ဆန်းကျော်စွာဝင်း ● မြို့ကို ဖက်နဲ့ထုပ်ထားကြ
(မိုးမခ) ဧပြီ ၃၊ ၂၀၁၇
အနုပညာနဲ့ တည်ဆောက်ထားတဲ့မြို့မှာ
အနူလက်တွေဟာ ရွှေခွက်ကို ဓါးပြနှိုက်တယ်
မြို့ကြီးထဲ
လူရေစီးကြောင်းတွေ စီးဝင်တဲ့အခါ
မြို့ဟာ လူဝန်တွေပိလာ
ပွင့်လင်းဖော်ရွေတဲ့မြို့ဟာ
ပွင့်ပွင့်လင်းလင်း ဖော်ချွတ်လာ…
လူမိုက်တွေ မှောင်ရိပ်မခိုတော့ဘူး
နေ့ခင်းကြောင်တောင် လမ်းလယ်ကောင်မှာ လုယက်တယ်
လူမိုက်တွေ မှောင်ရိပ်မခိုတော့ဘူး
လမ်းမီးတိုင်အောက်မှာ မားမားရပ်လို့…
လမ်းမကြီးတွေ မလုံခြုံတော့ဘူး
တရားဥပဒေစိုးမိုးမှုဟာ မယားငယ်ယူသွားပြီ
မြို့ခမျာ ဥပဒေကို ငိုယိုခေါ်နေရှာ…
တရားဝင်ဆေးပြားတွေ မြို့မှာရှိတယ်
လိုင်စင်ရဆေးခန်းတွေ မြို့မှာရှိတယ်
တဝမ်းတခါးအတွက် မပူနဲ့
ဓါးမြှောင်တချောင်းပါရင် အဆင်ပြေတယ်
လည်မျိုကို နင်းရဲရင် အဆင်ပြေတယ်
ဆိုင်ကယ်ချင်း ယှဉ်လုရဲရင် ပိုအဆင်ပြေတယ်
ဆေးပြားနဲ့လုယက်မှုဟာ ရင်ချင်းဆက် အမွှာပဲ…
နေဝင်ပြီဆိုတာနဲ့ မြို့ဟာ အဆင်မပြေတော့ဘူး
တယောက်ကိုတယောက်က စိတ်မချတော့ဘူး
တယောက်ကိုတယောက်က မသင်္ကာအကြည့်နဲ့
တယောက်ကိုတယောက်က တယောက်ကတယောက်ကို
လျှင်သူစားစတမ်း သတိနဲ့…
လက်သည်မပေါ်တဲ့မှုခင်းတွေ
မိုးဦးကျ မှိုလို ပေါတယ်…
လိုင်စင်ရ ဆေးခန်းတွေ
မိုးဦးကျ မျှစ်လို ပေါတယ်…
မြို့ဟာ မှိုလိုလို မျှစ်လိုလို…
မြို့သားတွေဟာ မိုးဦးကျ ဖားတွေ…
လုယက်မှုတခုဖြစ်တဲ့အခါ
ပျားအုံကို ခဲမှန်တဲ့ဟန်နဲ့
ယူနီဖောင်းဝတ်ပျားတွေ ပျားပန်းခတ်တမျှ…
ခဲတွေ သွေးအေးသွားတဲ့အခါ
ယူနီဖောင်းဝတ်ပျားတွေဟာ အစာရှာဖို့ပဲ အာရုံစိုက်ကြ…
“သေသောသူ ကြာရင်မေ့
ပျောက်သောသူ ရှာရင်တွေ့” တဲ့
သေသူအရိုးသာဆွေးတယ်
ပျောက်နေတဲ့တရားခံ ရှာမတွေ့ဘူး…
အနုပညာနဲ့ တည်ဆောက်ထားတဲ့မြို့မှာ
အနူလက်တွေဟာ ရွှေခွက်ကို ဓါးပြနှိုက်တယ်
မြို့သားတွေခမျာ
ကိုယ့်အသက်ကို ထုပ်စရာဖက် မရှိခဲ့ …။ ။
ဆန်းကျော်စွာဝင်း