ရသဆောင်းပါးစုံ

မောင်ဥက္ကလာ ● တစ်ဆယ် ?

မောင်ဥက္ကလာ ● တစ်ဆယ် ?
(မိုးမခ) ဧပြီ ၂၊ ၂၀၁၇

နိုင်ငံရေးပါတီတွေ ပြွတ်သိပ်နေတဲ့ ရွှေပြည်ကြီးမှာ ပေါ်ထွက်လာမည့်ပါတီသစ် (ကြီး) ကို ကြိုဆိုလိုက်ခြင်း

အလုပ်အကိုင် မယ်မယ်ရရ မရှိတဲ့ ကျွန်ုပ်မှာ ဒီနေ့ တာဝန်သိလုပ်သားပြည်သူတဦးရဲ့  ပြောပြချက်အရ ရန်ကုန်မြို့ တနေရာမှာ အထင်ကရ နိုင်ငံရေးသမား အဟောင်း – အသစ်၊ အကောင်း – အကျိုးတွေ တွေ့ဆုံပြီး ပါတီသစ်တဖွဲ့ ပေါ်ထွန်းတည်ထောင်ဖို့ ဆွေးနွေးကြမယ်ဆိုလို့ နိုင်ငံရေးသမားလိုလို၊ သတင်းသမားလိုလို၊ တတ်သိပညာရှင်လိုလို၊ လေ့လာသုံးသပ်သူလိုလိုနဲ့ – ပိုစိတ်ဝင်စားဖို့ကောင်းတဲ့ – ကော်ဖီ၊ လက်ဖက်ရည်၊ နေ့လယ်စာ ကျွေးမွေးမယ့် အခမ်းအနားကို ရောက်ရှိသွားခဲ့တယ်။ အဲ့ဂ လို ကိုယ့်လိုလူ ဘယ်နှစ်ယောက်ပါလဲ မသိ – လူငယ်တို့ သဘာဝ ပြောချင်ဆိုချင် ရူးရူးမိုက်မိုက်လုပ်ချင်ကြတဲ့ လူငယ်လူရွယ် လေးရာကျော် တက်ရောက်ကြောင်း ပြောဆိုသံကြားမိတယ်။

အဲ့ဂလို ဦးနှောက်လေမုန်တိုင်းဆင် (Brainstorming*) ကြတဲ့ ပွဲကြီးပွဲကောင်းမှာ အဖန်ဖန်အခါခါ ကြားဖူးကြားနေကြ ကုရာနိတ္ထိ ဆေးမရှိသေးတဲ့ သပွတ်အူ ရွှေပြည်တော်ရဲ့  ရောဂါပေါင်းစုံကို ဟိုခုန်ဒီကူး တတ်သိပညာရှင်ဖြစ်လိုက်၊ အဘများ အကြံပေးဖြစ်လိုက်သူတွေ၊ ဝါရင့်နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးသီအိုရီ အလွတ်ရသူတွေက ဦးဆောင်ဆွေးနွေးပြီး ကျုပ်တို့ မသိတဲ့ နိုင်ဂံဂျားက ပညာရှင်ကြီးတွေ၊ ဘုတ်အုပ်ကြီးတွေ ကိုးကားပြီး ပြောကြဆိုကြတာကို နည်းနည်းဝေးတဲ့ကျုပ်က စိတ်ကိုနစ် နားထောင်နေသလို မျက်လုံးမှိတ်လိုက်၊ မျက်လုံးဖွင့် နာရီလက်တံအရွေ့ကို ကြည့်လိုက်နဲ့ တမနက်လုံး ထမင်း စား ချိန်စောင့်ရပေါ့ (* ပထမနေ့ နံနက်ပိုင်းမှာ ပြောကြားသွားတဲ့ ဆရာ့ဆရာကြီးကျော်ဝင်းက အဲဒီ့ဝေါဟာရကို အဲ့ဂလို အ မိုက်စား တိုက်ရိုက်ဘာသာပြန်ခဲ့တယ်)။

အဲ့ဂလိုနဲ့ ကျေးဇူးရှင်များကျွေးတဲ့ ထမင်းကိုစားခွင့်ရပြီး  အဟာရကိုဝါးနေချိန်မှာ တွေးမိတာက စိတ်အားကြီးတဲ့ ရွှေပြည်သား တို့ အဘယ် skill ကြောင့် – အလုပ်မရှိ ကြောင်ရေချိုး – အဖွဲ့အစည်းဖွဲ့ဖို့ အမြဲကြိုးပမ်းလုပ်ဆောင်ကြပါလိမ့်ပေါ့။ ကြည့်လေ … ကျွန်ုပ်နေတဲ့ လမ်းတိုလေး တလမ်းထဲမှာ ဆွမ်းလောင်းအသင်း နှစ်သင်းရှိတယ်။ သူတို့အပြိုင်ကျဲ ဘာပွဲညာပွဲဆင်နွှဲပြီဆို ကျွန်ုပ်မှာ နားမခံသာ၊ လှူစရာမရှိလို့ ဘယ်ပြေးရမှန်းမသိ။ အဲ … ကျွန်ုပ်တို့ ရွှေဥက္ကလာမှာ ရှိသေးတဲ့ ရုပ်ဆိုးချက်က – ဗိုလ် ချုပ်ကို ငါထုမယ်၊ သူထုရင် တဖွဲ့ခွဲမယ်ဆိုပြီး ရုပ်ထုကိုးကွယ်ရေးပြိုင်ပွဲကြီး တခြိမ့်ခြိမ့်နွှဲလိုက်ကြတာ အဖွဲ့နှစ်ဖွဲ့နဲ့ ဟိုလူလာ လည်း မျက်နှာချိုသွေးရ၊ ဒီလူလာလည်း မျက်နှာချိုသွေးရတဲ့ နင်းပြားလူတွေ အူလည်လည် ဖြစ်ကုန်တယ်။ ဗိုလ်ချုပ်မှာလည်း တောက်တခေါက်ခေါက်နဲ့ “ငါ့ကို ရုပ်ထုနဲ့ နှစ်သက်ပြီး ငါလိုမကျင့် ငါလိုမလုပ် ငါပြောတာကိုေ_ာက်ဂရုမစိုက်၊ေ_ာက်တလွဲ လုပ်ကြသူတွေလို့” ညီးတွားနေမှာ သေချာ။

အဲ့ဂလိုနဲ့ အားနာခင်မင်မှုကြောင့် နောက်လိုက်ပွဲတပွဲယူပြီး ထပ်တွေးမိတာက လွန်လေပြီသော သပွတ်အူရွှေပြည်တော် ရွေးကောက်ပွဲတွေမှာ ရာချီပါတီ ပြိုင်ပွဲဝင်သည် ကြားဖူးသည်။ ဘယ်ဂလောက်များများ မယ်မယ်တို့ ဒီမိုပါတီနဲ့ အဘတို့ စစ်ပါတီကို မလှန်နိုင်။ အခုတော့ အားရှိသူတွေက ပါတီတခု ထပ်ဖွဲ့မယ် – ဖွဲ့မယ်ဆိုတဲ့ပါတီက ပါတီအမှတ် ဘယ်ဂလောက် ဖြစ်မယ် မသိ – ဦးဆောင်ချင်သူတွေကတော့ အမိုက်စားတွေ … တကယ်ပါ အမိုက်စားတွေ။ ဘယ်ဂလိုပဲဖြစ်ဖြစ် လောလော လတ်လတ် အချို့ တွေလည်း “ကြောင်” ရတော့ အလုပ်ရှိတာပေါ့။

အဲ့ဂလို အရေမရ အဖတ်ရ (ကြက်သားဖတ်) ကို တမြုံးမြုံးဝါးပြီး အသိတယောက်ပြောပြတဲ့ လူကြီးပုံပြင်လေးတပုဒ်ကို သတိရလို့ မိုးမခစာချစ်သူများနဲ့ ရွှေပြည်အရေး ရင်မောစောင့်မျှော်သူများ စိတ်နှလုံးအေးမြစေဖို့ မျှဝေလိုက်ပါတယ်။ ပုံပြင် လေးက …

မြို့တမြို့ မှာ လူငယ်တယောက်က သူ့အိမ်ကနေ အလုပ်ကို နေ့စဉ် မနက်တိုင်း လမ်းလျှောက်သွားတယ်။ အဲဒီလမ်းမှာ သစ် သားခြံစည်းရိုးကာရံထားတဲ့ စိတ္တဇဆေးရုံတရုံ ရှိတယ်။ အဲဒီ ဆေးရုံကို ဖြတ်သွားတိုင်း ခြံစည်းရိုးတဘက် ဆေးရုံဝင်းခြံ အတွင်းကနေ လူနာတွေရဲ့  ပြိုင်တူအော်ဟစ်သံတွေကို ကြားရတယ်။ သူတို့ သံပြိုင်အော်နေကြတာက …

တစ်ဆယ် … တစ်ဆယ် … တစ်ဆယ် … တစ်ဆယ် … တစ်ဆယ် …

အဲဒီလို ဖြတ်သွားတိုင်း ကြားရဖန်များတော့ လူငယ်အနေနဲ့ ဆေးရုံခြံဝင်းအတွင်းက လူတွေ ဘာကြောင့် အဲဒီလို “တစ်ဆယ် … တစ်ဆယ် … တစ်ဆယ်”  လို့ သံပြိုင်အော်ဟစ်နေကြလဲဆိုတာကို စိတ်ဝင်စားလာ၊ သိချင်တာနဲ့ ခြံစည်းရိုး အပေါက် တ ပေါက်ကနေ အထဲကို အသာချောင်းကြည့်လိုက်တယ်။

အဲဒီလို ချောင်းကြည့်နေတုန်း တုတ်ချောင်းတချောင်း အဲဒီအပေါက်က ရုတ်တရက် ထွက်လာပြီး သူ့မျက်လုံးကို ထိုးဖောက် လိုက်တယ်။

စူးကနဲဖြစ်ကာ “အား … နင့်အမေ xxxx” ဆဲဆိုပြီး အဲဒီအနားက မျက်နှာအုပ်ကာ အပြေးလစ်လေတယ်။ အဲဒီနားက အပြေး ထွက်ခွါသွားချိန်မှာ ဆေးရုံဝင်းအတွင်းက လူတွေ သံပြိုင်ဟစ်ကြွေးလိုက်သည်မှာ …

တစ်ဆယ့်တစ် … တစ်ဆယ့်တစ် … တစ်ဆယ့်တစ် … တစ်ဆယ့်တစ်

ပုံပြင်လေးက ဒီမျှပါပဲ။
ထမင်းစားပြီး ဒုတိယပိုင်းမှာတော့ အနှစ်သာရပြည့်ဝတဲ့ ထမင်းအဟာရကြောင့် Vision တွေလေးလာပြီး “နိုင်ငံရေးပါတီ တစ်ရပ် ပေါ်ထွန်းလာရေး တွေ့ဆုံဆွေးနွေးပွဲ” ဆိုင်ဘုတ်က မျက်စိထဲမှာ ဝိုးတဝါးဖြစ်လာသလို၊ စကားပြောကောင်းတဲ့ ဆွေးနွေးသူများရဲ့  ပြောဆိုသံတွေကို အားစိုက်နားထောင်ပြီး နေ့လယ်ပိုင်းအစီအစဉ်ကိုတော့ အားနာပါးနာ လေးလေးပင်ပင်၊ ထိုင်းထိုင်းမှိုင်းမှိုင်း ဖြတ်ကျော်ရပေါ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts