ဗိုလ်ထက်မင်း သတင်းဆောင်းပါး
ဗိုလ်ထက်မင်း – အမျိုးသားလုံခြုံရေးခြိမ်းခြောက်ခံရပြီဆိုရင် ဘယ်လိုစီမံချက်ရှိရင် ကောင်းမလဲ (၁)
ဗိုလ်ထက်မင်း – အမျိုးသားလုံခြုံရေးခြိမ်းခြောက်ခံရပြီဆိုရင် ဘယ်လိုစီမံချက်ရှိရင် ကောင်းမလဲ (၁)
မိုးမခ၊ မတ် ၂၁၊ ၂၀၁၇
နိဒါန်း
မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့UWSA တို့ကြောင့် တကယ်ဘဲ အမျိုးသားလုံခြုံရေးကို စိန်ခေါ်မှူမှသည် ခြိမ်းခြောက်ခံနေရပြီလား၊ ဒီလိုဆိုရင် ဘယ်လိုစီမံချက်တွေထားရင် ကောင်းမလဲ၊ဆိုတာ မဟာဗျုဟာမြောက် တွေးခေါ်စဉ်စားထားချက်များကို ဖေါ်ပြလိုပါတယ်။ မည့်သူ့ကိုမှ နစ်နာလိုသည့် ရည်ရွယ်ချက်မရှိဘဲ လူထုလိုလားတဲ့ ငြိမ်းချမ်းရေးငတ်မွတ်မှု ပြေပျောက်စေလိုတဲ့ ရည်ရွယ်ချက်ဖြင့် ရေးသားထားတာဖြစ်ပြီး အုတ်တချပ်သဲတပွင့် သုံးလို့ ငြိမ်းချမ်းရေးလမ်းနီးစပ်သွားရင်ပင် ဝမ်းသာပီတိဖြစ်မှာ ဧကန်မလွဲ ဖြစ်ပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့သတင်း
၁။ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေးကျေးရွာရှိ တပ်မတော် တပ်မ ၃၃ တပ်စခန်းအား မတ်လ ၄ ရက် ၊ နံနက် ၀၃း၃၀ နာရီအချိန်တွင်TNLA တပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ၊ စခန်းမှ လက်နက်ငယ် ၈ လက်  ကျည်မျိုးစုံနှင့် တပ်မ ၃၃ ၊ ခမရ ၁၁၁ အမှတ်တံဆိပ်ပါ စစ်အသုံး အဆောင် ချပ်ဝတ်တန်ဆာများ သိမ်းဆည်းရမိကြောင်း သိရပါတယ်။မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဟာ (ပထမအကြိမ်) လောက်ကိုင်၊ မူဆယ်၊ မုန်းကိုး ထိုးစစ် မအောင်မြင်တော့တဲ့နောက် (ဒုတိယအကြိမ်)လောက်ကိုင်မြို့ကို ပစ်မှတ်ထားကာ မတ်လ ၆ ရက်နေ့မှာ စစ်ဆင်ရေးပြုလုပ်လာပါတယ်။
ကွတ်ခိုင်နဲ့ နမ့်ဖက်ကာကြားက နမ်းဖတ်လွန်းရွာနဲ့ ရှုခင်းသာနေရာတွေ၊ကွတ်ခိုင်မြို့ထဲက မြန်မာတပ်မတော် (၂၄၂) တပ်ရင်းကို မြောက်ပိုင်းမဟာမိတ်တပ်တွေ ၀င်တိုက်တာကြောင့် အရပ်သားအမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရလို့ မူဆယ်ဆေးရုံပို့လိုက်ရပါတယ်။ ဒါ့အပြင် TNLA  တအာင်းပလောင်တပ်ဖွဲ့ ကနေ မတ်လ (၁၂) ရက်နေ့မှာ ရှမ်းပြည်၊ နမ္မတူမြို့နယ်က မိုင်းတက်ရွာ၊ နောင်စန့်ရွာ၊  မောတောဝ်ရွာ၊ မောနွဲ့ရွာက ရွာသားတယောက်ကို ရွာထဲမှာပင် ပစ်သတ်ပြီး ရှမ်းရွာသား (၉၀) ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာမှ (၂) ဦးကို ထိန်းထားပြီး ကျန်တာ ပြန်လည် လွတ်မြောက်လာပြီးလို့ မိုင်းတက်ရွာအုပ်ချုပ် ရေးမှူး ဦးကောလိယက ပြောပါတယ်။ရှမ်းပြည်မြောက်ပိုင်း လားရှိုး-မူဆယ်သွား လမ်းမကြီးပေါ်မှာ မတ်လ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေက တီအန်အယ်လ်အေ လက်နက်ကိုင်အဖွဲ့က ဆက်ကြေးကောက်ပြီး ကားဘီးတွေလည်း သေနတ်နဲ့ ပစ်ဖောက်ခဲ့တယ်လို့ ကိုယ်တွေ့ကြုံရသူ ကားသမားတွေက ပြောပါတယ်။
တပ်မတော်သတင်း
၂။ ပွိုင့်-၂၁၄၅ ဒေသ ခန့်မှန်းမြေပုံညွှန်း (MG – ၇၁၇၅၅၇) တ၀ိုက် မြေအသာစီးရရှိမှုနှင့် နှစ်နိုင်ငံနယ်စပ် အလွန်နီးကပ်မှုအပေါ် အမြတ်ထုတ်လျက် ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလဆန်းပိုင်းမှာ ကွန်ကရစ်ဘန်ကာများ၊ သစ်တုံးဘန်ကာများအပြင် ဆက်သွယ်ရေးမြောင်းများဖြင့် အခိုင်အမာစခန်း တည်ဆောက်တပ်စွဲလျက် ဆောင်ရွက်လာကြောင်း မြေပြင်/ဝေဟင်သတင်း ဖော်ထုတ်ရရှိခဲ့တယ်လို့တပ်မတော်က ဆိုပါတယ်။ အဆိုပါ ပွိုင့်-၂၁၄၅ တောင်ကြောတစ်လျှောက် အခိုင်အမာတပ်စွဲ အခြေပြုလျက်ရှိတဲ့ MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအား တပ်မတော်စစ်ကြောင်းများမှ ၂၀၁၇ ခုနှစ် ၊ ဇန်န၀ါရီ ၁၉ ရက်မှစတင်ကာ အဆင့်ဆင့်ခြေကုပ်ယူ ချဉ်းကပ်တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ တိုက်ပွဲကြီး/ငယ် ၅၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူအား ရင်ဆိုင်ထိန်းချုပ်လျက် ဖေါ်ပြထားပါတယ်။
၂၀၁၇ ခုနှစ်၊ မတ် ၆ရက်မှစတင်ပြီး လောက်ကိုင်မြို့နှင့် နှစ်နိုင်ငံနယ်စပ်ကြားတွင် MNDAA အကြမ်းဖက် သောင်းကျန်းသူများ ၀င်ရောက်နေရာယူထားသော ပွိုင့်-၁၂၆၉၊ ပွိုင့်-၁၀၈၈၊ ဘီပီ-၁၂၆ နှင့် ဘီပီ-၁၂၇ အနီးတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက နယ်မြေအေးချမ်းတည်ငြိမ်ရေး ရှင်းလင်း ဆောင်ရွက်လျက်ရှိရာ မတ် ၆ ရက်နေ့မှ ၁၄ ရက်နေ့အထိ တိုက်ပွဲ ကြီး/ငယ် ၅၇ ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၁၇ လောင်းနှင့် လက်နက် ၂၇ လက် သိမ်းဆည်းရရှိခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။
ပွိုင့်-၂၁၄၅ အနီး ရင်ဆိုင်ထိန်းချုပ်ထားသော တပ်မတော်စစ်ကြောင်းများက ရရှိသည့်အခွင့်အရေးကို လက်လွတ်မခံဘဲ အမြောက်၊ သံချပ်ကာနှင့် ခြေလျင်လက်နက်ကြီး ပစ်ကူများရယူ၍ အနီးကပ် တိုက်ပွဲဆင်နွှဲခဲ့ရာ ပွိုင့် ၂၁၄၅ တောင်ကုန်းအား မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်ခန့်တွင်လည်းကောင်း၊ ခန့်မှန်းမြေပုံညွှန်း (MG- ၇၁၇၅၅၅) နေရာအား မွန်းလွဲ ၂ နာရီခွဲခန့်တွင်လည်းကောင်း၊ ခန့်မှန်းမြေပုံညွှန်း (MG- ၇၁၇၅၅၃)နေရာအား ညနေ ၄ နာရီခန့်တွင်လည်းကောင်း သိမ်းပိုက်ရရှိခဲ့ကြောင်းသိရပါတယ်။
၃။ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ လောက်ကိုင်နယ်မြေအတွင်း MNDAA အကြမ်းဖက်သောင်းကျန်းသူများက နှစ်နိုင်ငံနယ်စပ်နီးကပ်မှုကို အခွင့်ကောင်းယူ၍ ရန်လုံကျိုင်းနယ်စပ် စစ်ဆေးရေးဂိတ်၊ ရဲစခန်းနှင့် လောက်ကိုင်-ရန်လုံကျိုင်းလမ်းကြောင်းကိုစိုးမိုးနေပြီး ယာယီခံစစ်စခန်းပြင်ဆင်ခြေကုပ်ယူထားသော ပွိုင့် ၁၀၈၈ တောင်ကုန်း ကို တပ်မတော်စစ်ကြောင်းများက မတ် ၈ ရက်မှ စတင်တိုက်ခိုက် ရင်ဆိုင်ထိန်းချုပ်ကာ ယနေ့ နံနက် ၆ နာရီခန့်မှ စတင်၍ အမြောက်၊ လက်နက်ကြီးပစ်ကူယူတိုက်ခိုက်ခဲ့ရာ နံနက် ၁၀ နာရီခွဲခန့်တွင် သိမ်းပိုက်ရရှိခဲ့တယ်လို့ဆိုပါတယ်။
တပ်မတော်အနေဖြင့် ပွိုင့်-၁၀၈၈တောင်ကုန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် တစ်ဖက်နိုင်ငံနှင့် မီတာ ၈၀၀ ခန့်အကွာ နှစ်နိုင်ငံနယ်စပ်နီးကပ်နေသဖြင့် အမြောက်၊ လက်နက်ကြီးများရဲ့ ပစ်ခတ်မှုများကို တစ်ဖက်နိုင်ငံသို့ ကျည်ကျော် ကျရောက်မှုမရှိဘဲ တိကျစွာတွက်ချက်ထိန်းချုပ်ပြီး စနစ်တကျ ပစ်ခတ်ထိန်းသိမ်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ ဖြစ်စဉ်တွင် ရန်သူ့ထံမှ အလောင်း ၆ လောင်း၊ လက်နက်မျိုးစုံ ၁၆ လက်နှင့် ခဲယမ်းဆက်စပ်ပစ္စည်း အများအပြား သိမ်းဆည်းရမိခဲ့ပြီး မိမိထံမှအရာရှိ၊ စစ်သည်အချို့ ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မတော်ကကြေညာသွားပါတယ်။
၎။ အဆိုပါနယ်မြေရှိ လောက်ကိုင်နှင့် နှစ်နိုင်ငံနယ်စပ် ရန်လုံကျိုင်းသို့ ဆက်သွယ်ထားသော လမ်းကြောင်းအား စိုးမိုးနေသည့် ပွိုင့် -၁၂၆၉တောင်ကုန်း အခြေပြုကာ ပိတ်ဆို့ထားသော MNDAA အကြမ်းဖက်သောင်းကျန်းသူများကို တပ်မတော်စစ်ကြောင်းများက လက်နက်ကြီးပစ်ကူပစ်အားရယူပြီး တိုက်ခိုက်ခဲ့ရာ မတ် ၁၅ ရက် နံနက် ၁ နာရီချိန်တွင် တောင်ကုန်းအား သိမ်းပိုက်ရရှိခဲ့ပြီး ဖြစ်စဉ်တွင် ရန်သူ့ထံမှ အလောင်း ၃ လောင်းနှင့် အာရ်ပီဂျီ ၂ လက် အပါအ၀င် လက်နက်မျိုးစုံ ၈ လက် သိမ်းဆည်းရရှိခဲ့ပြီး မိမိ အရာရှိ၊ စစ်သည်တချို့ ကျဆုံး/ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆက်လက် ကြေညာသွားပါတယ်။ ယခုအခါလောက်ကိုင် မြို့တွင်းနှင့် ရန်လုံကျိုင်း နယ်စပ်ဂိတ်ကားလမ်း တစ်လျောက် စိုးမိုးတောင်ကုန်းများတွင် နေရာယူထားသည့် MNDAA အကြမ်းဖက်သောင်းကျန်းသူများကို တပ်မတော်စစ်ကြောင်းများက ဖယ်ရှားနိုင်ပြီဖြစ်ကြောင်းနှင့် ကျန်ရှိနေသေးသည့် ဘီပီ ၁၂၅ နှင့် ဘီပီ ၁၂၆ အနီးတစ်ဝိုက်တောင်ကုန်းများတွင် ယာယီခြေကုပ်ယူ အခြေပြုထားတဲ့ MNDAA အကြမ်းဖက် သောင်းကျန်းသူများကိုလည်း တပ်မတော်စစ်ကြောင်းများက ဆက်လက်ရှင်းလင်းတိုက်ခိုက်ဆဲဖြစ်ကြောင်း သတင်းရရှိ ပါတယ်။
၅။ အလားတူ KIA ရင်း ၉ စခန်းနဲ့ AA စခန်းတခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ လူမှုမီဒီယာတခုမှာ ဖေါ်ပြလာတာ တွေ့ရပါတယ်။ တပ်မတော်က ကျဆုံးဒဏ်ရာရစာရင်းကို စိတ်ဓါတ်ရေးရာထိခိုက်ပြီး တဖက်မှ အသုံးချမည် စိုးရိမ်သဖြင့် မထုတ်ပြန်ပေးတာ နားလည်ပေးသော်လည်း ပြည်သူလူထုရဲ့သနားကရုဏာရရှိစေဖို့ ရည်ရွယ်ပြီး ယနေ့(မတ်၁၈ရက်) ထိ တပ်ရင်းမှူး ၁ ဦး အပါအဝင် အရာရှိအခြားအဆင့်စစ်သည် ခန့်မှန်း ၂၀၀ ကျော်သွားပြီဖြစ်ပြီး ဒဏ်ရာရ အရေအတွက်ကိုတော့ မထုတ်ပြန်ပေးတာ နားလည်ပေးစေလိုပါတယ်။
ဆောင်းပါးရည်မှန်းချက်
၆။ အထက်ပါဖြစ်စဉ်တွေအပေါ် ဇာတ်သဘင်တခုအနေနဲ့ ပုံဖေါ်ကြည့်လိုက်ရရင် ကန့်လန့်ကာနောက်ကွယ် နောက်မှာ ဇက်ကြိုးဆွဲသူ လက်မဲကြီးက တရုတ်လား၊ ဇာတ်ညွှန်းရေးဒါရိုက်တာက KIA လား၊ လူကြမ်းမင်းသားက MNDAA လား၊ ဗီလိန်မင်းသားတွေက TNLA နဲ့AA တို့လား၊ ဘီးလူးဆိုင်းတီးသူ ရွာစားကြီးဆိုင်းဆရာက စိန်လဝ UWSA လား ဆိုတာတွေကို မဟာဗျူဟာမြောက် ခွဲခြား စိတ်ဖျာ သုံးသပ်တင်ပြသွားပါမယ်။ အပျိုတော်ဝင်ခါစ တနှစ်သား မဒီမိုကရေစီမင်းသမီး နုနုထွဋ်ထွဋ်လေးနဲ့ ကိုယ်ရံတော်တပ်မှူးလေး ကိုအာမီတို့ကို ထမီမနိုင်၊ ပုဝါမနိုင်၊ ပုဆိုးမနိုင် ဖြစ်နေအောင် သူတို့က ဘယ်လို ပညာတွေပြကြတယ်ဆိုတာ မီးမောင်းထိုးပြလိုပါတယ်။
ဘယ်ခြေလှမ်းလှမ်းဖို့ နမိတ်တွေကဘာလဲ
၇။ ပန်ဆန်းကြေညာချက်ကို ဖေဖေါ်ဝါရီလ ၂၃ရက်နေ့ထုတ်ပြန်ခဲ့လို့ အဲဒီကြေညာချက်ဟာ တရုတ်က UWSA ကို ခရိုင်းမီးယားစတိုင်ချိုးခိုင်းပြီး တိုက်ပွဲခေါ်သံ ပါနေတယ်၊ ပြည်သူတွေကို မသနားကြတော့ဖူးလားဆိုပြီး စာရေးသူရဲ့ ၂၁ပင်လုံညီလာခံကို စိန်ခေါ်လာကြခြင်း ဆောင်းပါးကို ဖေဖေါ်ဝါရီလ ၂၇ရက်နေ့မှာပင် ရေးသားဖေါ်ပြကာ ချက်ခြင်းသတိပေးထားလျှက်နဲ့ နောက်၁၀ရက်အတွင်းမှာ TNLA စတင်တိုက်ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ တိုက်စစ် အဟုန်အရှိန်မြင့်လာတာကိုက လယ်ပြင်မှာဆင်းသွားသလို သိပ်ထင်ရှားသွားပြီဖြစ်ပါတယ်။
စာရေးသူရဲ့ဆောင်းပါးထဲမှ အရေးပါတဲ့ အချက်အလက်အချို့ကို ကောက်နှူတ်တင်ပြပေးလိုက်ပါတယ်-
“၄။ စာရေးသူက ဒီနေရာမှာ UWSA ဟာ ယခင်ရှေ့တန်းအတွေ့အကြုံများအရ တပ်မတော်ကို ကူညီပေးလို့ သစ္စာရှိသူ၊ ကျေးဇူးသိတတ်သူ၊ ဒီထက်ချဲ့လိုက်ရင် ပြည်ထောင်စုမှ ခွဲမထွက်နိုင်ဖူးလို့ ယူဆချက် ရှိပါတယ်။ ဒါကို လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့မှ မိတ်ဆွေတစ်ဦးက လက်မခံပါဘူး။ သူ့ဘက်ကမြင်တာ ခရိုင်းမီးယားလို ဦးတည်နေတယ်ဆိုတာ မှန်သွားပြီလို့ ဆိုချင်ပါတယ်။ ကရိုင်းမီးယားလို ဆိုတာက ပြည်ထောင်စုကနေ ပြည်နယ်တွေ အစိတ်စိတ်ကွဲကုန်တာကို ပြောချင်တာပါ။
အခုတော့ ဖေဖော်ဝါရီ ၂၃ ၀ပြည်နယ်က တိုင်းရင်းသားထိပ်သီးညီလာခံကနေ တရုတ်အကျိုးစီးပွားကို ဦးစားပေးဖို့နဲ့ အကျိုးစီးပွားချင်းတူတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အတူတကွ ဘုံသဘောထား ရှိဖို့ ကြေငြာလိုက်ဟာ သက်သေပြချက် ဖြစ်ပါတယ်။
တကယ်တော့ UWSA ဟာ သစ္စာရှိဟန်၊ မင်းသားခေါင်းစွပ်ဘီးလူးဆိုတာ ယခုသူတို့ ထုတ်ပြန်ချက်က သက်သေပြလိုက်ပါတယ်။ UWSAဟာ လူမျိုးကြီးတစ်ရပ်အနေနဲ့ မဖြစ်နိုင်တဲ့ ပြည်နယ်အဆင့်တောင်းဆိုမှု မရနိုင်တော့မှန်း သိလာလို့ ထိပ်တိုက်ရင်ဆိုင်ရေးလမ်းကြောင်းအပေါ် ဆွဲတင်လိုက်တာဖြစ်ပါတယ်။ သူတို့ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆွေးနွေးရေး စတင်ကတည်းက ဖိတ်ကြားလျက်သားနဲ့ လစ်လျုရှုခဲ့သလို လက်မှတ်ထိုးဖို့ တောက်လျောက် ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ ဒီနေရာမှာ သူတို့မျှော်နေတဲ့ တရုတ်ကော ဘာလုပ်မှာလဲ၊ တားမှာလား၊ ဒါမှမဟုတ် သိလျက်နဲ့ Power Game ကစားတာလား မေးရပါမယ်။ စေတနာမှန်ရင်တော့ တရုတ်က UWSA ကို တားသင့်ပါတယ်။
UNFC ဘက်ကကော အားလုံးပေါင်းသွားတာ သေချာလား (KNPP ဦးခူးရယ်က ၂၄ရက်နေ့ ထိ ၂၁ပင်လုံလမ်း အတိုင်းသွားမယ်လို့ပြောနေတုံး)
တပ်မတော်ကကော ဘာဆက်လုပ်မှာလဲ။ ငြိမ်းချမ်းရေး မလိုလားတဲ့သဘောထားထုတ်ပြန်လိုက်တဲ့ ၀ဦးဆောင်တဲ့ မဟာမိတ်တွေနဲ့ သူတို့လုပ်ရပ်တွေက တိုက်ပွဲကို စတင် ခေါ်နေတာကို ဘယ်လုံတုန့်ပြန်မှာလဲ၊ ပြည်သူတွေကို မသနားကြတော့ဖူးလား။”
၈။ ဒါကို တရုတ်အစိုးရအာဘော် ဂလိုဘယ်တိုင်းသတင်းစာကတော့ ခရိုင်းမီးယားလို ရုရှားလို လုပ်မှာမဟုတ်ဖူးလို့ ဆင်ခြေပေးလာပါတယ်။ ဒီဆင်ခြေဟာ မြန်မာစကားပုံအတိုင်း ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးတာလား မေးလိုပါတယ်။ ၀နဲ့ အပေါင်းအပါတွေရဲ့ ပန်ဆန်းကြေညာချက်က တိုက်ပွဲကို စတင် ခေါ်နေတာလားဆိုတဲ့ စာရေးသူဆောင်းပါးမှ သတိပေးလို့မှ မကြာသေးခင်ပင် ပြည်သူတွေကို မသနားကြတော့ဘဲ လောက်ကိုင်ကို တိုက်ကွက်ဖေါ်လာပါတော့တယ်။
လူကြမ်းမင်းသား MNDAA
၉။ သူတို့က MNDAA စစ်စခန်းတွေကို သူတို့အဆို လူမသိသူမသိ တပ်မတော်က တိုက်ခိုက်နေလို့  ဂွင်ပိတ်လာတာကြောင့် ပြန်လည်တိုက်ခိုက်ရတာလို့ ဆိုပါတယ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ စွပ်စွဲသလို
တပ်မတော်က ဖိအာပေး စစ်ဆင်ရေးလုပ်တယ်လို့ဆိုပေမဲ့ စစ်ဖက်နီးစပ်သူ မိုးကျော်ခေါ် သူရစစ်သွေးကတော့ သူရဲ့လူမှုမီဒီယာမှာ အမြင်တမျိုးနဲ့တင်ပြလာတာတွေ့ရပါတယ်။ သူက မြောက်ပိုင်းအဖွဲ့တွေဟာ ဒုတိယအကြိမ်လောက်ကိုင်ကို တိုက်လိုတဲ့ ရည်ရွယ်ချက် အကြံအစည်ရှိလို့ ပွိုင့် ၂၁၄၅ ကို စစ်စခန်းဆောက်ကာ တပ်မတော်မှ တပ်တွေကို မြူဆွယ်ဆွဲထုတ်တာဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ ရဲ့ဖေ့ဘုတ်မှာ မတ်လရရက်နေ့က တင်လာတာကို အောက်ပါအတိုင်း ကောက်နှုတ် တင်ပြပေးလိုက်ပါတယ်။
၁၀။ “လောက်ကိုင်စစ်ပွဲ ပထမအကြိမ်ကို ၂၀၁၅ခု၊ ဖေဖော်ဝါရီလ  (၉) ရက်နေ့မှာ မော်ထိုက်ကို ယောင်ပြစစ်နှင့် စဖွင့်ခဲ့ပြီး ခြေလျှင်တပ်များကို စစ်မြှူထုတ်ကာ ပြည်ထောင်စုနေ့အမှီ လောက်ကိုင်သိမ်းဖို့ စီမံချက်ဆွဲခဲ့တာကို သူရေးသားခဲ့တဲ့ အရှေ့အလယ်ပိုင်းမှ မြန်မာဆီသို့ စာအုပ်မှာ ပြည့်စုံစွာ ဖော်ပြခဲ့ကြောင်း၊ ထိုစစ်ပွဲတွင် တရုတ်ကြေးစားတပ်သားများကို တလ လစာ ဗမာငွေဆယ်သိန်း ၀န်းကျင်ပေးပြီး ကူတိုက်ခိုင်းခဲ့ကြောင်း၊ ဖုံကြားရှင်ဟာ တကယ်တော့ ဒီလိုလုပ်ဖို့ တရုတ်အစိုးရ က ပြန်ဖွင့်ပေးခဲ့တဲ့ သူ့ဘဏ်အကောင့်ထဲက  အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံကို ၂ နှစ်ကြာသုံးဖို့ ကြို ပြင်ခဲ့ခြင်းဖြစ်ပြီး ရည်ရွယ်ချက်ကြီးမားလှကြောင်း၊ သို့ရာတွင် ပွိုင့် ၂၂၀၂ တိုက်ပွဲအပြီး တပ်ပျက်သွားတဲ့ တပ်များကို ပြန်စုရခြင်းနှင့် တိုက်ပွဲမှာ သေဆုံးကျဆုံးသူ ၇၀၀ နီးပါးကို လျှော်ကြေးငွေများ ထုတ်ပေးခဲ့ရခြင်း၊ လစာများ ဆုံးရှုံးခြင်း၊ ပြည်ပသို့ရောင်းရန် စရံသတ်ထားတဲ့ ယာဘမူးယစ်ဆေးဝါးများ ဆုံးရှုံးကုန်သဖြင့် ဘဏ်ငွေပေးချေရခြင်း၊ လက်နက်ခဲယမ်းများ အသစ်ပြန်ဝယ်ရခြင်းတို့ကြောင့် ငွေကြေးပြတ်တောက်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် ယခုလည်း ဒုတိယအကြိမ် လောက်ကိုင်ကို တိုက်လိုတဲ့ ရည်ရွယ်ချက် အကြံအစည်ရှိလို့ ပွိုင့်၂၁၄၅ကို စစ်စခန်းဆောက်ကာ တပ်မတော်မှ တပ်တွေကို မြူဆွယ်ဆွဲထုတ်တဲ့ စစ်ဆင်ရေးစီမံချက် ရေးဆွဲခဲ့တယ်လို့ သူရစစ်သွေးက ဆိုလိုဟန်တူပါတယ်။
ဆက်လက်ပြီး သူက ဆက်လက်ရေးထားရာမှာ ဖုံကြားရှင်ရဲ့သား ဖုန်တာရွှင်ဟာ ထိုငွေကြေးအခက်အခဲကို
ဖြေရှင်းပြီး ယာဘရောင်းဝယ်ရေးလုပ်ငန်းနှင့် MNDAA တပ်မတော်ပြန်ဖွဲ့ရန် ၂၀၁၆ ခု နှစ်လည်တွင် ၄င်းပိုင်ဆိုင်တဲ့ ဟောင်ကောင်မှ ဟော်တယ်များကို အမေရိကန်ဒေါ်လာသန်း ၃၀၀ ကျော်နဲ့ ရောင်းချပြီး အခက်အခဲကိုဖြေရှင်းခဲ့ကာ သူတို့တပ်မတော်ကို ပြန်လည်ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ ဒါပေမဲ့ ရေရှည်ရပ်တည်ရေးအတွက် ယာဘအကြီးအကျယ်ထုတ်လုပ်တဲ့ အဓိကစခန်းများကို တပ်မတော်မှ သိမ်းပိုက်လိုက်သဖြင့် ငွေကြေးအခက်အခဲများစွာ ဖြစ်ပေါ်လာခဲ့တယ်လို့ သူက ဆိုပါတယ်၊
၁၁။ ဆက်လက်ပြီး ထိုငွေကြေးလိုအပ်မှူကို ဖြေရှင်းရန် ယခင် ၂၀၁၅ခုနှစ်လောက်ကိုင်တိုက်ပွဲဖြစ်စဉ်က  အလှူငွေ ယွမ် သန်း(၅၀၀) တိတ်တဆိတ် ထည့်ဝင်ကူညီပေးခဲ့တဲ့ လောက်ကိုင်မြို့ပေါ်က ပုံမှန်ဆက်ကြေးပေးနေတဲ့ ဟော်တယ်နှင့် ကာစီနိုများဆီက ငွေများရယူရန်နှင့် လောက်ကိုင်မြို့ စီးပွားရေး၊ လှူမှူရေးများကို ဖျက်ဆီးဖို့နဲ့ မြောက်ပိုင်းသူပုန်အဖွဲ့အနေဖြင့် နိုင်ငံရေးအရ အစိုးရကို ဖိအားပေးရန် လွန်ခဲ့တဲ့ ၅လခန့်မှ Master Plan ဆွဲခဲ့တယ်လို့ သူကဆိုပါတယ်။ တပ်​​မ​တော်​ကို ​ပွိုင့်​ ၂၁၄၅စခန်းများ အပါအဝင် ဟုန်းအိုင်း​ဒေသကို စစ်မြှူခေါ် ထုတ်ပြီး လောက်ကိုင်မြို့ကို ဖျက်ဆီး ဓါးပြတိုက်ရေးနှင့် မြို့တစ်ခုလုံးကို ဖောက်ခွဲဖျက်ဆီးပစ်ဖို့အထိ ပါတယ်လို့ သိရပါတယ်။ ထိုစီမံချက်အရ ဆောင်ရွက်ရန် လောက်ကိုင်မြို့အတွင်းတွင် လွန်ခဲ့သည့် ၅လ မှစပြီး ဘိနပ်ဆိုင်ကဲ့သို့ လူသုံးပစ္စည်းဆိုင်အသစ်များ ဖွင့်လှစ်စေပြီး အသွင်ယူ ထောက်လှမ်းခဲ့ကြောင်း၊ ထောက်လှမ်းရရှိချက်များအရ ရရှိသည့်သတင်းများအပေါ် အခြေခံပြီး စီမံချက်ရေးဆွဲခဲ့တယ် လို့ သူက ဆိုပါတယ်။
သူက ဆက်လက်ဖော်ပြရာမှာ စီမံချက်မစတင်မီ မတ်လ ၃ ရက်နေ့တွင် တပ်မတော်နှင့် ရင်ဆိုင်ထားတဲ့ ပွိုင့် ၂၁၄၅ မှ တပ်များကို လောက်ကိုင်ဖက်သို့ တရုတ်ပြည်ထဲမှ ဆွဲထုတ်သွားခဲ့ကြောင်း၊ အရပ်ဝတ်နှင့် လူ၁၀၀ကို မြို့တွင်း စိမ့်ဝင်စေခဲ့ပြီး မြို့ကိုဖောက်ခွဲမည့် ဖောက်ခွဲရေးဗုံးကြီးများနှင့် ၁၀၇ မမ တိုက်ရိုက်ပစ် ကျည်များကို မြို့အနီးက ကြံခင်းများထဲတွင် ကြိုတင်ဖွက်ထားစေခဲ့ကြောင်း၊ မတ်လ ၆ရက်နေ့ မနက် (၂) နာရီ မတိုင်ခင် တနာရီအလိုတွင် အဓိကပစ်မှတ်ဖြစ်သော တုံချန်မြို့သစ်ရှိ ဖူလီလိုက်ဟော်တယ် (အသစ်)၊ ကျင်းတင်ဟော်တယ်စသည့် ကြေးကြီးကာစီနိုရှိသော ဟော်တယ်များသို့ မိန်းကလေး ၂၀ စီ စေလွှတ်ပြီး ငွေအများဆုံးထုတ် ကစားစေရန် ပစ်မှတ်ပုဂ္ဂိုလ်များ ရှိမရှိ ထောက်လှမ်းခဲ့ပါကြောင်း၊ ထိုသို့ထောက်လှမ်းပြီး Confirm ဖြစ်မှ ၂ နာရီတွင် ဖိုးဝှီးကား ၂၂ စီးနှင့် ဟော်တယ်များသို့ တပြိုင်နက်  စီးနင်းတိုက်ခိုက် ဓါးပြတိုက်ခဲ့ကြောင်း၊ ဟော်တယ်ကာစီနိုတွင် လူအစည်ဆုံးအချိန်၊ ငွေအထုတ်ဆုံးအချိန်ကို ရွေးပြီး ဆောင်ရွက်နိုင်ခဲ့သဖြင့် ဖုန်တာရွှင် အကြံအစည်အောင်မြင်ခဲ့ကြောင်း၊ စုစုပေါင်း ဓါးပြတိုက်ရယူသွားခဲ့သောငွေမှာ ယွမ်ငွေ သန်း သိန်းပေါင်းများစွာ ဖြစ်ကြောင်း (ခန့်မှန်း အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ဖြစ်) လူ ၂၀၀ ကို ဖမ်းဆီးသွားပြီး (တပ်မတော်က သတင်းထုတ်ပြန်ရာမှာတော့ တရုတ်ယွမ်ငွေ သိန်းပေါင်း ၃၀၀၀၊ ပြန်ပေးဆွဲ ကျား၊ မ စုစုပေါင်း ၃၂၀ ဦး)၊ မလိုက်ချင်သူ ၃ ယောက်ကို အများရှေ့တွင် ပစ်သတ်ပြခဲ့သဖြင့် အကုန်ကြောက်ရွံ့လိုက်ပါသွားခဲ့ပြီး အမျိုးသမီး ၈၀ ခန့် ပါဝင်ကြောင်း၊ ဖုံကြားရှင်ဟာ စစ်ဆင်ရေးလုပ်ငန်းအားလုံးကို ဖုံတာရွှင်လက်သို့ အပ်ထားပြီး ၄င်းက တရုတ်ပြည်နယ်အစိုးရ၊ တရုတ်ထောက်လှမ်းရေး၊ ပြည်ပဆက်ဆံရေးများကို တာဝန်ယူထားကြောင်း၊ ဖုံတာရွှင်ဟာ လောက်ကိုင်တဖက်ကမ်း နန်ဆန်မြို့၊ ဟိုတယ်တစ်လုံးပေါ်မှ စစ်ဆင်ရေးကို မျက်မြင်ကြည့်ရှု ကွပ်ကဲခဲ့ကြောင်း၊ စစ်ဆင်ရေးမှာ မပြီးသေးဘဲ လောက်ကိုင်မြို့ စိုးမိုးကုန်းများကို သိမ်းပိုက်စစ်မြှူ ခေါ်ထုတ်ပြီး တပ်ကို အမှည့်ချွေစစ်ဆင်နွှဲရန် ပြင်ဆင်ထားပါကြောင်း၊ အာရုံပြောင်း စစ်ဆင်ရေးများအဖြစ် အတွင်းပိုင်းမြို့ကြီးများနှင့် လေယာဉ်ဆင်းကွင်း ချကွင်းများတွင် ချောင်းမြောင်း ပစ်ခတ်ရန် တရုတ်ကျွမ်ကျင်ကြေးစားများစေလွှတ်ထားပါကြောင်း၊တပ်မတော်မှ သတင်းကြိုတင်ရရှိလို့ ကြံခင်းကြီးကို မီးရှို့လိုက်သဖြင့် လောက်ကိုင်မြို့ကို ဖောက်ခွဲရန်အစီအစဉ် ပျက်စီးသွားသည့်အပေါ် ဖုံတာရွှင်က ဒေါသထွက်ပြီး ဟော်တယ်များကို လက်နက်ကြီးဖြင့် ချေမှုန်းပစ်ခတ်စေခဲ့ကြောင်း၊ သူက တင်ပြထားရာမှာ ဖုံကြားရှင်အဖွဲ့တွင် MNDAA အပြင် KIA ,TNLA တို့ပူးပေါင်းထားပြီး ၀ တပ်မတော်မှ လက်နက်ကြီး တာဝန်ခံများ ပါဝင်နေပါကြောင်း၊ ၄င်းတို့ ယခုရရှိသွားတဲ့ငွေတွေဟာ စစ်တိုက်ရန် ရန်ပုံငွေရှာတာဖြစ်လို့ အကြမ်းဖက်သမားဆန်ဆန်၊ ကာစီနိုမှ ၀န်ထမ်းများကို ပစ်သတ်သွားသည့် မျက်မြင်သက်သေများရှိပြီးဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အကြီးအကဲများက လိုအပ်သလို အရေးယူဆောက်ရွက်သွားနိုင်စေဖို့ တင်ပြထားတာ တွေ့ရပါတယ်။”
၁၂။ ဖေ့ဘုတ်ရှင် သူရစစ်သွေးရဲ့  ဖော်ပြချက်အများစုဟာ စစ်ရေးအမြင်နဲ့ ထဲထဲဝင်ဝင် သိထားသူဖြစ်ဟန်တူပြီး အခြားအခြေအမြစ်သတင်းတခုဖြစ်တဲ့ စစ်သင်တန်း MNDAA က ပေးထားရာ တရုတ်ကြေးစားစစ်သား ၈ ဦးခန့် လစာမရလို့ လက်နက်များယူဆောင်ပြီး မြန်မာပြည်ကို ကန့်လန့်ဖြတ် ဖြတ်ကာ တမူးနယ်စပ်အထိ ကားနဲ့ထွက်ပြေးသွားရာမှ ဖမ်းမိလိုက်တဲ့ ဖြစ်စဉ်ဟာ ယခင်အစိုးရတုံးက ဖြစ်ပွါးခဲ့တာမို့ အဲဒီဖြစ်စဉ်နဲ့ ဆက်စပ်နိုင်သလို ယခင်အစိုးရပြန်ကြားရေးဝန်ကြီဟောင်း၊ သတင်းစုံတွေ သိထားနိင်တဲ့ ဦးရဲထွဋ်ရဲ့ BBC အင်တာဗျူး ပြောဆိုချက်များအရနှိုင်းယှဉ်ကြည့်ပြီး အချို့အပိုင်းတွေကို ယုံကြည်လောက်တဲ့အနေအထားရှိလို့ လက်ခံဖေါ်ပြပေးလိုက်တာ ဖြစ်ပါတယ်။
၁၃။ BBC ရဲ့ ဆွေးနွေးခန်းတခုမှာ ၀န်ကြီးဟောင်းဦးရဲထွဋ်ရဲ့ ဆွေးနွေးချက်ကို ကောက်နှုတ်တင်ပြရရင်
“မြောက်ပိုင်း ၃ ဖွဲ့ (MNDAA,TNLA,AA) ကို လက်နက်စွန့်ဖို့ထက် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး
ဆွေးနွေးဖို့ ပြောတာဖြစ်ကြောင်း၊ မြောက်ပိုင်းအဖွဲ့တွေက လောက်ကိုင်ဝင်တိုက်တာဟာ အစိုးရသစ်အပေါ်
နိုင်ငံရေးအရ၊ သံတမန်ရေးအရ ဖြစ်စဉ်ကြီးကို နှောင့်နေးအောင် အကြပ်ကိုင်ပေးတာဖြစ်ကြောင်း၊ တိုက်ဎွဲတွေမှာ တပ်မတော်က ရန်သူ့စခန်းတွေကိုသာတိုက်ပြီး သူတို့တွေကတော့ အရပ်သားလူထု မြို့ပြပစ်မှတ်တွေကို ရည်ရွယ်ရှိရှိတိုက်ခိုက်တာဖြစ်လို့ ဂျီနီဗာကွန်ဗန်းရှင်း အပိုဒ် ၁၃ ကို ဖောက်ဖျက်နေရာ သူတို့ကို ၂၁ပင်လုံညီလာခံမှာ တပ်မတော်က လက်ခံလိုက်လျောပေးဖို့ ခက်ခဲသွားပြီထင်ကြောင်း၊ ဒီအဖွဲ့တွေက လက်နက်ခဲယမ်းရိက္ခာတွေကို ဘယ်ကရလာတယ်၊ သူတို့ရဲ့ဒဏ်ရာရလူနာတွေကို ဘယ်သူတွေက ဆေးကုပေးတယ်ဆိုတာ ပြည်သူတွေက သိချင်နေကြပြီး နောက်ကွယ်မှာ ပိုမိုကျယ်ပြန့်တဲ့ အစီအစဉ်ရှိနေတယ် ဆိုတာ ပြောသွားပါတယ်။
၁၄။ မွန်အမျိုးသားပါတီ ဒုဥက္ကဌ နိုင်ငွေသိန်းကတော့ – “ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့အတိုင်း လုပ်ဆောင်ဖို့ ဟိုဘက်ဒီဘက်ကနေ အပစ်အခတ် ရပ်စဲလိုက်ရင် ကောင်းမှာပေါ့၊ မရပ်ဘူးဆိုလို့ ရှိရင်တော့ မကောင်းဘူး၊ လက်နက်ကိုင်အဖွဲ့အစည်းပဲ လွန်သလား၊ တပ်ကပဲ လွန်သလားဆိုတာ ပြည်သူက သိနေပါတယ်။ တပ်အနေနဲ့ကတော့ နည်းနည်းတော့ သည်းခံဖို့ စိတ်ရှည်ဖို့၊ ပြည်သူအတွက် စဉ်းစားဖို့ လိုတယ်လို့ ထင်တယ်” ဟု ပြောကြားသွားပါတယ်။
၁၅။ တပ်မတော်ကလည်း အောက်ပါအတိုင်း ကြေညာချက် ထုတ်လာပါတယ်။
၁၆။ ဒီနေရာမှာ သူရစစ်သွေးရဲ့ဖေ့ဘုတ်တင်ပြချက်ဖြစ်တဲ့ “မြောက်ပိုင်းအဖွဲ့တွေဟာ ဒုတိယအကြိမ် လောက်ကိုင်ကို တိုက်လိုတဲ့ရည်ရွယ်ချက် အကြံအစည်ရှိလို့ ပွိုင့်၂၁၄၅ ကို စစ်စခန်းဆောက်ကာ တပ်မတော်မှ တပ်တွေကို မြူဆွယ်ဆွဲထုတ်တာဖြစ်တယ်” ရည်ရွယ်ချက်နဲ့ တပ်မတော်ရဲ့ထုတ်ပြန်ချက်အရ “လောက်ကိုင်ကိုတိုက်တာဟာ ပွိုင့် ၂၁၄၅ တောင်ကုန်းစခန်းကို တိုက်နေတဲ့ တပ်မတော်စစ်ကြောင်းများအား အာရုံလွှဲစေဖို့ လောက်ကိုင်ကိုတိုက်တယ်လို့” ဆိုထားရာ နည်းဗျူဟာကွဲလွဲနေမှုအပေါ် စာရေးသူမိတ်ဆွေ ဗိုလ်မှူးကြီး(ငြိမ်း) နဲ့ ဆွေးနွေးကြည့်ရာ အောက်ပါအတိုင်း တင်ပြပါတယ်။
“ဟာ့ သူငယ်ချင်းရ … ။ ဒို့တပ်မတော်က လောက်ကိုင်တိုက်ခံရတာ တကယ်တော့ သိက္ခာကျတယ်လေ၊ ပထမ လောက်ကိုင် ချခံရတယ်၊ နောက် ဒုတိယမုန်းကိုးနဲ့ မူဆယ်ပြည်ထောင်စုလမ်းမကြီး တွယ်ခံရ၊ တတိယ ယခု လောက်ကိုင်ကို ၂ ကြိမ်မြောက် ချခံရပြန်ပြီ။ ဘယ်မှာလဲ ရန်သူ့သတင်း၊ အငိုက်မိတာ များတယ်။ နယ်ခြားစောင်တပ်ဖွဲ့နဲ့ ပယ်ဆောက်ချိန်တို့က တော်တော်ညံ့တယ်။ သတင်းမရဖူး။ ဒီကွဲလွဲမှုက လောက်ကိုင်ကို  (နောက်ပိုင်း) ဝင်ဆော်တာကို တပ်က သိက္ခာကျမှာစိုးလို့ ပြောင်းပြန်လှည့်ပြီး တပ်မတော်က ရန်သူ့ခံစစ်ကုန်းကို ဖိအားပေးတာမခံနိုင်လို့ လောက်ကိုင်ကိုဘဲ ရန်သူက စစ်ကစားတာ လုပ်တယ်လို့ အကြောင်းပြတာပေါ့ကွာ။ ရန်သူပြောသလို ဖြစ်သွားတာပေါ့။ တကယ်တော့ သူရစစ်သွေးရေးတာ အမှန်ဘဲ။ သဘာဝကျတယ်။ KIA နောက်က ကစားတာလဲ ပါတယ်၊”
စာရေးသူက ပြန်လည်ဆွေးနွေးရာမှာ …
“သူတို့ကလည်း တောထဲမှာ သူတို့စခန်းတွေ တိုက်ခံရလို့ ပြန်တိုက်ရပါတယ် ဆိုတော့ တပ်ကလူကြီးတွေလည်း အပြစ်လွတ်အောင် ချောလဲရောထိုင် တာပေါ့ကွာ။ မြို့လုံခြုံရေးစီမံချက်တွေ ရေးထားတာ ဘာလုပ်ခဲ့လဲ၊ လှည်ကင်း၊ ကင်းပုန်းတွေ ထိုးရင် ဒီလောက်ထိ ဆုံးရှုံးမှု မများဖူးပေါ့ကွာ။ လူကြီးတွေကိုယ်တိုင်က မဟာဗျူဟာအရ စဉ်းစားတွေးခေါ် တွက်ချက်ပုံတွေ အားနည်းသေးတယ်။ လောက်ကိုင် ပထမတိုက်တယ်။ နောက် မူဆယ် မုန်းကိုး တိုက်တယ်။ ရန်သူရဲ့ ဘူမိနက်သန်က ဘာလဲ၊ ဘာကို တိုက်ရင် အကျိုးအမြတ်ပိုရတယ် ဆိုတာ မတွက်တော့ဖူးလား။ လောက်ကိုင်ကို တိုက်ပြီးပြီကွာ၊ မဖြစ်နိုင်ဖူးဆိုပြီး လူပြိန်းအတွေး တွေးနေတယ်။ ရန်သူက သတင်းလွှင့်ထားတဲ့ ချင်းရွေဟော်၊ ကွတ်ခိုင်ကိုဘဲ မဲနေတယ်။ ပြည်သူလူထုဟာ  လုံခြုံမှုမရှိဖူး ဆိုပြီး ခံစားနေရလို့ ဝေဖန်ရတာပါ။”
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts