ကဗျာ

မောင်ကြူးရင့် ● အိမ်

မောင်ကြူးရင့် ● အိမ်
(မိုးမခ) ဧပြီ ၃၊ ၂၀၁၇

(မိုးမခမဂ္ဂဇင်း အတွဲ ၄၊ အမှတ် ၃၊ မတ်လထုတ်တွင် ဖော်ပြခဲ့ပြီးဖြစ်သည့် ကဗျာဖြစ်သည်)

သစ္စာတရားထွန်းကားရာ
ငြိမ်းချမ်းသောအိမ်ကလေးဆောက်ကြမယ်
မေတ္တာတရားပွင့်သစ်ရာ
ငြိမ်းချမ်းသောအိမ်ကလေးဆောက်ကြမယ်
ဉာဏ်ပညာဝင်းပရာ
ငြိမ်းချမ်းသောအိမ်ကလေးဆောက်ကြမယ်
မင်းက စန္ဒယားတလုံးဖြစ်ရင်
ကိုယ်က တယောတလက်ဖြစ်ရမယ်
စာနာမှုတေးကိုဆိုကြမယ်
မင်းက ထမင်းတဆုပ်ဖြစ်ရင်
ကိုယ်က ထန်းလျက်တခဲဖြစ်ရမယ်
ရောင့်ရဲမှု ပန်းချီကားတချပ်
ရောင်စပ်ကြမယ်
မင်းက ကတုတ်ကျင်းတခုဖြစ်ရင်
ကိုယ်က သေနတ်တလက်ဖြစ်ရမယ်
ဘဝတိုက်ပွဲအတူတိုက်ကြမယ်
အို … အချစ်ရယ်
မင်းက ထီးတလက်ဆိုရင်
ကိုယ်က ဖိနပ်တရံ
မင်းကပန်းတပွင့်ဆိုရင်
ကိုယ်က ပျားတကောင်
မုန်တိုင်းထန်ပါစေ
ကန္တာရကြမ်းပါစေ
ဆူးတောဖြစ်ပါစေ
ကြံ့ကြံ့ခံ မဆုတ်မနစ် ဖြတ်သန်းရမှာပဲ
ငါတို့အိမ်ဟာ
သစ္စာတရာထွန်းကားရာ
အိမ်ဖြစ်ရမယ်။   ။

မောင်ကြူးရင့်
၂၈ – ၁ – ၂၀၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts