့်ပြီး သူ့လိုပဲ တချီတည်း မော့ချလိုက်ရပါတယ်။ သောက်ခဲ့ဖူးသမျှ ခွက်တွေထဲမှာတော့ အပြင်းဆုံးနဲ့ အချိုမြိန်ဆုံး အရက်ခွက်ပါ ပဲ။
အဲဒီလို လရောင်ကို အရက်ပြင်းပြင်းနဲ့ရောစပ်ပြီးသောက်နေတဲ့အချိန်မှာပဲမိုးရေစက်တွေဟာ တဝေါဝေါနဲ့ ပြိုကျလာပါတော့ တယ်။ အကုန်လုံးဟာ ဆိုင်ထဲကို ပြေးဝင်ကြပြီပေါ့။ ဘယ်ကနေ မျက်စိလည်လမ်းမှားလာတဲ့ မိုးတိမ်တွေလဲမသိပါဘူး။ ကျွဲ ရိုင်းတကောင်ခုန်ဝင်လာသလား အောက်မေ့ရတယ်။ ရွာလိုက်တာများ တလောကလုံးကို ဗြောင်းဆန်သွားတာပါပဲ။
ဆိုင်ထဲ ရောက်တယ်ဆိုရင်ပဲ ကိုယောဟန်ဟာ သူ့မျက်နှာပေါ်က မိုးရေစက်တွေကို လက်နဲ့ သပ်ချလိုက်ရင်း …..
“ဘုရားသခင်က အမှတ်တရဖြစ်အောင်လို့ ဖန်တီးပေးထားတဲ့ညကွ။ ဆိုင်ထဲဝင်နေလို့ ဘာအကြောင်းထူးလာမှာလည်း ကွာ” လို့ပြောပြီး ဆိုင်အပြင်ဘက်ကို ပြေးထွက်သွားပြန်ပါတယ်။ သူ ဆိုင်အပြင်ဘက်ကို ပြေးထွက်သွားတော့ ကျွန်တော်တို့ကလည်း သူ့နောက်ကို ပျော်ပျော်ကြီး ပြေးလိုက်ကြရပြန်တယ်။
အပြင်ရောက်တော့ မိုးတွေက တဝေါဝေါနဲ့ ရွာလို့ကောင်းဆဲ။ လရောင်ကလည်း မိုးရေစက်တွေအောက်မှာ လင်းမြ ဝင်း ပနေဆဲ။ မိုးရေစက်တွေအောက်မှာပဲ ကျွန်တော်တို့ဟာ အရက်တွေ တခွက်ပြီးတခွက် သောက်ခဲ့လေသလား။ ဒါမှမဟုတ် အရက်ခွက်တွေကပဲ ကျွန်တော်တို့ကို တယောက်ပြီးတယောက် သောက်ခဲ့လေသလား။ ကျွန်တော်လည်း ကောင်းကောင်း မမှတ်မိတော့ပါဘူး။ နောက်တနေ့ရောက်တော့ ကျွန်တော်တို့အားလုံးဟာ တက်ညီလက်ညီ ဖျားကြတော့တာပါပဲ။ အဲဒီတုန်းကလည်း ပြောလိုက်ပါသေးတယ်။
“ဘုရားသခင်ကတော့ ဆေးခန်းအထိလိုက်ပို့ပေးမှာ မဟုတ်ဘူးနော်။ ဆေးခန်းကိုတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ်သွားကြ” တဲ့။
ဒီတခါပြောလိုက်တာကတော့ ကိုယောဟန်မဟုတ်ပါဘူး။ ကဗျာဆရာပါ။ ဘဝထဲမှာ အမြဲတစေရှိသွားမယ့် နေ့ရက်တွေပါပဲ။
နောက်တယောက်ရှိပါသေးတယ်။ချစ်ခင်အပ်သော ဝတ္ထုတိုဆရာပါ။ ကဗျာဆရာဆီကနေပြီးဆူဆူညံညံအသံတွေထွက်ကျနေရင် ဆွံ့အငြိမ်သက်နေပေမယ့် ကဗျာဆရာဆီက အသံဗလံတခုမှ ထွက်ကျမလာခဲ့ရင်တော့ အလှည့်ကျလာသူပေါ့။
ရထားသံလမ်းတလျှောက်မှာနေထိုင်တဲ့လူတွေဟာ ဒီ့ပြင်သီချင်းကိုသာ မကြားဖူးရင်နေရမယ်။ ကိုမြကြီးရဲ့ မိုးကိုတော့ အလွတ်တောင်ရနေပြီလားမဆိုနိုင်ဘူး။ ဘယ်အချိန်ပဲဖြစ်ဖြစ် သူဟာ မိုးသီချင်းကို ဆိုလေ့ရှိသူပါ။ မိုးတွေရွာနေလို့၊ လျှပ်တွေ တဝင်းဝင်းလက်နေလို့ မိုးသီချင်းကို ဟဲချလိုက်တာက ပြဿနာမဟုတ်ဖူးပေါ့။ ခက်နေတာက နှင်းတွေဝေနေအောင်ကျနေရင်လည်းမိုး၊ လန်ပျံနေအောင် ပူလောင်အိုက်စပ်လွန်းလို့ ဝါးယပ်တောင်လေး တဖျပ်ဖျပ်ခတ်နေရတဲ့ နွေညဆိုလည်း မိုး ပဲဆိုနေလေတော့ ခွမကျပေဘူးလား။ မိုးသီချင်းထဲမှာတောင် လိုက်တော်မူသင့်ပါငဲ့…. အခွင့်ကိုမျှော်ဆိုတဲ့အပိုဒ်ကို အစွဲ အလမ်း တော်တော်ကြီးပုံရပါတယ်။ အဲဒီအပိုဒ်ကိုရောက်ရင် ရှေ့ကို တော်တော်နဲ့ကို မဆက်နိုင်တော့ဘူး။ တကျော့ပြီးတကျော့၊ တကျော့ပြီးတကျော့ ထပ်တလဲလဲကို ဆိုနေတော့တာပါပဲ။
အံ့သြစရာကောင်းတာတခုက သူ့ရဲ့မိုးသီချင်းကို နားထောင်ချင်လွန်းလို့ ကျွန်တော်တို့ပြန်ပြီဆိုရင် တကူးတကန့်လိုက်လိုက်လာတဲ့ပရိသတ်တယောက်ရှိနေတာပါပဲ။
ကိုယောဟန်ရဲ့ဆိုင်မှာ မကြာမကြာမြင်တွေ့နေရတဲ့ လူတယောက်ပေါ့။ မိုးသီချင်းကိုကြားရပြီဆိုရင် သူ့ခမျာမှာ အလိုလိုနေ ရင်းနဲ့ကို ဝမ်းနည်းလာတော့တာပါပဲ။ ပြီးတော့ အသံမထွက်အောင် တရှုံ့ရှုံ့နဲ့ ငိုနေပြီပေါ့။ သူ ငိုရှိုက်နေတာကို ကြည့်ပြီး ကျွန်တော်တို့ဟာ အမြဲတမ်း စိတ်မကောင်းဖြစ်ရပါတယ်။ အိမ်ထောင်ရှိလား။ ကလေး ဘယ်နှစ်ယောက်ရှိလဲ။ မိန်းမနဲ့များကွဲနေလို့လား မေးကြည့်တော့ လူပျိုကြီးတဲ့။
ဝတ္တုတိုဆရာ မိုးသီချင်းကို ဆိုတဲ့နေ့မျိုးဆိုရင် ကိုယ့်လူဟာ မျက်ရည်လေးစမ်းစမ်းစမ်းစမ်းနဲ့ အလွမ်းမင်းသားပေါ့။ ကားဂိတ်ရောက်လို့ သီချင်းဆုံးသွားပြီဆိုရင်တော့ မျက်ရည်တွေ၊ နှပ်တွေကို ပုဆိုးနဲ့သုတ်ပြီး သံလမ်းအတိုင်း ဆေးပေါ့လိပ်လေးတဖွာ ဖွာနဲ့ ကုပ်ကုပ်ရုပ်ရုပ် ပြန်သွားတော့တာပါပဲ။
ကိုယောဟန်နဲ့ သူနဲ့ အမှောင်ထုထဲကိုဆေးလိပ်မီးတဖွားဖွားနဲ့ တရွေ့ရွေ့တိုးဝင်သွားပြီဆိုရင် ကြေကြေကွဲကွဲ ခံစားနေရ တဲ့လူတယောက် ရှိပါသေးတယ်။ စကားပြောရင် အမြဲတမ်း တိုးတိုးဖွဖွလေး ပြောတတ်တဲ့ အယ်ဒီတာလေးပေါ့။ သူ့ရဲ့ မျက်လုံးတွေဟာ ကြောင်တကောင်ရဲ့မျက်လုံးတွေလို နူးညံ့နေတတ်ပြီး သူ့ရဲ့စိတ်နေစိတ်ထားဟာလည်း သူ့ရဲ့မျက်ဝန်းတွေလိုပဲ နူးညံ့သိမ်မွေ့လှပါတယ်။ ကိုယောဟန်ဘုရားသခင်ထံမှာ ဝတ်ပြုဆုတောင်းပြီဆိုရင် မျက်လုံးလေးတွေကို အသာမှိတ်ပြီး ညွှတ်နူးတဲ့စိတ်နဲ့ နားထောင်လေ့ရှိတယ်။ သူ့ဟာသူလည်း အသံတိုးတိုးလေးနဲ့ ဆုတောင်းတတ်တယ်။ ပြောမယ်ဆိုရင် ကမ္ဘာလောကကြီးတခုလုံးကို ငြိမ်းငြိမ်းချမ်းချမ်း ရှိနေစေချင်တဲ့ လူသားတယောက်ပေါ့။ သံလွင်ခက် ကိုက်ချီလာတဲ့ ချိုးငှက်လေးတွေကို ရထားသံလမ်းတလျှောက်ရော၊ ကိုယောဟန်ရဲ့ဆိုင်ထဲမှာရော၊ စစ်ပွဲတွေဖြစ်နေတဲ့နေရာဒေသတွေမှာရော ငြိမ်းချမ်းစွာ ပျံသန်းနေစေချင်တဲ့လူသားတယောက်ပေါ့။
သူကသာ ငြိမ်းချမ်းရေးချိုးငှက်ကို မြင်ချင်တွေ့ချင်နေရှာတာ။ ကျွန်တော်ကတော့ ချိုးငှက်အစား လင်းတတွေ၊ ကျီးကန်း တွေကိုပဲ အုပ်စုလိုက်မြင်တွေ့နေရတယ်။ ဒီကြားထဲ အုပ်ဖွဲ့ပျံသန်းနေတဲ့ ကျီးကန်းတွေကလည်း တမှောင့်ပါ။ သွားပြီးမထိ လိုက်လေနဲ့။ တအားအားနဲ့ အော်ဟစ်ပြီး ဝိုင်းဆိတ်ကြတော့တာပါပဲ။
ဘာပဲပြောပြော ဒီအဝန်းအဝိုင်းလေးဟာ ကျွန်တော်တို့အတွက်တော့ သံလွင်ခက်တွေစုဝေးရောက်ရှိရာ ရပ်ဝန်းလေးပါပဲ။
ဒီနေရာလေးကို ရောက်လာလေတိုင်းပျော်ရွှင်မှုဟာ ကျွန်တော်တို့ဆီကို အမြဲတစေရောက်လာလေ့ရှိပါရဲ့။ ကျွန်တော်တို့ ပျော်ရွှင်ပြီဆိုရင် ကိုယောဟန်လည်း ပျော်ပြီပေါ့။ သူ့ဘဝမှာလည်း ပျော်ရွှင်မှုတွေ ပျောက်ဆုံးခဲ့ရတဲ့ ရက်စွဲတွေဆိုတာ ခပ်များများမို့လား။ ပြောမယ်ဆိုရင် တော်ရုံလူ ရူးနှမ်းသွားနိုင်တဲ့အနေအထားတခုမှာ ကိုယောဟန်ဟာ သစ္စာတရားများနဲ့ ဝင်းပနေခဲ့တဲ့ လူတယောက်ပေါ့။
ချစ်ခြင်းမေတ္တာဆိုတာဟာ သူ့အတွက်တော့ ကျိန်စာတခုပါပဲ။ ကျိန်စာတခုနဲ့တူတဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို သူဟာ ဘယ်တုန်းကမှ ကျွန်တော်တို့ကို ညည်းတွားမပြခဲ့ဘူး။ နောက်ပြီး သူ့ရဲ့ချစ်ခြင်းမေတ္တာ အရင်းအမြစ်ကနေပြီးတော့လည်း ဘယ်ကိုမှ သွေဖီပြီး မသွားခဲ့လေဘူး။
အဲဒီလို သစ္စာတရားတွေ ကြီးမားခဲ့လွန်းလို့ ဖြစ်လိမ့်မယ်။ ပျားရည်ရောင် အသားအရေ၊ လှိုင်းထနေသော ဆံပင်များ၊ မြင့်မားသောအရပ်အမောင်းနဲ့ သူ့ရဲ့ကိုယ်နေဟန်ပန်ဟာ ဂရိပုံပြင်တွေထဲက သူရဲကောင်းတယောက်နဲ့တောင် တူနေပါသေးတယ်။
မဂ္ဂဇင်းအယ်ဒီတာလေးကတော့ ကိုယောဟန်တို့လင်မယားကိုကြည့်ပြီး ထိခိုက်နာကျင်စွာနဲ့ ပြောခဲ့ဖူးပါတယ်။ သူဟာ ချစ် ခြင်းမေတ္တာကို ရှာဖွေတွေ့ရှိသွားခဲ့ပါပြီတဲ့။
(သုံး)
သူမရဲ့အသားအရောင်ဟာ နုဖြူဆွတ်မြနေတဲ့လရောင်ပေါ့။ မျက်လုံးတွေဟာ ဗာဒံသီးများရဲ့ တိကျဝန်းစက်မှုမျိုးနဲ့ ကြည် လဲ့တောက်ပလို့။ ကျောလည်အထိ ဖြန့်ချထားတဲ့ ဆံပင်နက်နက်တွေဟာ သူမလှုပ်ရှားလိုက်လေတိုင်း အလိုက်တသင့် ရွေ့လျားလို့။ ဆံပင်နက်နက်တွေကြားမှာ ထိုးစိုက်ထားတဲ့နှင်းဆီပွင့်ရနံ့ဟာ မွှေးရီထုံယစ်လို့။ ပြီးတော့ရှိသေးတယ်။ မက်မုံ သီးရောင် နူတ်ခမ်းပါးတစုံ။
ဟိုဖက်နှစ်ကာလများဆီက ကျွန်တော်တို့ မတွေ့မမီလိုက်ရတဲ့ သူမရဲ့အလှဗေဒများပါပဲ။ ဆယ်စုနှစ် တနှစ်ကို သီသီလေး စွန်းလာခဲ့ပြီပေါ့။ ကျွန်တော်တို့နဲ့ တွေ့တဲ့အချိန်မှာတော့ ရောဂါဘယများရဲ့ ပူးကပ်ဖိစီးမှုများအောက်မှာ သူမဟာ ယဲ့ယဲ့နွမ်း နွမ်းပဲ ရှိပါတော့တယ်။ တွန့်ရှုံ့နေတဲ့ အရေပြားအောက်က ငေါထွက်နေသောအရိုးများ၊ ချိုင့်ခွက်နေတဲ့ပါးပြင်နှင့်အတူ သီဝေနေသော မျက်လုံးအစုံ ၊တိုစိတိုနှံ့ဆံပင်လေးတွေ ကျိုးတိုးကျဲတဲပေါက်နေသော ခေါင်းသေးသေးလေး။ အသက်ဇီဝဓာတ် မျှင်းမျှင်းလေးကို ခဲရာခဲဆစ် ရှူသွင်းနေရတဲ့ ပါးပါးလှပ်လှပ်ခန္ဓာကိုယ်လေးတခုပါပဲ။
ကျွန်တော်တို့ကို စတွေ့တုန်းက စောင်ပါးပါးလေးအောက်က သူမရဲ့ ကိုယ်လုံးသေးသေးလှီလှီလေးဟာ လွန့်ကနဲ တချက်လှုပ်သွားတာ၊ မွဲမွဲရီရီဖြစ်နေတဲ့ သူမရဲ့မျက်လုံးတွေထဲက အလင်းစသေးသေးလေးဟာ ဖျပ်ကနဲအရောင်တောက်သွားတာ ကို ကျွန်တော်မှတ်မိနေသေးတယ်။
မွေးထားတဲ့သမီးဦးလေး လသားတောင်မရှိသေးတဲ့အရွယ်။ မြို့ပြကိုတက်ဖို့ ကူးတို့သင်္ဘောဆိုက်ကပ်ထားတဲ့ ဆိပ်ခံ ဘောတံတားကို ပဲ့ထောင်လှေကလေးနဲ့အလာ။ လှိုင်းတချက်အရိုက်မှာ ပဲ့ထောင်လှေကလေးမှောက်သွားပြီး ကလေး တ ခြား လူကြီးတခြားဖြစ်သွားတဲ့အချိန်။ မိုးဦးကျ လေဦးကျဆိုတော့ နွံဝါရောင်မြစ်ပြင်ထဲမှာ လှိုင်းတွေက တဝုန်းဝုန်းနဲ့ပေါ့။
အဖြစ်အပျက်တွေဟာ နှစ်ကာလများစွာကြာမြင့်ခဲ့ပေမယ့် အဲဒီရက်စွဲကို သူ နာကျင်စွာနဲ့ မှတ်မိနေတုန်းပါပဲ။ ပျော်ရွှင်မှုတွေ ဟာ သူ့ဘဝထဲကဆောလျင်စွာနဲ့ ထွက်ခွာသွားလိမ့်မယ်လို့ သူဘယ်ထင်လိမ့်မှာလဲ။ နာမည်တောင်မပေးရသေးတဲ့ မျက်လုံးမည်းမည်းလေးနဲ့ သမီးနီတာရဲလေး။ ဇီဝဖြစ်စဉ်တွေအားလုံး ဟန်ချက်ပျက်ပြီး အိပ်ယာထဲ လဲသွားခဲ့တဲ့ သူ့ချစ်ဇနီး။ အဲဒီ အကြောင်းကိုပြောပြနေတဲ့ ညကစကားလုံးတွေဟာ လေးဖင့်ကြေကွဲလို့။ သူ့ ဦးခေါင်းဟာလည်း တချိန်လုံး ကြမ်းပြင်ပေါ် ညွှတ်ကျလို့။ မိုးညဟာလည်း ခြောက်ချားစရာကောင်းလောက်အောင် တိတ်ဆိတ်အေးစက်လို့။ ခေါင်းကို မော့လိုက်တော့ ကိုယောဟန်ရဲ့ မျက်ဝန်းတွေထဲမှာ ထိရှနာကျင်မှုတွေနဲ့ ကြေကွဲမှုန်မှိုင်းလို့။
အဲဒီရက်နောက်ပိုင်းမှာတော့ အရာရာဟာ ခါတိုင်းရက်တွေက အတိုင်းပါပဲ။ ကျွန်တော်တို့ဟာ ညနေခင်းဆိုသူ့ဆိုင်လေး ကိုရောက်လာ ပြီးညဘက်မှ ပြန်သွားတတ်တာ။ ကဗျာဆရာဟာ မူးမူးရီရီနဲ့ ကဗျာတွေ တပုဒ်ပြီး တပုဒ်ရွတ်ဆိုတတ်တာ။ ဝတ္တုတိုဆရာရဲ့ မိုးဟာ နွေမိုး ဆောင်း သုံးရာသီလုံး တစိမ့်စိမ့်နဲ့ ရွာသွန်းနေတတ်တာ။ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးတဲ့အယ်ဒီတာလေးဟာ နှုတ်ခမ်းပါးလေး တလှုပ်လှုပ်နဲ့ ဘုရားသခင်ဆီမှာ ဆုတောင်းတတ်တာ။ မိုးရဲ့ တဦးတည်းသော ပရိသတ်ဟာ ကျွန်တော်တို့ရဲ့ အပြန်ခရီးမှာ မပျက်မကွက်အမြဲလိုက်ပါလေ့ရှိတာ။ ခွေးတွေဟာ ကျွန်တော်တို့ကိုမှတ်မိသွားပြီး ည ဘက်တွေမှာ သိပ်မဟောင်တော့တာ။ ကိုယောဟန်ဟာ သူမလဲလျောင်းနေရာ အထပ်ခိုးလေးပေါ်ကို မကြာမကြာတက်ကြည့်တတ်တာ။ အားလုံးဟာ ပုံမှန်အတိုင်းပါပဲ။
အဲဒီရက်တွေထဲမှာပဲ ဆယ်မာဟေးယက်ဟာ Red မဂ္ဂဇင်းနဲ့ အတော့်ကိုစိတ်ပျက်စရာကောင်းတဲ့ အင်တာဗျူးတခု လုပ်ခဲ့ပါ တယ်။
အဲဒီရက်တွေမှာပဲ မြို့ပတ်ရထားတွေဟာ ခါတိုင်းလိုပဲ အစီးလိုက်ပျောက်ခဲ့တယ်။ အဲဒီရက်တွေထဲမှာပဲ မိုင်လေဆိုင်းရပ်စ်ဟာ MTV အသစ်တခွေထုတ်ဖို့ ပြင်ဆင်နေခဲ့တယ်။
အဲဒီရက်တွေတုန်းကပါပဲ။ ကျွန်တော်တို့ဟာ အလုပ်တွေ`&ှုပ်ထွေးပြီး ညမွှေးပန်းဗျစ်ဆိုင်လေးကို သုံးလေးရက်လောက် မရောက်ခဲ့လေဘူး။ အဲဒီရက်တွေတုန်းကပါပဲ …..
`အဖြစ်´နောက်က `အပျက်´လိုက်လာတာကို သိနေပေမယ့် ကျွန်တ်ာတို့ဟာ ညမွှေးပန်းဗျစ်ဆိုင်လေးရဲ့ ဖြစ်တည်စုဖွဲ့မှုထဲ ကနေပြီး “သူမ” ကို အမြဲတစေ မေ့လျော့ထားခဲ့ကြတယ်။ အခုတော့ အဖြစ်တွေဟာ အပျက်အပျက်နဲ့ ဖြစ်သွားခဲ့ပြီ။
အဲဒီနေ့က မြို့ပြဟာ သည်းကြီးမည်းကြီးရွာချနေတဲ့ မိုးရေစက်တွေအောက်မှာ နစ်မြုတ်ငြိမ်သက်လို့။ သူမရဲ့ နောက်ဆုံး အချိန်ကို ရောက်နေပါပြီတဲ့။ သူမဟာ ပြီးဆုံးခြင်းကို ရောက်ရှိသွားပါပြီတဲ့။ ဗလုံးဗထွေးနဲ့ ရှိုက်သံတဝက်နဲ့ တုန်တုန်ရီရီ စီး ဝင် လာသော စကားလုံးများ။ အားလုံးဟာ ပြီးဆုံးသွားခဲ့ပြီလား။ ဒါမှမဟုတ် ပြီးဆုံးခြင်းဟာ အခုမှပဲ စတင်ခဲ့တာလား။ ကျွန်တော်ကတော့ သဲသဲကွဲကွဲ မရှိလှပါ။
ဒီအချိန်မှာ ကျွန်တော်တို့ လုပ်ရမယ့်အလုပ်ဟာ တခုတည်းပဲရှိပါတယ်။ ကျွန်တော်တို့ဟာ ကိုယောဟန်နဲ့ တသားတည်း ရှိပြီး သူ့ရဲ့လက်ချောင်းလေးတွေကို နွေးထွေးစွာ ကိုင်ဆုပ်ထားဖို့ပဲ ဖြစ်ပါတယ်။
တလမ်းလုံးမှာ သူတို့လင်မယားအကြောင်းကို နာနာကျင်ကျင်နဲ့ ကျွန်တော်တွေးလာခဲ့တယ်။ အိပ်ယာထဲလဲနေတဲ့သူမကို အမျက်အအီ အနည်းငယ်မျှလောက်ပင် မရှိဘဲ ပြုစုယုယလာခဲ့တာ။ သူမရဲ့ အိပ်ယာဘေးမှာ သူမ ချစ်မက်တဲ့နှင်းဆီပွင့် တွေ အမြဲတစေ ထိုးစိုက်ထားပေးခဲ့တာ။ သူမ ခေါ်လိုက်လေတိုင်း ဆိုင်လေးထဲကလူတွေကို ပြုံးပြပြီး သူမရှိရာ အထပ်ခိုးလေးပေါ်ကို ပြေးတက်သွားတတ်တာ။ ခါတရံ ဆိုင်လေးထဲမှာ လူသိပ်ပါးနေရင် သူမဘေးမှာ ဂစ်တာတီးပြီး သီချင်းတိုးတိုးလေး ဆိုညည်းပြလေ့ရှိတာ။ ဘုရားသခင်ထံမှာ မကြာခဏဆိုသလို သူမအတွက် ဝတ်ပြုဆုတောင်းပေးတတ်တာ။ တခါ တခါ သမ္မာကျမ်းစာကို သူမဘေးမှာ တိုးတိတ်တဲ့အသံလေးနဲ့ ဖတ်ပြနေတတ်တာ။ ဘုရားသခင်ထံမှာ ဝတ်ပြုဆုတောင်းပြီးလေတိုင်း “အာမင်” ဆိုတဲ့အသံလေးဟာ အထပ်ခိုးလေးပေါ်ကနေ စင်ကြယ်စွာနဲ့ လွင့်ကျလာတတ်တာ။
ခံစားနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ အခင်းအကျင်းမျိုး ကျွန်တော်တို့ဆီမှာ နည်းနည်းလေးတောင် မရှိတော့ပါဘူး။ ကျွန်တော်တို့ အားလုံးဟာ အရူးတပိုင်း အမူးတပိုင်းဖြစ်ခဲ့ပြီပေါ့။
တလမ်းလုံး ဘယ်လောက်သောက်ခဲ့သလဲဆိုတာ ကိုယ့်ကိုကိုယ်တောင် မမှတ်မိတော့ဘူး။ အအေးတိုက်ကို ရောက်တယ်ဆိုရင်ပဲထိခိုက်ကြေကွဲစရာ အရိပ်တွေ၊အရောင်တွေဟာ ကျွန်တော်တို့ကို ဆီးကြိုနေလေရဲ့။ သူမရဲ့ ကိုယ်ပေါ်မှာ နှင်းဆီပန်းတွေဟာအလပ်အကြားမရှိ တကိုယ်လုံးကို ဖုံးလွှမ်းလို့။ ခန်းမဟာ အလွမ်းနှင်းဆီရနံ့များနဲ့ တခန်းလုံးမှာ ထုံရီလို့။
ကိုယောဟန်ဟာ သူမဘေးမှာရပ်ပြီး သူမရဲ့ ကိုယ်ပေါ်ကို နှင်းဆီပွင့်ဖတ်တွေ တလွှာချင်း တဖတ်ချင်းညင်ညင်ဖွဖွလေးကြဲဖြန့် ပေးနေပါတယ်။ နှင်းဆီကိုချစ်မက်တဲ့ ချစ်သူအတွက်။ ဘယ်သောအခါမှ ပြန်လည်ဆုံတွေ့ရတော့မှာမဟုတ်တဲ့ ချစ်ရတဲ့ သူအတွက်။
ကိုယောဟန်ရဲ့ ပခုန်းလေးကို ဖွဖွလေးဖက်ပြီး သူ့လက်ချောင်းတွေကို အသာအယာဆုပ်ကိုင်လိုက်တယ်။ သူ့လက်တွေဟာ အေးစက်နေတယ်။ သူ့မျက်လုံးတွေဟာ နှင်းဆီပွင့်တွေကြားမှာ တစွန်းတစ ပေါ်ထွက်နေတဲ့သူမရဲ့ မျက်နှာလေးကိုပဲ လွမ်း လွမ်းရီရီနဲ့ ငေးစိုက်ကြည့်နေတယ်။
သူ့ဘဝအတွက် အခက်ခဲဆုံးအချိန်တွေပါပဲ။ ချစ်ရသူဟာ သူ့ဘဝထဲက ထွက်ခွာသွားတော့မယ်ဆိုတာ သူကိုယ်တိုင် နာ ကျင်စွာနဲ့ အတည်ပြုပေးဖို့အချိန်ကို ရောက်လာခဲ့ပါပြီ။ အပြင်ဘက်မှာလည်းမိုးတွေဟာသည်းကြီးမည်းကြီးရွာလို့။ နောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့ ချစ်သူရဲ့ပါးပြင်လေးကိုငုံ့ပြီး သူ မြတ်မြတ်နိုးနိုး နမ်းရှိုက်လိုက်တယ်။ ပြီးတော့ သူမရဲ့ပါးပြင်နားမှာကပ်ပြီး တိုးတိုးတိမ်တိမ်လေး သူပြောလိုက်သေးတယ်။ စကားသံက တိုးဖွလွန်းတော့ သူဘာကိုပြောလိုက်မှန်း ဘယ် သူကမှ သဲသဲကွဲကွဲ မကြားလိုက်ရဘူး။
သူ မငိုဘူး။မျက်ရည်တစက်မှ သူကျမလာခဲ့ဘူး။ အံကို တင်းတင်းကြိတ်ထားပေမယ့် သူ့ရဲ့ကိုယ်ဟာ တဆတ်ဆတ်နဲ့ တုန်ရီလာခဲ့တယ်။ သူ့ရဲ့ကိုယ်ထဲမှာ ခုန်တိုးနေတဲ့နှလုံးခုန်သံဟာ သူ့ကိုဖက်ထားတဲ့ကျွန်တော်တို့ဆီကိုတောင် ဒိတ်ဒိတ် ဒိတ်ဒိတ် နဲ့ ကူးစက်စီးဝင်လာခဲ့တယ်။
သူ့ကို ခပ်တင်းတင်းဖက်ပြီး အပြင်ဘက်ကို ကျွန်တော်တို့ ထွက်လာခဲ့ကြတယ်။ အပြင်ဘက်မှာလည်း လူတွေ တယောက်မှ မရှိတော့ဘူး။ ကားတွေလည်း တစီးမှ မရှိကြတော့ဘူး။
တဝုန်းဝုန်းရွာနေတဲ့ မိုးရေစက်တွေ အောက်မှာ ကျွန်တော်တို့ရဲ့ ခြေလှမ်းတွေဟာ အေးစက်လေးကန်လို့။ခြေလှမ်းတိုင်းခြေလှမ်းတိုင်းဟာ ရှေ့ကိုတိုးသွားလိုက်၊ နောက်ကို ပြန်ရောက်လာလိုက်နဲ့။ တချက်တချက် လျှပ်နွယ်တွေဟာ မီးပန်းပွင့် တွေလိုဖွာ.. ဖွာထွက်သွားတယ်။
တအောင့်နေတော့ ကျွန်တော်တို့ရဲ့ခြေလှမ်းတွေဟာ ရပ်တန့်ငြိမ်သက်သွားပါတယ်။ အားလုံးဟာ တိတ်ဆိတ်ညှိုးရီနေတဲ့ မျက်လုံးတွေနဲ့ အနောက်ဖက်ကို ပြိုင်တူလှည့်ကြည့်လိုက်ကြတယ်။ မိုးတွေကလည်း တဝုန်းဝုန်းနဲ့ ရွာလို့ ကောင်းဆဲပေါ့။ အဲဒီအချိန်မှာပဲ ခေါင်းတိုင်ကြီးထဲက မီးခိုးမည်းမည်းတွေဟာ မိုးရေစက်တွေထဲကိုတဟဲဟဲနဲ့ တိုးဝင်သွားခဲ့တယ်။
အဲဒီအချိန်မှာပဲ အယ်ဒီတာလေးရဲ့နှုတ်ခမ်းတွေဟာ လှုပ်လှုပ်ရွရွဖြစ်လာပြီး သူ့ရဲ့မျက်လုံးလေးတွေကို ညင်ညင်ဖွဖွလေး မှိတ်လိုက်တယ်။ြ ပီးတော့ သူ့ရဲ့ ညာဖက်လက်ကို သူ့ရင်ဘတ်ပေါ်အသာတင်လိုက်ပြီး ဘုရားသခင်ဆီမှာ တိုးတိုးရီရီနဲ့ ဆုတွေတောင်းနေပြီပေါ့။
အဲဒီအချိန်မှာပဲ ကဗျာဆရာဟာ သူ့လွယ်အိတ်ထဲက လက်ကျန်ပုလင်းပြားလေးကို တချီတည်းမော့ချလိုက်ပြီး ကျန်တဲ့ အရက်တွေနဲ့ သူ့ခေါင်းပေါ်ကို လောင်းချလိုက်ပါတယ်။
အဲဒီအချိန်မှာပဲ ဝတ္တုတိုဆရာဟာ တဝေါဝေါရွာနေတဲ့ ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပြီး မိုးသီချင်းကို လွမ်းလွမ်းဆွေးဆွေးနဲ့ ဆိုချလိုက်တယ်။ ဝဿန်ခါမှီ…. လရာသီ ပြာရီရစ်ဝိုင်း… ဆိုင်းတွဲ့တွဲ့.. မှိုင်းတလဲ့လဲ့.. သိုင်းဖွဲ့လို့ဟန်ချီ… မင်း လွင်ဆီ ညိုရောင်မှောင်ခိုး….
သူဆိုခဲ့တဲ့အထဲမှာ ဒီတခါဆိုတာဟာ လွမ်းဆွတ်စရာအကောင်းဆုံးနဲ့ ကြေကွဲစရာအကောင်းဆုံးပါပဲ။ ဆွေးဆွေးမြေ့မြေ့ ဆိုနေရင်းနဲ့ သူ့ရဲ့အသံဟာ နာကျင်ထစ်အလို့။
အဲဒီအချိန်မှာပဲ ကျောက်ဆစ်ရုပ်တရုပ်လို တောင့်တောင့်မတ်မတ်ကြီး ရပ်နေတဲ့ကိုယောဟန်ဟာ မျက်နှာကို လက်နဲ့အပ်ပြီး ရှိုက်ကြီးတငင် ငိုချလိုက်ပါတယ်။
အဲဒီအချိန်မှာပဲ… … …… …… …. .။
နိုင်ဝင်းသီ