ကဗျာ

တိုးနှောင်မိုး ● ကြယ်တွေမှာ အဖြေမရှိဘူး

တိုးနှောင်မိုး ● ကြယ်တွေမှာ အဖြေမရှိဘူး
(မိုးမခ) ဧပြီ ၃၊ ၂၀၁၇

သမီးကမေးလိမ့်မယ်
ဖေဖေဘာလို့ ကဗျာရေးတာလဲလို့
အဲဒီအခါ
အလင်းနဲ့မျက်နှာချင်းဆိုင်
နိုင်ငံရေးရဲ့တည်နေရာအကျယ်အဝန်း
အမှန်တရားရဲ့အမှောင်ဆုံးအခြမ်း
လူသားဆန်ဆန်တွေးခေါ်တတ်ခြင်းအတွက်
သတ္တဝါတွေကိုယ်စား
ပျားတွေတဝီဝီပျံသန်းနေသလို
ရင်ဘတ်နဲ့ရိုက်လျှော်ပြီး
ခံစားအော်ဟစ်ခဲ့တယ်လို့ ဖြေမိမှာပဲ။

တကယ်တော့
ဒီအဖြေမျိုး
မိပန်ပန် ဘယ်ကျေနပ်လိမ့်မလဲ
အဖေကဘဝဆိုသမီးကသုခ
အဖေကဒုက္ခဆိုသမီးကသဘာဝ
အဲ့ဒီလိုမတူညီတဲ့ခေတ်ရေစီးထဲ
အချိုးကျ
တရစ်ရစ်ခေတ်ကိုအချစ်နဲ့ ကိုက်ခဲနေဦးမှာပဲဆိုတော့
စက်ယန္တယားဆန်တဲ့ ကွန်ပြူတာလို အသိမျိုး
ကမ်းပါးပြိုသလို
ဖေဖေတို့ သစ်စေ့တွေက
စကြဝဠာအနှံ့ အရသာရှိရှိ ပွင့်ဖူး
လင်းလက်တောက်ပခဲ့ပါတယ်။

စကရရုပ်လိုနွေဦးဆန်တဲ့သဘာဝထဲ
ပျားလို
ပန်ကြိုက်တတ်တဲ့ရှုခင်းစိတ်ကူးမျိုးထဲ
လောကနိတိနည်းနည်း
လောကအမွန်မှလောကအမှန်နည်းနည်း
ပေါင်မုန့်အစာသွတ်သလိုမုန့်ကတိုး
ရွက်ဆုတ်ပြက္ခဒိန်လို အသက်ရှူသံများ
သက်ပြင်းနဲ့ငြင်းခုန်ခြင်းများ ဥဒဟိုမောင်းနှင်ခဲ့ပါတယ်။

မြစ်ဆန်ဆန် ဗျူရိုကရက်ကွန်ဆာဗေးတစ်မုန်တိုင်းဟာ
မီးခလုတ်ဖွင့်လိုက်ပိတ်လိုက်အစီးအဆင်းတခု
ဓားခြစ်ပန်းချီကားထဲဓားထစ်ခဲသောနှစ်တချို့
သမီးမိပန်ပန်အဖေ ဖေဖေဟာ
ဒလိန့်ကောက်ကွေး
အဝေးကိုကြွေလွှင့်ဖို့ မကြိုးစားပဲဝေးဝေးသွားတဲ့ကြယ်
ဒါကြောင့်ကြယ်ရဲ့ခြေရာသမီးမိပန်ပန်သိတဲ့ တနေ့ 
ကဗျာဟာချစ်ဖို့ကောင်းတဲ့ ဒြပ်ထုဆိုတာ
သိကောင်းသိလာပါလိမ့်။ ။

တိုးနှောင်မိုး
16/7/2016


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts