ကိုသန်းလွင် ရသဆောင်းပါးစုံ

ကိုသန်းလွင် ● ပါးပေါ်ထောပတ်သုတ်သူများ

ကိုသန်းလွင် ● ပါးပေါ်ထောပတ်သုတ်သူများ

(မိုးမခ) မတ် ၂၃၊ ၂ဝ၁၇

(၁)
တခါတုံးက ကုမ္ပဏီကြီးတခု၏ စီအီးအိုတယောက်သည် နံနက်စာစားအပြီး ဆေးကြောသုတ်သင်ခြင်းမပြုဘဲ ရုံးသို့ ကတိုက် ကရိုက်သွားခဲ့ရာ သူ့ပါးတွင်  မြေပဲထောပတ်များ ပေကျံနေခဲ့ပါသည်။ ရုံးမှာ အလုပ်လုပ်၊ အစည်းအဝေးတွေတက်ဖြင့် တနေ ကုန်ကြာပြီးသောအခါမှ အိမ်ပြန်သွားခဲ့ပါသည်။ အိမ်သို့ အရောက် ဇနီးဖြစ်သူကပြောမှ ပါးမှာပေကျံနေသော ထောပတ်များ ကို သုတ်သင်ပစ်ရပါသည်။ အံ့အားသင့်၍ ရှက်သွေးမွှန်နေသော စီအီးအိုကြီးမှာ နောက်တနေ့ ရုံးသို့ရောက်သွားသောအခါ ပိုမို၍ အံ့အားသင့်ခဲ့ရပါသည်။ နောက်ရက်များတွင် ရုံးတက်လာကြသော ရုံးစေလုလင်မှအစ ချဲးယားမင်းလုပ်သူအထိ ပါးများပေါ်တွင် မြေပဲထောပတ်များကို သုတ်လိမ်းထားကြသည်ကို တွေ့ခဲ့ရသောကြောင့် ဖြစ်ပါသည်။

( The Peanut Butter Affairs ) ဆိုသည်မှာ အမေရိကန် နိုင်ငံတွင် တချိန်က ခေတ်စားခဲ့သော သီချင်းတပုဒ် ဖြစ်ပြီးမျက်နှာမှာ ထောပတ်တွေပေကျံနေသော စီအီးအိုကြီးကို မပြောပြရဲသော ဝန်ထမ်းများအကြောင်း စပ်ဆိုထားခြင်းဖြစ်ပါသည်၊ နယူး ယော့တိုင်းသတင်းစာကြီးက ထိုသီချင်းအကြောင်းအစချီကာ သမ္မတဒေါ်နယ်ထရမ့်၏အိမ်ဖြူတော်မှ ဝန်ထမ်းများကို သ ရော်၍ ရေးသားခဲ့ပါသည်။

(၂)
သမ္မတလုပ်သူက သက်သေပြချက် တစုံတရာမရှိဘဲ ယခင်သမ္မဟောင်းအိုဘားမားက သူမဲဆွယ်နေစဉ်ကာလ အတွင်းက သူ့တယ်လီဖုန်းကို ဝါယာတက် (ပ) နှင့် ခိုးပြီးနားထောင်ခဲ့သည်ဟု စွတ်စွဲခဲ့ပါသည်။ သမ္မတကြီးလွန်စွာ စိတ်ဆိုးဒေါသဖြစ်နေ ရပါသည်ဟု နိုင်ငံရေးလောကမှမဟုတ်သော မိတ်ဆွေတဦးက စီအင်အင်သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

စာရေးသူ သောမတ် (စ) ဖရီးမင်းက ပါးပေါ်မှာ ဘယ်သူအများဆုံးထောပတ်တွေတင်သလဲဆိုတော့ ဒုတိယ ပြန်ကြားရေး တာဝန်ခံ ဆာရာစန်းဒါး (စ) (Sarah Sanders) ကိုညွှန်ပြခဲ့ပါသည်။ သူမက သမ္မတဟာ သူမြင်ခဲ့ရတဲ့စာတပုဒ်ကြောင့် အခု လိုအတိအကျ စွတ်စွဲရတာပါဘဲဟု ဆိုလိုက်သည်။ “UFO ခေါ် ဘာမှမသိရတဲ့အရာတွေ မြင်ရသလိုပေါ့နော်”  သရော်ထား သည်။

နိုင်ငံတော် လုံခြုံရေးရာဝန်ကြီး (John Kelly) ကလည်း “သမ္မတမှာ ခိုင်လုံတဲ့အကြောင်းပြချက်ရှိရမှာပေါ့ဟု” ထောက်ခံခဲ့ သည်။ နိုင်ငံတော်လုံခြုံရေးရာဝန်ကြီးကိုယ်တိုင် ဘာကြောင့်မသိရသလဲ။ သမ္မတက သူ့လိုလူကိုပင် မပြောပြဘူးလားဟု မေးစရာ ဖြစ်လာသည်။

မတ်လ (၁၂) ရက်နေ့ရောက်သည်အထိ ဘာသက်သေအထောက်အထားမျှ ပြနိုင်ခြင်းမရှိဘဲ ဒုတိယသမ္မတလုပ်သူကပင် ကွန်ဂရက် စုံစမ်းရေးကော်မတီရဲ့တွေ့ရှိချက်ကိုသာစောင့်ကြရအောင်ပါဟု ဆိုနေသည်။  ထိုသူများအားလုံးကို မိမိပါးကို ထောပတ်သုတ်လာသူတွေဟု ဆိုလိုက်ခြင်းဖြစ်ပါသည်။

မစ္စတာထရမ့်မှာ အမေရိကန်နိုင်ငံကို အကြမ်းဖက်သူ Terrorist များ နိုင်ငံရပ်ခြားမှကူးပြောင်းလာသောဒုက္ခသည်များ၊ လွတ်လပ်စွာကုန်သွယ်ခွင့် အန္တရာယ်များမှကင်းဝေးအောင် လုပ်ပေးမည်ဟူသော ကတိကဝတ်များဖြင့် သမ္မတဖြစ်လာ ခဲ့ပါသည်။ ယခု သူ့ရန်မှ ကျွန်တော်တို့ကို ဘယ်သူ အကာအကွယ်ပေးမှာလည်းဟု စာရေးသူက မေးထားပါသည်။

အမေရိကန်နိုင်ငံအဖို့ ထိုက်တန်သောကျန်းမာရေးစောင့်ရှောက်မှု၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ အကောက်ခွန်စနစ်၊ Infra- Structure  ပရောဂျက်များ၊ နိုင်ငံခြားရေးတွင် ရုရှား၊ တရုတ်၊ အီရန် စသည်ဖြင့် မိတ်ဆွေရန်သူ နိုင်ငံများနှင့် ဆက်ဆံရေးကိစ္စ များကို ဆောင်ရွက်ရပါမည်။ ရန်သူမိတ်ဆွေမဟူ လိုင်းတား၊ စည်းခြားသင့်သောနေရာများတွင် စည်းတားထားရပါမည်။ ထိုလုပ်ငန်းများကို သမ္မတလုပ်သူက ပြည်သူလူထုအား ခိုင်ခန့်သော ခေါင်းဆောင်မှုကိုပေး၍ ချီတက်ကြရပါမည်။ ထိုပုဂ္ဂိုလ် ကြီးတွင် ထိုလိုအပ်သော အရည်အချင်းများရှိပါရဲ့လားဟု မေးခွန်းထုတ်ခဲ့ပါသည်။
ဝန်ထမ်းတိုင်းတွင်သူတို့ခေါင်းဆောင်၏ အရည်အချင်းများကိုယုံကြည်မှုရှိရန်လိုအပ်ပေရာ၊ ပြဿနာအနည်းငယ်ဖြစ်ပြီဆို သည်နှင့် မိမိနောက်ကျောကို ထိုးချေပစ်မည့်ခေါင်းဆောင်တယောက်ကို အဘယ်သူသည် ယုံကြည်စိတ်ချနိုင်ကြပါမည်နည်း။

တွစ်တာ (Twitter) အကောင့်မှနေ၍ စည်းလွတ်၊ ဝါးလွတ်အပုပ်ချရေးသားတတ်သော သမ္မတကြီး၏ လုပ်နည်း လုပ်ဟန်များ မှာစိုးရိမ်စရာများနှင့် ပြည့်နှက်လျက်ရှိပါသည်။

ထရမ့်၏အဖွဲ့သားများနှင့် ရုရှားတို့၏ဆက်ဆံရေး ဆက်သွယ်ရေးတို့မှာလည်းများစွာ စိုးရိမ်ဖွယ်ရှိနေသည်။ အမေရိကန်၏ ထောက်လှန်းရေးအဖွဲ့ကြီး သုံးခုလုံးက ရုရှားသည် ရွေးကောက်ပွဲကာလအတွင်း ထရမ့်အနိုင်ရအောင် ဆိုင်ဘာနည်း (Cyber) များဖြင့် နှောက်ယှက်မှုများရှိနေခဲ့သည်။ ထိုနှောက်ယှက်မှုများ၏ အနေအထားသဘာဝကို အရင်းအထိလိုက်ပြီး ဖော်ထုတ်ဖို့လိုသည်။ မဲရွေးကောက်ပွဲစနစ်ကြီးကိုသာ မယုံရဘူးဆိုလျင် အမေရိကန်နိုင်ငံအဖို့ နစ်မြုပ်ပျောက်ကွယ်ဘို့ဘဲ ရှိတော့သည်ဟု သတိပေးထားပါသည်။

နယူးရော့ကာ မဂ္ဂဇင်းကလည်း အစိုးရ၏အပြုအမူများကို သရော်လှောင်ပြောင်လေ့ရှိသည်။ တရက်တွင် မိုးလင်းလျင် လင်း ခြင်း သမ္မတကြီးက အိမ်ဖြူတော်ရှိ တယ်လီဖုံးတိုင်းကို သံဖြူပြား (Tin Foil) နှင့်အုပ်ထားရမည်ဟု အမိန့်ပေး ခိုင်းစေသော ကြောင့် အားလုံးအလုပ်ရှုတ်ကုန်ရသည်ဟု ရေးလိုက်ပါသည်။ တရုတ်သတင်းဌာနက ဟာသလုပ်သည်ဟုမသိရှိဘဲ သတင်း အဖြစ်ပြန်လည်ဖေါ်ပြခဲ့ရာ ဖတ်ရသူအပေါင်း ငိုအားထက် ရယ်အားသန် ဖြစ်ခဲ့ကြရဖူးပါသည်။

(၃)
ကျွန်တော်တို့သည် အိမ်ဖြူတော်နှင့် အစိုးရတဖွဲ့လုံးကိုသရော်ပြီး သံသယဖြစ်ဖွယ်တို့ကို ထောက်ပြနိုင်သော အမေရိကန် နိုင်ငံ စာနယ်ဇင်းလောက၏ လွတ်လပ်မှုအကြောင်းကို စဉ်းစားနေမိပါသည်။ တရုတ်ပညာရှိကြီး ကွန်ဖြူးရှပ်စ်က ပညာရှိတို့၏ စကားကို နိုင်ငံအုပ်ချုပ်သူတို့က နားထောင်တတ်ရမည်ဟု ဆိုခဲ့ပါသည်။ ဒီမိုကရေစီနိုင်ငံတိုင်းသည် စာနယ်ဇင်းလောကမှပြည် သူတို့၏အယူအဆများကို ထုတ်ဖော်ပိုင်ခွင့်ပေးကြရပါမည်။ ပြည်သူလူထု၏ခံစားချက်အစစ်အမှန်တို့ကိုသိနိုင်ရန် သတင်း စာနှင့် စာနယ်ဇင်းများသည် မရှိမဖြစ် လိုအပ်ပါသည်။

ကိုသန်းလွင်

illustaration : Bagley


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts