ကဗျာ ခင်လွန်း

ခင်လွန်း – “ကမ္ဘာကြီရေ … ကဗျာနေ့မှာ ငါ ကဗျာမရေးတော့ဘူး”

ခင်လွန်း – “ကမ္ဘာကြီရေ … ကဗျာနေ့မှာ ငါ ကဗျာမရေးတော့ဘူး”

(မိုးမခ) မတ် ၂၂၊ ၂၀၁၇
ကဗျာတွေလဲ ဖတ်မနေတော့ပါဘူးကွာ
တော်လှန်ရေးမှ မအောင်ဘဲ
ကဗျာတွေလဲ စပ်မနေတော့ပါဘူးကွာ
တော်လှန်ရေးလို့ပြောရင် ငပေါဖြစ်တာပဲ
နိုင်ငံရေးလို့ပြောရင် ငပေါဖြစ်တာပဲဒါပေမဲ့
ကွမ်းယာစားသလိုပေါ့ကွာ
ပါးချောင်ထဲ ငုံထားလိုလဲ ငုံထား
သွားနဲ့ ဖိဝါးချင်လဲ ဝါး
သွားဖုံးကြားထဲညှပ်နေရင်
လက်ညှိုးထိုးသွင်းပြီး ကော်ထုတ်ချင်လဲကော်ထုတ်
ပါးစပ်က လှုပ်နေမှကွ
နှုတ်ခမ်းက ရဲနေမှကွ
ကဗျာအကြောင်းပြောကြတာပေါ့
နီစရာ ရဲစရာ ရှိလဲ
နှုတ်ခမ်းကိုသာကြည့်လိုက်
ငါဟာ ရဲရဲနီသပေါ့
ပြီးတော့ ထွေးထုတ်လိုက်တယ်ကွာ
လမ်းပေါ်ပစ်ခနဲ ထွေးထုတ်လိုက်တယ်ကွာ

ကဗျာအကြောင်းပြောကြတာပေါ့
နိုင်ငံရေး တော်လှန်းရေးလား တဲ့
နှုတ်ခမ်းကိုကြည့်ပေါ့
ငါ့ပါးစပ်က ရဲလို့
စင်ပေါ်တက်လဲ ရဲလို့
စင်ပေါ်မတက်လဲ ရဲလို့
အများအမြင်မှာရဲဖို့
ပြီးတော့ ထွေးထုတ်လိုက်တာပေါ့ကွာ
ဟုတ်တယ်မဟုတ်လား

ဟုတ်တယ်မဟုတ်လား
ကွမ်းယာစားသလိုပေါ့
ထွေးထုတ်လိုက်တာပေါ့
ဟုတ်တယ်မဟုတ်လား
ပါးစပ်ကြီးက ရဲလို့

ကဗျာတွေလဲ ဖတ်မနေတော့ပါဘူးကွာ
တော်လှန်ရေးမှ မအောင်ဘဲ

ကဗျာတွေလဲ စပ်မနေတော့ပါဘူးကွာ
တော်လှန်ရေးမှမအောင်ဘဲ
တော်လှန်ရေးလို့ပြောရင် ငပေါဖြစ်တာပဲ
နိုင်ငံရေးလို့ပြောရင် ငပေါဖြစ်တာပဲ။ ။
——-
ခင်လွန်း
——–
21.O3.2017
20.10 pm
HAMILTON
NEW ZEALAND


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts