ကဗျာ

အောင်မှူးဝေ ● စစ်ဝါဒီများကောင်းမှု

အောင်မှူးဝေ ● စစ်ဝါဒီများကောင်းမှု
(မိုးမခ) ဧပြီ ၄၊ ၂၀၁၇


လက်တဖက်ပြတ်
ဘတ်လပ်တွဲလွဲ
သားကို ဆွဲ၍
ကွေ့ကောက်ပြေးသွား
လယ်သမား…။

ခါးလယ်ကျိုးကျ
မိုးမခ ပင်အောက်
ခမောက် အုပ်ထား
စစ်သည်များ မြေပုံ…။

ဘုံပြဿဒ်ဦး
ကူးညိမီးလျှံ
ဘလောင်ဆန်ပူပြင်း
လင်းထိန်ပေတောင်း
ရွာဦးကျောင်း…။

ကောင်းကင်ချိတ်လု
စိန်ဖူး နုပြာ
ဝဲကာ မြေသက်
စေတီပျက်…။

ခက်လက် ကျွမ်းကာ
မစွမ်းသာသည့်
ကမ္ဗလာရောင်မောင်း
သစ်တောဟောင်း…။

ပြောင်းရွေ့ရာသီ
ကဗျာစီသော
ဥသြလည်းသေ
ဖုန်းဆိုးမြေ…။

ရွှေသင်္ကန်းမှာ
ကျည်ဆန်ရာနှင့်
ဗရဖွာဖြစ်နေ
ဆင်းတုတွေ…။

ဝေသီမူးမူး
မြူကူးဝေ့ဝေ့
တောင်ကွေ့ချောက်နား
ကမူဖျားက
ကျားဆွဲတတ်သော စာသင်ကျောင်း…။

ထောင်းထောင်းကြေမွ
စိန်ပြောင်းခပြီ
စစ်ဝါဒီများကောင်းမှုတည်း။ ။

အောင်မှူးဝေ
၂.၄.၂၀၁၇ (တနင်္ဂနွေ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts