ထွန်းဝင်းငြိမ်း အတွေးအမြင် ဖြစ်ရပ်များ၊ အမှတ်တရများ

ထွန်းဝင်းငြိမ်း-ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေး အယူအဆ

ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေး အယူအဆ 

ထွန်းဝင်းငြိမ်း

မိုးမခ(သစ်ခက်သံလွင်)၊ မတ် ၂၃၊ ၂၀၁၇

 ထိုသို့ ကြည်ဖြူမြတ်နိုးပြီး ကိုးစားလောက်သည်၊ အားထားလောက်သည်ဟု တိုင်းပြည် ခေါင်းဆောင်အရာတွင်တင်မြှောက်လိုက်သောအခါ အချို့ခေါင်းဆောင်တို့မှာ ငါသည်ကား သာမညမဟုတ် ဥက္ကဋ္ဌတည်းဟူသော သတင်းဟိတ်နှင့် အင်္ဂလိပ်စာတတ်၊ ပုဂ္ဂိုလ်မြတ်၊ ပုဂ္ဂိုလ်ထူးဟု နတ်ရူးကို ဗုံနှင့်မြှောက်သကဲ့သို့ ဂုဏ်မောက်လိုသော ယင်းစိတ်ဖြင့် အမျိုးသား ချင်းတို့အပေါ်မှာပင် နင်းနှိမ်ချိုးဖဲ့၍…..

နိဒါန်း

 

ဆရာကြီးသခင်ကိုယ်တော်မှိုင်း

ဘဘမှိုင်း မီးသင်္ဂြိုဟ်လျှင် အရိုးပြာကလေးများ နည်းနည်းလောက်လိုချင်ပါသည်။ မိမိဇာတိပျဉ်းမနားတွင် ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ် စေတီတည်ထား ကိုးကွယ်လိုပါသည်။”

ဒါဟာ နိုင်ငံကျော် ရုပ်ရှင်မင်းသမီး (ဒေါ်) ခင်သန်းနုရေး သားခဲ့တဲ့ အမှတ်တရ စာသားဖြစ်ပါတယ်။ 

ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၈၇၆ – ၁၉၆၄) ကွယ် လွန်တော့ ဈာပနမှတ်တမ်းမှာ ရေးခဲ့တာပါ။ ဆရာကြီးရဲ့တသက်တာဆောင်ရွက်ခဲ့သမျှတွေထဲက ငြိမ်းချမ်းရေးဆောင်ရွက်မှုတွေကို နိုင်ငံရေးနယ်က မဟုတ်တဲ့ (ဒေါ်) ခင်သန်းနုတို့လို အနုပညာရှင်တွေကတောင် တန်ဖိုး ထား၊ လေးစားလွန်းလို့ စေတီမှာဋ္ဌာပနာထားပြီး ကိုးကွယ် ချင်တဲ့ဆန္ဒဖြစ်ပေါ်တာကို တွေ့ရပါတယ်။ အဲဒီလိုအမှတ်တရ ဖြစ်စေမမယ့် ငြိမ်းချမ်းရေးစေတီ တည်ဖြစ်လိုက်ရင် နောင်လာနောက်သားတွေအတွက် မြန်မာ့မြေမှာ ထာဝရငြိမ်းချမ်းရေးရရှိစေဖို့ ရည်စူးတာလည်း ဖြစ်နိုင်ပါတယ်။

နောက်ခံကာလ

ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့ ကမ္ဘာ့ငြိမ်းချမ်းရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေဆောင်ရွက်စဉ် ကာလက ဒုတိယကမ္ဘာစစ်ပြီးခါစ ကိုလိုနီနိုင်ငံတွေက အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲတွေနဲ့ လွတ် လပ်ရေးအရယူနေရတဲ့အချိန်ဖြစ်ပါတယ်။ ကမ္ဘာမှာ ဆိုရှယ်လစ်အုပ်စုအင်အားကြီးမားနေတဲ့အချိန်လည်း ဖြစ်ပါတယ်။ ကမ္ဘာ့ပြည်သူလူထုကြီးက အရှင်းရှင်ကမ္ဘာရဲ့ ဗိုလ်ကျစိုးမိုးမှုနဲ့ တတိယကမ္ဘာစစ်ကို တားဆီးနေ ရတဲ့အချိန်ပေါ့။ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးဆိုတဲ့အယူအဆလည်းပေါ်ထွက်ခဲ့ချိန်လည်း ဖြစ်ပါ တယ်။
ပြည်တွင်းမှာတော့ ဖဆပလအဖွဲ့ကြီးက လွတ်လပ်ရေးတောင်းဆိုနေချိန်၊ နယ်ချဲ့လက်ချက်နဲ့ ဗိုလ်ချုပ် အောင်ဆန်းအပါအဝင် အာဇာနည် ခေါင်းဆောင် ကြီးတွေ လုပ်ကြံခံရပြီး အာဏာရဖဆပလအဖွဲ့ကြီးမှာ ဆိုရှယ်လစ်ဆိုတဲ့အုပ်စုတွေ တွင်ကျယ်လာတဲ့အချိန်လည်း ဖြစ်ပါတယ်။ လွတ်လပ်ရေးကို တက်သုတ်ရိုက် ယူပြီး အမျိုးသားညီညွတ်ရေး ပြိုကွဲကာ ပြည်တွင်းစစ်ကြီး စတင်ဖြစ်ပွားနေချိန် ဖြစ်ပါတယ်။

ရုပ်ရှင်မင်းသမီးခင်သန်းနု

ဆရာကြီးရဲ့ ငြိမ်းချမ်းရေးသဘောထား

ဆရာကြီးရဲငြိမ်းချမ်းရေးအယူအဆဆိုတာ သူမနာ၊ ကိုယ်မနာ တရားမျှတတဲ့ နည်းနဲ့ နိုင်ငံရေးအရ စားပွဲဝိုင်း မှာတွေ့ဆုံဆွေးနွေး အဖြေရှာရေး ဖြစ်ပါတယ်။ အဲဒီလို ဆွေးနွေးရာမှာ တန်းတူရေး၊ လွတ်လပ်မှု၊ တရား မျှတရေး၊ အပြန်အလှန်လေးစား အသိအမှတ်ပြုမှု၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးရေးစတဲ့အချက်တွေကို အခြေခံ ကျင့်သုံးဖို့ တိုက်တွန်းခဲ့ပါတယ်။ ဆရာကြီးက ပြည်တွင်း စစ်ကိုအပြုတ်တိုက်ရေး၊ လက်နက်ချရေးနည်းတွေ နဲ့ အဆုံးသတ်ပစ်တာမျိုးကို အားမပေးပါဘူး။ တဖက်သတ်ဖိအားပေး အကြပ်ကိုင်တာမျိုး ဆန့်ကျင်ပါတယ်။ အဲဒီနည်းဟာ ပြဿနာတွေကို ပိုမိုရှုပ်ထွေး ကျယ်ပြန့်သွားစေပါတယ်။ ဒါကြောင့်လည်း ဆွေးနွေးညှိနှိုင်း အဖြေရှာတဲ့နည်းလမ်းနဲ့ ပြဿနာကို ပြေလည်အောင်ဖေရှင်းကာ ပြည်တွင်းစစ်ကိုရပ်စဲကြပြီး ငြိမ်းချမ်းရေး ကို တည်ဆောက်ကြဖို့ လေးလေးနက်နက် ပန်ကြားခဲ့တာ ဖြစ်ပါတယ်။ 

တကယ်တော့ သူမနာ၊ ကိုယ်မနာ တရားမျှတတဲ့ ငြိမ်းချမ်းရေးသဘောထားဟာ ကိုယ်ချင်းစာမေတ္တာ တရားကို အခြေခံပါတယ်။ ပဋိပက္ခကို ဖြေဖျောက်နိုင်ရုံသာမက တားလည်းတားဆီးနိုင်တယ်။ ဘက်နှစ်ဘက်အတွက် ဖြောင့်မတ်စေခြင်း၊ ကျေနပ်မှုရှိစေခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။ တရားမျှတမှု အခြေခံအောက်မှာ အတိတ်ကို နောက်ကွယ်ပြုကာ သဘောညီညွတ်မှုရယူခြင်းဆိုတဲ့သင်ပုန်းချေခြင်းဟာ ပစ္စုပ္ပန်ဒုက္ခကို ချုပ်ငြိမ်းစေပြီး အနာဂတ်ရဲ့အကျိုးကိုလည်း ရှေးရှုနိုင်တယ်လို့ ဆရာကြီးက ယုံကြည်ပါတယ်။ ပြည်သူရဲ့အကျိုးကိုအခြေခံတဲ့အတွက် ပြည်သူ့ဆန္ဒနဲ့လည်း ကိုက်ညီပါတယ်။ ပိုမိုထင်ရှားစေတာကတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဦးဆောင်တဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေကို တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဒေသအသီးသီးက ထောက်ခံခဲ့တဲ့ သမိုင်းမှတ်တမ်းတွေ အထင်အရှားရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဘယ်လိုငြိမ်းချမ်းရေးမျိုးလဲ

ဒီနေရာမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းတည်ဆောက်တဲ့ ငြိမ်းချမ်းရေးဆိုတာ ဘာသာရေးအရ ငြိမ်းချမ်း မှုမျိုး၊ လူမှုရေးအရ ငြိမ်းချမ်းတာမျိုးမဟုတ်ဘဲ နိုင်ငံရေးအရ ငြိမ်းချမ်းရေးရရှိဖို့ဆောင်ရွက်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် လူ့အဖွဲ့အစည်းမှာရှိတဲ့ မတူကွဲပြား ခြားနားမှုတွေရှိပေမယ့် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးကို တည်ဆောက်တာဖြစ်ပါတယ်။ လူတဦးချင်းစီရဲ့ ဘဝလုံခြုံမှုကနေ လူမျိုးစုတွေရဲ့ မွေးရာပါ အခွင့်အရေးတွေ၊ တနိုင်ငံလုံးအတွက် လွတ်လပ်၊ တန်းတူ၊ တရားမျှတတဲ့ အခြေအနေတွေ အတွက် အာမခံချက်ရှိတဲ့ ငြိမ်းချမ်းရေးလည်း ဖြစ်ပါတယ်။ အနိုင်ကျင့်ဗိုလ်ကျတဲ့ မဟာလူမျိုးကြီးဝါဒနဲ့ ကျဉ်းမြောင်းတဲ့လူမျိုးစုဝါဒကင်းတဲ့ လူထုပါဝင်တဲ့၊ လူထုအင်အားနဲ့ ထူထောင်ထားတဲ့ လူထုအတွက် ငြိမ်းချမ်းရေးလည်း ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးဗိသုကာရဲ့ အဓိကအလုပ်

ဆရာကြီးဆောင်ရွက်သွားတဲ့ ငြိမ်းချမ်းရေးဆိုတာ ညီညွတ်ရေးရအောင် အဓိကလုပ်ဆောင်တာ ဖြစ်ပါ တယ်။ ဆရာကြီးရဲ့ ငြိမ်းချမ်းရေးဆောင်ရွက်တဲ့လုပ်ဟန်က ကြားပွဲစားလည်း မဟုတ်။ နှစ်ဖက်ကြားက ဆောင်ရွက်တဲ့ တတိယအင်အားစုလည်း မဟုတ်ပါ။ အုပ်ချုပ်သူ လူတန်းစားကို အကာအကွယ်ပေးတဲ့ ရွှေပြည်အေးသမားအကြိုက် ပြည်သူကို ချနင်းသွားကြတဲ့ ငြိမ်းချမ်းရေးသမားမျိုးလည်း လုံးဝမဟုတ်ပါ။ ပြည်သူလူထုအကျိုးဆန္ဒနဲ့ကိုက်ညီတဲ့ ငြိမ်းချမ်းရေးကိုရရှိစေဖို့ ပြည်သူလူထုကို အခြေခံပြီး ညီညွတ်ရေး အတွက် ဆောင်ရွက်ရတဲ့ ငြိမ်းချမ်းရေးမျိုး ဖြစ်ပါတယ်။

ဒါကြောင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို အမျိုးသားညီညွတ်ရေးဗိသုကာအဖြစ် ဂုဏ်ပြုမှတ်တမ်း တင်ကြပါတယ်။ ဆရာကြီးရဲ့အမျိုးသား နိုင်ငံရေးဘဝဖြတ်သန်းမှုဖြစ်စဉ်တလျှောက်လုံးမှာ ညီညွတ်ရေး အလံတွေ တလူလူပျံ့လွင့်ခဲ့တာချည်းပဲ ဖြစ်ပါတယ်။ ဆရာကြီးဟာ ဘယ်အကွဲအပြဲမှာမှ ဘက်မလိုက်တဲ့ ပုဂ္ဂိုလ် ပုဏ္ဍားတိုင်ဖြစ်ပါတယ်။ ဆရာကြီးဟာ အမျိုးသား ညီညွတ်ရေးရဖို့အတွက်ဆိုရင် ခဲနဲ့ထုလည်း ခံပါ တယ်။ တုတ်နဲ့ရိုက်လည်း ခံတယ်ဆိုတဲ့ လူစားမျိုးဖြစ်ပါတယ်။ ရန်သူရှိရင် ခေါင်းထိုးပေးချင်တဲ့ပုဂ္ဂိုလ်မျိုး၊ ခံရဲတဲ့သတ္တိရှိတဲ့ ပုဂ္ဂိုလ်မျိုး၊ ခန္တီပါရမီကြီးတဲ့ ပုဂ္ဂိုလ်မျိုးဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆရာကြီးဟာ အမျိုးသား ညီညွတ်ရေးဗိသုကာဆိုတဲ့ဘွဲ့ကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာပါ။ အမျိုးသားညီညွတ်ရေးမှာ သူမနာ ကိုယ်မနာလမ်းစဉ်ရှိဖို့လိုအပ်တယ်လို့ မမှိတ်မသုန်ယုံကြည်သူဖြစ်ပါတယ်။ ဒါဟာ ဆရာကြီးရဲ့ညီညွတ် ရေးအခြေခံမူဝါဒ ဖြစ်သလို ငြိမ်းချမ်းရေးအယူအဆရဲ့ အလုပ်လမ်းညွှန်လည်း ဖြစ်ပါတယ်။

ဆရာကြီးရဲ့ ဖြတ်သန်းမှု

ဆရာကြီးက အရှင်နှစ်ပါး ပါတော်မူတာကို သူ ၁၀ နှစ်သားလောက်က မြင်တွေ့ခဲ့ရသူ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ငယ်စဉ်ကတည်းက ဇာတိမာန် မျိုးချစ်စိတ်ကိန်းအောင်းခဲ့ပြီး တသက်တာလုံး နယ်ချဲ့ဆန့်ကျင် ရေး တိုက်ပွဲအဆင့်ဆင့်မှာ ဆရာကြီးပါဝင်ဆင်နွှဲသွားခဲ့တာ နောက်ဆုံးသူ့ နှလုံးခုန်ရပ်တဲ့အထိပါပဲ။ သူ့ကျွန်မခံလိုသူမျိုးချစ်တွေရဲ့သူပုန်အမျိုးမျိုး၊ မင်းလောင်းပေါ်မူအမျိုးမျိုး၊ ဂျီစီဘီအေ ၀ံသာနုအရေးတော်ပုံ၊ ယူနီဗာစီတီ ဘွိုင်းကောက် အမျိုးသားပညာရေးတိုက်ပွဲ၊ တောပုန်းကြီးစံဖဲနဲ့ ဆရာစံတောင်သူလယ်သမား သူပုန်၊ တို့ဗမာ အစည်းအရုံးလှုပ်ရှားမှုနဲ့ လွတ်လပ်ရေးတိုက်ပွဲ၊ ဖက်ဆစ်ေ တ်ာလှန်ရေးနဲ့ လွတ်လပ်ရေး တိုက်ပွဲ၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားကြိုးပမ်းဆောင်ရွက်မှုတွေအားလုံးမှာ ဆရာကြီးဟာ အနည်းနည်းအဖုံဖုံနဲ့ ပဋိပက္ခဖြစ်နေတဲ့ အင်အားစုတွေကို ညီညွတ်အောင် ကလောင်လက် နက်နဲ့ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ စူးစူးနစ်နစ် လုပ်ဆောင်ပေးခဲ့တာကို တွေ့ရပါတယ်။ 

ဆရာကြီးဟာ နယ်ချဲ့ဆန့်ကျင်ရေးခေတ် အဆင့်ဆင့်အလံအလှဲစတမ်း တိုက်ပွဲတွေဆင်ခဲ့ရာမှာ သူ့ ကိုယ် ကျိုးကို ရာသက်ပန်စွန့်လွှတ်ထားပြီး ပြည်သူ့အကျိုးအတွက် ခေတ်အဆက်ဆက်က တိုးတက်တဲ့ လူငယ် တွေနဲ့ ၊ အရဲရင့်ဆုံးလူငယ်တွေနဲ့၊ တော်လှန်ပုန်ကန်ရဲတဲ့ လူငယ်တွေနဲ့ထာဝစဉ်သစ္စာရှိစွာ လက်တွဲပြီး မဖောက်မပြန် မှန်ကန်တဲ့လမ်းကြောင်းအတိုင်း ထမ်းဆောင်ခဲ့တဲ့ ပြည်သူ့သားကောင်းကြီးတဦးဖြစ်ပါ တယ်။ ဆရာကြီးမှာ သူတော်စင်တမျှ မှဲ့တပေါက်မစွန်းဘဲ ဖြူစင်ကြံ့ခိုင်တဲ့ ကိုယ်ကျင့်တရားနဲ့ စံထားလောက်တဲ့ သန့်ရှင်းရိုးသားမူကလည်း ပြည်သူတွေအတွက် အားကျ ဂုဏ်ယူစရာ ဖြစ်ခဲ့ပါတယ်။

ဆရာကြီးတသက်တာလုံး ပြုမူဆောင်ရွက် စွန့်စားအနစ်နာခံမူတွေဟာ အလွန်ကြီးမားတဲ့အမျိုးကို ချစ်တဲ့ စိတ်၊ ပြည်သူကို ချစ်တဲ့စိတ်ရဲ့စေ့ဆော်ချက်ကြောင့်လို့ ဆိုနိုင်ပါတယ်။ ဆရာကြီးဟာ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တယ်ဆိုရာမှာ အသပြာ၊ အရှိန်အဝါ၊ သြဇာ၊ ရာထူးနဲ့ မည်သို့ပင် တို့တို့၊ မကြို့ခဲ့ပါ။ ရေစုံခရီး လှေကြုံ စီးရန်လည်း မတမ်းတခဲ့ပါ။ အသာမစံတဲ့အနာခံဘဝဖြင့် ကြံ့ကြံ့ခံခဲ့တဲ့ ဆရာကြီးရဲ့ လက်တွေ့ဘဝသည် ပင် ပြည်သူလူထုအတွက် ယုံကြည်ချက် လေးနက်မှုပင်ဖြစ်ပါတော့တယ်။

ဆရာကြီးဟာ ဓားနဲ့တူတဲ့ လေးချိုးကြီးတွေကို မျိုးချစ်စိတ်တည်းဟူသော ကျောက်ပေါ်မှာသွေးပြီးမှ ရေးသား ခဲ့တာ ဖြစ်ပါတယ်။ မျိုးချစ်စိတ်အတွက် အသုံးချရန် လေးချိုးကြီးများကို ရေးခြင်းဖြစ်တယ်လို့ ဆိုလိုပါတယ်။ တချို့ကို တိုက်ရိုက်အသုံးချထားတာ တွေ့ရပါတယ်။ တချို့ကို သွယ်ဝိုက်ပြီး အသုံးချထားတာကို တွေ့ရပါ တယ်။ ဒါ့ကြောင့် ကဗျာပညာကို ဆရာကြီးကဲ့သို့ မျိုးချစ်စိတ်အတွက် ထိရောက်အောင်အသုံးချနိုင်တဲ့ ကဗျာ ဆရာမျိုးက နည်းပါးလှတယ်လို့ ဆိုနိုင်ပါတယ်။

ဆရာကြီးဟာ နယ်ချဲ့သမားရဲ့ပရိယာယ်တွေ၊ နိုင်ငံရေးထောင်ချောက်တွေ၊ အကွေ့အကောက်တွေ ဘယ်လောက်များများ တော်လှန်တဲ့ပြည်သူနဲ့လမ်းခွဲပြီး ဘယ်ကွေ့မှာမှ တင်ကျန်ရစ်တယ်ဆိုတာမရှိခဲ့ပါဘူး။ တဆင့်ပြီးတဆင့် တိုက်ပွဲဝင်ကြတဲ့ တိုးတက်တဲ့ လူငယ်တွေနဲ့သာ လက်ပြောင်းပြီး တွဲသွားခဲ့တယ်။ ဆရာကြီး ဘယ်ကွေ့မှာမှ မျက်စိလည် မကျန်ခဲ့ပါဘူး။ ဆရာကြီးဒီလိုဖြစ်ရတဲ့ အကြောင်းတွေ တခုမက အများကြီးရှိမှာပါ။ အဲဒါတွေထဲမှာ ကိုယ်ကျိုးစီးပွားအတွက် ဆရာကြီးက လုံးဝမစဉ်းစားတာ၊ ရပ်တည်ချက် မှန်မှန်နဲ့ ဖြူစင်ဖြောင့်မတ်တဲ့ စေတနာထားနိုင်တာ၊ အမှန်တရားအတွက် ဘာကိုမဆို ရင်ဆိုင်ရဲတာ။ ကြီးမားတဲ့ ဇွဲလုံ့လရှိတာ စတဲ့အကြာင်းတွေ ပါဝင်ခဲ့ပါတယ်။ 

နောက်တချက်က ဆရာကြီးဟာ ကမ္ဘာ့ငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဆောင်ရွက်ရာမှာ ပြည်တွင်း ပြည်ပ အာဏာအဝန်းအဝိုင်းမှာ ရာထူးရယူပြီး ဆောင်ရွက်ခြင်းမရှိတာပါပဲ။ ခေတ်ပညာတတ်ပြီး အမျိုးသား စိတ်ခေါင်းပါးသွားကြတဲ့ ရာထူးရာခံမက်ကြတဲ့ ခေါင်းဆောင်မျိုးတွေကို ဆရာကြီးကိုယ်တိုင်က ခွေးဋီကာ (၁၉၂၅) မှာ အခုလို တင်ပြဖူးပါတယ်။

ထိုသို့ ကြည်ဖြူမြတ်နိုးပြီး ကိုးစားလောက်သည်၊ အားထားလောက်သည်ဟု တိုင်းပြည်ခေါင်းဆောင် အရာတွင်တင်မြှောက်လိုက်သောအခါ အချို့ခေါင်းဆောင်တို့မှာ ငါသည်ကား သာမညမဟုတ် ဥက္ကဋ္ဌတည်း ဟူသော သတင်းဟိတ်နှင့် အင်္ဂလိပ်စာတတ်၊ ပုဂ္ဂိုလ်မြတ်၊ ပုဂ္ဂိုလ်ထူးဟု နတ်ရူးကို ဗုံနှင့်မြှောက်သကဲ့သို့ ဂုဏ်မောက်လိုသော ယင်းစိတ်ဖြင့် အမျိုးသားချင်းတို့အပေါ်မှာပင် နင်းနှိမ်ချိုးဖဲ့၍ အကျိုးမဲ့ပြောဆိုရေးသား ဆဲရေးတိုင်းထွာ၍ မေတ္တာဓာတ်ကြီးဖြင့် ပတ်စည်းဖွဲ့နှောင်ခြင်းမပြု ကရုဏာကင်းဝေး၍ မလေးမစားပြုကြ ကုန်၏။” ဆိုပြီး ရေးပါတယ်။

နယ်ချဲ့နဲ့ဖက်ဆစ်ကို တော်လှန်ရေးခဲ့ကြတဲ့သခင်လူငယ်တွေ နိုင်ငံရေးအယူအဆသဘောထားကွဲကြရာက ပြည်တွင်းစစ်ဖြစ်ပွားလာတဲ့အတွက် အမျိုးသား ညီညွတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ အစိုးရနဲ့တကွ ရဟန်းရှင်လူ ပြည်သူအပေါင်းကို ဆရာကြီးက ပန်ကြားဆော်သြပါတယ်။ နိုင်ငံတကာအခြေအနေကလည်း စစ်ရိပ်စစ်ငွေ့သန်းပြီး တတိယကမ္ဘာစစ် ဖြစ်တော့မယ့်အခြေအနေရှိတာကြောင့် နိုင်ငံတကာမိတ်ဆွေဖြစ် ရေးနဲ့ ငြိမ်းချမ်းရေး၊ တတိယကမ္ဘာစစ်တားဆီးရေး၊ အနုမြူလက်နက်ပိတ်ပင်ရေးတို့အတွက် ကမ္ဘာ့ငြိမ်း ချမ်းရေး ကွန်ဂရက်အဖွဲ့ချုပ်ကောင်စီဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဆရာကြီး ဆောင်ရွက်ခဲ့တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက်၊ ပြည်တွင်း ငြိမ်းချမ်းရေးအဖွဲ့တွေဟာ လွတ်လပ်တဲ့အဖွဲ့ အစည်းေ တွအဖြစ် ရပ်တည်ပြီး ပြည်သူလူထုအတွက် အကျိုးရှိစေတဲ့ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေကို ဖော်ဆောင်နိုင်ခဲ့တာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

ထွန်းဝင်းငြိမ်း

 ၂၁၊ ၃၊ ၂၀၁၇

(၂၃ ရက် မတ်လ ၂၀၁၇ မှာ ကျရောက်မယ့် ၁၄၁ နှစ်ပြည့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းမွေးနေ့ အမှတ်တရ)

ကိုးကား
၁။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ဗိုလ်မှူးချုပ်ကျော်ဇော ပြည်တွင်းငြိမ်းချမ်းရေး သဘောထား ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့(ဌာနချုပ်) ၁၉၆၁။
၂။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှု မှတ်တမ်း အောင်မြင့်ဦး(လူထုစာကြည့်တိုက်) မဟာမှိုင်းစာပေ၊ ၂၀၁၅။
၃။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း လူထုဒေါ်အမာ ကြီးပွားရေးစာအုပ်တိုက်၊ ၁၉၇၆။ ၄။ ပြည်သူ့စာဆို သခင်ကိုယ်တော်မှိုင်း သခင်ဖေသိန်း အေးအေးစာပေ၊ ၁၉၆၆။
၅။ သခင်ကိုယ်တော်မှိုင်း၊ သူ့ခေတ်၊ သူ့ဘဝ၊ သူ့စာ မောင်တင်ရွှေ စာပေလောက၊ ၁၉၆၇။
၆။ သခင်ကိုယ်တော်မှိုင်း၊ လက်ရွေးစင်လေးချိုးတရာ မောင်တင်ရွှေ ဇွဲစာပေရိပ်မြုံ၊ ၁၉၇၃။
၇။ တိပ်မြုပ်နေသော သခင်ကိုယ်တော်မှိုင်းစာပေများ မြင့်ဆွေ မြင့်ဆွေ စာအုပ်တိုက်၊ ၁၉၇၇။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts