အောင်မော်ဦး ● ဂျနီဖာရယ် ကျနော်ရယ် အတူတူ ရယ်ခဲ့ကြတယ်

အောင်မော်ဦး ● ဂျနီဖာရယ် ကျနော်ရယ် အတူတူ ရယ်ခဲ့ကြတယ်
(မိုးမခ) မတ် ၂၂၊ ၂၀၁၇

“အာဏာရှင်ကလည်း မှားတယ်”
“တော်လှန်ရေးကလည်း မမှန်ဘူး”တဲ့
သူက ပြောရင်း ရယ်တယ်
ကျနော်သိပ်ချစ်တဲ့ နှုတ်ခမ်းလေးတွေကွေးလို့ အသံထွက်အောင် ရယ်တယ်
ကျေးဇူးပြုပြီး ပွဲစားတွေရဲ့စကား ငါ့ လာမပြောပါနဲ့
မရဘူး ရယ်မြဲရယ်နေတယ်
ကျနော်စွဲမက်တဲ့ ရှိုက်ကြီးဖိုငယ်တွေ သိမ့်သိမ့်ခါလို့ အထိန်းအချုပ်မဲ့ ရယ်တယ်
ဒီလို သူ့ဆံနွယ်တွေ ဖွာရရာလွင့်လာတိုင်း
ခုလိုပဲ ဆွံ့အနေလေ့ရှိတဲ့ကျနော်
ဒီတခါလည်း သူရယ်နေတာလေးကိုပဲ ငေးလို့။

သူတို့ကမ္ဘာက လှေခါးကြီးတွေ မတ်မတ်လာသလောက်
ကျနော်တို့ကမ္ဘာက ချောက်ကမ်းပါးကြီးတွေ နက်နက်လာတယ်တဲ့
ဒီတခါ သူ့ရယ်သံထဲမှာ လှောင်ရယ်သံကလေး ပါလာတယ်
စိတ်လိုလက်ရ ရယ်နေပုံများ ပါးအို့ကလေးများတောင် ရဲလို့
သူ့စကား ဘယ်လောက်တာသွားသလဲ သူမသိဘူး
ဟက်ဟက်ပက်ပက်ရှိလိုက်ပုံများ မျက်ရည်လေးများတောင် စို့လို့
သူ့စကား သကောင့်သား ရင်ကွဲမယ်မှန်း သူမသိဘူး
ကဗျာဆရာဟာ လူသားဆန်မှုမှာ ခိုလှုံခွင့်ငတ်နေဆဲ
လောကဓံကတော့ သူ့ဘက်မှာ အမှတ်အသာနဲ့ စပေးဘောကို မြှောက်လို့။

သူ့စိတ်ဟာ နွေဦးလိုပဲ
ဦးတည်ရာမဲ့ လွင့်မျောတိုက်ခတ် အိုက်စပ်စပ်နိုင်လှတယ်
ရှင် ကဗျာမရေးတော့ဘူးလားတဲ့ မေးတယ်
ကိုက်နေတဲ့ခြင်ကို မရိုက်ဘဲနေမိတာ ငါ့အမှားပဲ
ရှင် ဂစ်တာရော မတီးတော့ဘူးလားတဲ့ မေးတယ်
ဒီလို စကားမရှိစကားရှာမေးခွန်းတွေ ဖြေလေ့မရှိမှန်းသူသိတယ်
ဒါဆို ရှင်နဲ့ကျမ စစ်တုရင် ထိုးကြမယ်တဲ့
တဆိတ် ဂျနီဖာရယ် ငါ့ နားလည်စမ်းပါ
အရေးတကြီးလို့ထင်တာတွေ အရင်းအနှီးကြီးကြီးနဲ့ ရှာခဲ့တဲ့ငါ
အရည်မရအဖတ်မရဆိုတာတွေ စိတ်လိုလက်ရ လုပ်ခဲ့တဲ့နင်
ဆုကြေးငွေတူနေတဲ့ ပွဲပြီးရလဒ်ဟာ တိုက်ဆိုင်မှုဆိုရင်
အားပါးတရ ရယ်ကြရုံအပြင် ငါတို့ဘာတတ်နိုင်မှာလဲ။

ကဗျာဟာ ကမ္ဘာဆန်တယ် မေမေ
ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဆိုတာ
လူသားဆန်မှုနဲ့ ဖွဲ့သီတဲ့ အနုရသ သုခုမပါ
သူလည်း သူ့အတွေးနဲ့ ရယ်
ကျနော်လည်း ကျနော့်အတွေးနဲ့ ရယ်လို့ပဲ
အဲဒီ မတ်လ နှစ်ဆယ့်တစ်ရက်နေ့မှာ
ဂျနီဖာရယ် ကျနော်ရယ် အတူတူ ရယ်ခဲ့ကြတယ် မျက်ရည်တွေ စို့ခဲ့ကြတဲ့အထိ။

အောင်မော်ဦး
မတ် ၂၁၊ ၂၀၁၇။