ဆောင်းယွန်းလ ● အမှတ်မရှိ ဒီသီချင်းကိုပဲ ပြန်ဆိုနေမိ
(မိုးမခ) မတ် ၁၈၊ ၂၀၁၇
ဘာဆန်းလို့လဲ
အရည်များပြီး အဖတ်နည်းနေတဲ့ မုန့်ဟင်းခါးကို
တလစာပေါင်းစားနေရတဲ့ ခေတ်ပဲဟာကို။
အပြောများပြီး အလုပ်နည်းနေရတာနဲ့
အရေးများပြီး အဖတ်နည်းနေရတာ
ကွာသလိုလို ရှိတယ်ဆိုလည်း နဲနဲပါးပါးပေါ့။
ပေါ့ပေါ့ပါးပါးဆိုလို့
ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားတဲ့
ငွေစက္ကူတချို့
အိတ်ထဲက လွယ်လွယ်ကူကူထွက်သွားတာပဲ ရှိတယ်။
တဘဝလုံးပေါ်ကို တင်ပြီးလွယ်ထားရတဲ့
ခေတ်ကြီးကိုက မလွယ်တာပါ။
ငြီးသံ ငြူသံမကြားရရင်
ဆဲသံ ဆိုသံကြားရဦးမှာပဲ
ဘုံလုံတလှည့် ဘုံလုံတလှည့်ပါပဲ။
ငါးပျံတလှည့်ရောက်ဖို့
ဆယ်လ်မွန်ငါးတွေ အိမ်မပြန်နိုင်ခဲ့သေးဘူး။
ဗလာပွဲမှာ မျက်လှည့်ပြနေသလိုမျိုး
အရာအားလုံးဟာ တလှည့်ပြီး တလှည့်
ဒုက္ခဆိုတဲ့ မြှားဦးကတော့
ငါတို့ဘက်ကို တည့်တည့်လှည့်တာပေါ့။
ကျွတ်လွတ်ခြင်းဟာ
အလှူရေစက်နဲ့ အမျှဝေသံတွေထဲကနေ
ငါတို့ဆီကို ပြန်ပြန်လာတယ်။
ဓာတ်စက်ကြီးထဲကထွက်လာတဲ့ သီချင်းမှာ
စာသားတွေလည်းပါမလာခဲ့ပါ။
ဂီတသီချင်းတွေရဲ့ အလင်းနဲ့
ကမ္ဘာ့အပြင်ကိုထွက်နိုင်ဖို့ ကြိုးစားနေတဲ့
လွတ်မြောက်ခြင်းဟာ
တိုင်းပြည်ရဲ့ တံခါးပေါက်နဲ့ မလွတ်နိုင်ခဲ့သေးပါဘူး။
အမှတ်မရှိ
ဒီနေရာကိုပဲ ပြန်ြ့ပန်လာမိတော့
စိတ်က
မတရားတဲ့ ဥပဒေတွေနဲ့ ငြိနေပြန်တာပေါ့။
ဆောင်းယွန်းလ
မတ်လ ၁၇ ရက်၊ ၂၀၁၇