(မိုးမခ) ဧပြီ ၈၊ ၂၀၁၇
ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလိပ်တွေရဲ့ စင်ကာပူခံတပ်ကြီးကို ချေမှုန်းပြီးတဲ့ ဂျပန်ဟာ စင်ကာပူကနေ မလေးရှား၊ ဘန် ကောက်၊ ရန်ကုန်အထိ မီးရထားလမ်းတခုဖောက်ဖို့ ကြိုးစားခဲ့ကြတယ်။ ပြီးရင်တော့ အိန္ဒိယအထိ ဖောက်မယ်ပေါ့။ သံဖြူ ဇရပ်မှ ဘုရားသုံးဆူအထိ ဗမာပြည်ကတာဝန်ယူပြီး ဘန်ကောက်မှ ဘုရားသုံးဆူအထိကိုတော့ ယိုဒယားဘက်က တာဝန် ယူကာ နှစ်ဖက်ကနေ တပြိုင်နက် ဖောက်လုပ်ခဲ့ဖြင်း ဖြစ်ပါတယ်။
ဂျပန်တွေဟာ ၁၉၄၃ ခုနှစ် မေလမှာ စတင်ဖောက်လုပ်ခဲ့တဲ့ ဒီရထားလမ်းဟာ အောက်တိုဘာလမှာပြီးဆုံးခဲ့ပြီး မဖြစ်နိုင် ဘူး လို့ ထင်ရလောက်အောင် ခက်ခဲတဲ့ ဒီအလုပ်ကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင် လက်စွမ်းပြနိုင်ခဲ့ပါတယ်။
ဒီလိုပြီးစီးဖို့အတွက် ဗမာမြို့ရွာတွေက ယောက်ျားမှန်သမျှကို နည်းမျိုးစုံနဲ့ ချွေးတပ်ဆွဲပြီး ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေနဲ့အတူ နေ့ ည မနားတမ်း ဖောက်လုပ်စေခဲ့တယ်။ မိုင်ပေါင်း ၂၄၀ ခန့်ရှည်လျားတဲ့ ဒီရထားလမ်းဖောက်လုပ်ဖို့အတွက် ဗမာပြည်ဘက် က ဗမာချွေးတပ်သား ၁၈၀၀၀၀ နဲ့ စစ်သုံ့ပန်း ၆၀၅၀၀ ကို အသုံးပြုစေခိုင်းခဲ့ပြီး ချွေးတပ်သား ၈၀၀၀၀ နဲ့ သုံ့ပန်း ၁၅၀၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ ဒါက ဗမာဘက်မှာ သေတာပဲ ရှိသေးတယ်။ ယိုးဒယားဘက်မှာ သေတဲ့စာရင်းမပါသေး။ နှစ်ဖက် စလုံးပေါင်း လူအင်အား ၃၅၀၀၀၀ လောက် အသုံးပြုစေခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
The bridge on the river Kwia ဇာတ်ကားဟာ ယိုးဒယားဘက်ကနေ ဗမာပြည်ဘက်ကို ဖောက်တဲ့အခါ Kwia မြစ်ပေါ်ဖြတ် တဲ့ တံတားကို အင်္ဂလိပ်စစ်သုံ့ပန်းများက ဆောက်ရတဲ့အကြောင်းကို အခြေခံပြီး ရိုက်ထားတာပါ။ ဇာတ်ကားအရ ဂျပန်ဗိုလ်မှူးကြီး ဆိုင်တို ဦးစီးပြီးဆောက်နေတဲ့ ဒီတံတားကိုဆောက်နေတုန်း အင်္ဂလိပ်စစ်ဗိုလ် နစ်ကိုဆင်နဲ့အဖွဲ့ကို သုံ့ပန်း အဖြစ်ဖမ်းမိလာတော့ ဆိုင်တိုက စစ်ဗိုလ် စစ်သား မခွဲခြားပဲ အားလုံးကို တံတားဆောက်ရာမှာ ဝိုင်းလုပ်ခိုင်းဖို့ အမိန့်ပေးပါ တယ်။
ဒါပေမယ့် နစ်ကိုဆင်က ဂျနီဗာသဘောတူညီချက်မှ စစ်ဗိုလ်သုံ့ပန်းတွေကို လက်အောက်ငယ်သားတွေနဲ့အတူ မခိုင်းရဘူး စီမံအုပ်ချုပ်သူအဖြစ်သာ ခိုင်းရမယ်လို့ ပါတယ်ဆိုပြီး သူ့အိပ်ထဲဆောင်ထားတဲ့ ဂျနီဗာသဘောတူညီချက်အကြောင်း စာပုဒ်လေးကို ထုတ်ပြတယ်။ ဒါကို ဂျပန်စစ်ဗိုလ် ဆိုင်တိုကလည်း ခပ်ချေချေပဲ။ ဒီမှာ ဂျနီဗာတွေ ဘာတွေ လာလုပ်မနေဲ့၊ တို့မှာ ဘူရှီဒိုစိတ်ဓာတ်ပဲရှိတယ်ဆိုပြီး စာအုပ်ကို လွှင့်ပစ်လိုက်ရော။ နစ်ကိုဆင်ကလည်း မလုပ်နိုင်ဘူးဆိုပြီး တင်းခံနေတော့ နောက်ဆုံး တပ်သားတွေကို အလုပ်စခန်းကိုပို့၊ နစ်ကိုဆင်နဲ့ ဗိုလ် လေး ငါး ခြောက်ယောက်ကိုတော့ လေးပေပတ်လည်း ခွေးလှောင်အိမ်သာသာလောက်ရှိတဲ့ ဘေးပတ်လည်နဲ့ အပေါ်အမိုးပါ သွပ်ပြားကာထားတဲ့ နေပူကြီးထဲက လှောင်အိမ်ထဲမှာ ထည့်ထားလိုက်တယ်။
ချုံ့ရရင် နောက်ဆုံး ဆိုင်တိုဦးဆောင်တဲ့ ဂျပန်တွေဟာ တံတားဆောက်တာမှာ အမှားမှားအယွင်းယွင်းနဲ့မို့ အချိန်မီ မပြီး နိုင်မှာစိုးတာကြောင့် နစ်ကိုဆင်ကို ခေါ်ယူညှိနှိုင်းပြီး သူ့အဖွဲ့ကို ဦးဆောင်ကာ ဆောက်လုပ်ခိုင်းခဲ့တယ် ဆိုပါတော့။ အဲ့မှာ နီ ကိုဆင်ဟာ သူဆောက်တဲ့တံတားကို ခိုင်းလို့လုပ်တဲ့ အဖြစ်သဘောမျိုးမဟုတ်ပဲ စနစ်တကျနဲ့ သေချာတည်ဆောက်ခဲ့ တယ်။
ဇာတ်လမ်းမှာ သူ့ဘက်သား အင်္ဂလိပ်တပ်သားတွေ တံတားကိုဖျက်ဆီးပစ်ဖို့ ရောက်လာတော့ နစ်ကိုဆင်ဟာ သူ တပင် တပန်းဆောက်လုပ်ခဲ့တဲ့ တံတားအပေါ်မှာ သံယောဇဉ်မကုန်နိုင်ပဲ ဇဝေဇဝါဖြစ်နေခဲ့တယ်။ ဆိုပါတော့ ဇာတ်လမ်းက အဲ့လို ဆင်ထားတယ်လို့ …။
၁၉၅၇ ခုနှစ်မှာ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုအပါအဝင် အော်စကာ ၇ ခုရရခဲ့တဲ့ ဒီဇာတ်ကားဟာ ပြင်သစ်စာရေးဆရာ ရဲ့ ဝတ္တုကို အခြေခံပြီး ရိုက်ကူးထားတာပါတဲ့။ ထူးဆန်းတာက အဲ့ဒီပြင်သစ်စာရေးဆရာဟာ ဒီသေမင်းတမန်ရထားလမ်းကို မရောက်ဖူးသလို တံတားဆီကိုလည်း တခါမှ မရောက်ဖူးခဲ့ပါဘူးတဲ့။ ပိုဆိုးတာက သူ့ဝတ္တုထဲကအတိုင်း Kwai မြစ်ပေါ်မှ တံတားဆောက်ခဲ့တယ်ဆိုတာလည်း မဟုတ်ဘူးတဲ့လေ။ တံတားတကယ်ဆောက်ခဲ့တာက ဧရာဝတီမြစ်ထဲ ချင်းတွင်း မြစ်စီးဝင်သွားသလို Kwai မြစ်စီးဝင်သွားတဲ့ မက်ကလောင်မြစ်ပေါ်မှာသာ ဆောက်ခဲ့ခြင်း ဖြစ်သတဲ့။
ရုပ်ရှင်ဟာ ဝက်ဝက်ကွဲ အောင်မြင်မှုရခဲ့ပြီး ကမ္ဘာလှည့်ခရီးသည်တွေဟာ ထိုင်းနိုင်ငံမှာရှိတဲ့ ရုပ်ရှင်ထဲက Kwai ပေါ်က တံ တားကို လာလာရှာကြည့်ကြတဲ့အတွက် ၁၉၆၀ မှာ ထိုင်းအစိုးရဟာ မက်ခလောင်မြစ်လို့ Kwai Yai (ကွေးမြစ်အကြီး) လို့ နာ မည်ပြောင်းလိုက်ရပါလေရောတဲ့။ တကယ်အစစ်မှာ ကွေးမြစ်ပေါ်မှာ တံတားမရှိပဲ မက်ခလောင်မြစ်ပေါ်သာ တံတားရှိခဲ့ ပေမယ့် အဲ့ဒီတံတားဆောက်တုန်းက ရက်စက်မှုအဖြစ်အပျက်တွေကတော့ ရုပ်ရှင်ထဲက အတိုင်းပါပဲ။ ရုပ်ရှင်အနုပညာတခု အောင်မြင်လွန်းတော့လည်း မြစ်တစင်းတောင် နာမည်ပြောင်းခဲ့ရလေရဲ့….။
လင်းဆက်
မေ ၅၊ ၂၀၁၆