မင်းကိုနိုင် ● တိမ်ကလေးရဲ့ အတွေး
(မိုးမခ) ဧပြီ ၈၊ ၂၀၁၇
(ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။)
ခုတလော ဥသြကလေးသံမကြား
ဘယ်များပျောက်နေလဲ
“သီချင်းဆိုပြိုင်ပွဲကထွက်ရလို့
စိတ်ထိခိုက်မှိုင်နေတာ အမေရဲ့
သားတွေ့ခဲ့တယ်”
“ပြိုင်ပွဲတခုကထွက်ရတာများ
လောကထဲကထွက်ရတာမှမဟုတ်တာ
ခု သူဘယ်နားမှာလဲ”
“လယ်ကွက်ထဲကျကျန်ခဲ့တဲ့
ကျွဲခလောက်ဘေးမှာအမေ”
“ဟဲ့တိတိကျကျပြောစမ်းပါ့
အဲ့ဒိကျွဲခလောက်က ဘယ်နားမှာလဲ”
“ဥသြထိုင်မှိုင်နေတဲ့ညာဘက်မှာပေါ့”
…….,,……
လူတွေပြောကြတယ်လေ
“ဟင်းရည်များများထည့်ပေးပါ”
“ဟိုဘက်နည်းနည်းတိုးစမ်းပါ”တဲ့
မတိကျလည်းရတာပဲ မဟုတ်လား
အဲလိုသားက အထွန့်တက်တော့
အမေဆူတာပေါ့
“နင်ဟာတော်တော်ဆိုးဆိုးပဲ”
အဲ…..ပြောရင်းနဲ့ အမေလည်း မတိကျပြန်ဘူး
တွတ်ပီသေနတ်လည်း မတိကျဘူးလေ
လောကဓံကို တွတ်ပီလို သဘောထားပြီး
သူပစ်လိုက်တိုင်း ရပ်နေမယ်… ရမလား…..
…….,,,,,…..,,,..
အစွယ်ချန်ရအောင် ဆင်မဟုတ်
အရေချန်ဖို့လည်း ကျားမဟုတ်
သားဘာလုပ်လို့ ဘာတွေချန်
…….,,,…..
တိမ်တွေ
ဘယ်လောက် အသက်ရှည်ကြလို့လဲ
ကံကောင်းလို့
ကောင်းကင်ပေါ် ခဏ
ခြေစုံရပ်ခွင့်ရရင်တောင်
တိမ်ဆိုင်ကလေး သားဟာ
သိသင့်သမျှ ပို့ချခဲ့တဲ့
ကမ္ဘာမြေဆီ
ရို့ကျိုးလက်အုပ်ချီနေမှာ။ ။
မင်းကိုနိုင်
ဧပြီ ၅၊ ၂၀၁၇