တူမောင်ညို သူတို့အာဘော်

တူမောင်ညို ● အဆက်မပြတ် မှိုင်းတိုက် အဆိပ်ခပ် အကြမ်းဖက်လုပ်ကြံနေကြသူများအကြောင်း

တူမောင်ညို ● အဆက်မပြတ် မှိုင်းတိုက် အဆိပ်ခပ် အကြမ်းဖက်လုပ်ကြံနေကြသူများအကြောင်း

(မိုးမခ) မတ်လ ၁၁၊ ၂၀၁၇

“မီးစတဖက် – ရေမှုတ်တဖက်” ဆိုတဲ့ စကားရှိပါတယ်။ ဒီကနေ့ ထိုစကားသုံး၍မဖြစ် “မီးစတဖက် – ဓာတ်ဆီတဖက်” လို့ ပြောင်း၍သုံးမှသာ လက်တွေ့အခြေအနေတွေနဲ့ ကိုက်ညီပါလိမ့်မယ်။

တကယ်တော့ စစ်အုပ်စုက တဖက်မှာ မီးစနဲ့တူတဲ့ “အောင်ဝင်းခိုင်၊ အောင်ဝင်းဇော်၊ ဇေယျဖြိုး၊ ကြည်လင်း” တို့ကို ကိုင် ထားပြီး၊ အခြားတဖက်မှာတော့ ဓာတ်ဆီသဖွယ် အသုံးတော်ခံနေတဲ့ “ဝီရသူ – ဝိမလ”  တို့လို သင်္ကန်းခြုံများကို ကိုင်ထားပြီး တိုင်းပြည် ကို မီးလောင်တိုက်သွင်းနေကြခြင်းဖြစ်ပါတယ်။ မီးစပဲဖြစ်ဖြစ်၊ ဓာတ်ဆီပဲဖြစ်ဖြစ် ထိုသူများမှာ ကိုင်းဖျားကိုင်းနား များသာဖြစ်ပါတယ်။ သူတို့ နောက်ကွယ်တွင် ကွက်ပြည့်စီစဉ်ညွန်ကြားနေတဲ့ ဒါရိုက်တာအဖွဲ့ရှိကို ရှိနေပါတယ်။ အခုတော့ ကိုင်းဖျားကိုင်းနားတခုဖြစ်တဲ့ “ဝီရသူ” ကို ဒီချုပ်ပါတီအစိုးရက  “အာဏာစက်” နဲ့စပြီး ကိုင်လိုက်ပါပြီ။ သည်းခံနိုင်စွမ်း ပထမ အရစ်ကုန် ဆုံးသွားတဲ့ပုံပါပဲ။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန) က ၁၀ -၃-၂၀၁၇ ရက်စွဲ [စာအမှတ် ၀၂၃/ (၄၇- အထူး) – ၉/၃/သာ- မဟန ] နဲ့  ထုတ်ပြန်တဲ့ “တရားဟောခွင့်ပိတ်ပင်ခြင်း” ဆိုတဲ့စာကို ဆိုရှယ်မီဒီယာပေါ်ကနေတဆင့် ဖတ်ရပါတယ်။ “ ဖိုတိုရှော့အတု ” မဖြစ်နိုင်၊ အစစ်လို့ယူဆသဖြင့် ယခုဆောင်းပါးကို ရေးပါတယ်။

(မဟန) ၏ ထိုကြေညာချက်ကို ဖတ်ရတော့ ပဏာမသာဓု တကြိမ် လှိုက်လှဲစွာ ခေါ်မိပါတယ်။ “သာဓု” ကို ချွေတာပြီး အလီ လီခွဲ၍ခေါ်ပါရစေလို့ (မဟန) ဆရာတော်ကြီးများထံဦးတင်လျက် ရိုသေစွာလျှောက်ထားလိုက်ပါတယ်။  “သာဓု”  ကို ဘာလို့ ချွေတာပြီး အလီလီခေါ်ချင်ရတာလဲဆိုတာကို ရှင်းလင်းပါရစေ။

အချက်နှစ်ချက်ကြောင့်ပါ။
ပထမအချက်က မြတ်ဗုဒ္ဓ၏ နူးညံ့သိမ်မွေ့သော တရားတော်နှင့်အဆုံးအမတို့ကို အလျင်းမျက်ကွယ်ပြုလျက် ကြမ်းတမ်းရိုင်း ပြပြီး ရုန့်ရင်းသောစကားများကို မြိန်ရေယှက်ရေပြောဆိုနေသာ ထိုသင်္ကန်းဝတ် “ဝီရသူ” သည် ထိုအမိန့်ကို တိတိကျကျ နာခံပါမည်လောဟူသောအချက်။ 

ဒုတိယအချက်က (မဟန) အဖွဲ့ကြီး၏တားမြစ်ချက်ကို “ဝီရသူ” က မနာခံ၊ ပယ်လှန်၊ အာခံလာလျှင် ချက်ချင်းလက်ငင်း ထိ ရောက်စွာ အရေးယူပါ့မည်လောဟူသောအချက်တွေကြောင့်ပဲဖြစ်ပါတယ်။

တကယ်တော့ “ဝီရသူ” မှာ သာသနာမှ ထာဝစဉ်ဖယ်ကျဉ်ပစ်ရမယ့်သူမျိုးသာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ၊ သာသနာ၏ မျက် နှာတော်ကို သင်္ကန်းခြုံပြီး အိုးမဲသုတ်နေသူ၊ ရွံ့ပုတ်နဲ့ပက်နေသူမျှသာဖြစ်ပါတယ်။ “တရားဟောခွင့် တနှစ်ပိတ်ပင်ခြင်း” မှာ နောက်ကျ၍ ပြစ်ဒဏ်မှာ အင်မတန်မှပျော့လွန်းနေပါတယ်။ အရေးမယူဘဲ သည်းခံ၍ဆိတ်ဆိတ်နေတော်မူနေတာနဲ့စာလျှင် ယခုကဲ့သို့ အရေးယူလာခြင်းမှာ သာဓုခေါ်၍ ကြိုဆိုဖွယ်ရာဖြစ်ပါတယ်။


“ဒေသအနှံ့အပြား၌ကြိမ်ဖန်များစွာ”ဖောက်ဖျက်ကျူးလွန်ခဲ့သည့် “ဝီရသူ”၏ ထိုပြစ်မှုများကို (မဟန) အဖွဲ့ကြီးက စိစစ်ဖော်ပြ ထားသည်မှာလည်း တိကျပြီး မှန်လှပါတယ်။

– ဘာသာတခုနှင့်တခုအကြား အမုန်းတရားများပွားများပြီး ဘာသာရေးအဓိကရုဏ်းဖြစ်စေနိုင်သည့်ဟောပြောမှုများ
– အမုန်းတရားကြီးထွားစေရန် လှုံ့ဆော်ဟောပြောမှုများ
– တရားဥပဒေစိုးမိုးရေးကို အဟန့်အတားဖြစ်စေသည့် ဟောပြောမှုများ
– နိုင်ငံရေးပါတီများအကြားတွင် ဘက်လိုက်ဝေဖန်ဟောပြောမှုများ

ထိုအချက်များသည် တည်ဆဲဥပဒေများအရ ထိထိရောက်ရောက်အရေးယူနိုင်တဲ့ ပြစ်မှုဖြစ်ပါတယ်။ သို့သော်လည်း “ပြည်ထဲ ရေးနှင့်သာသနာရေး” တို့သည် ကျေနပ်အားရဝမ်းသာစွာလက်ပိုက်၍ ကြည့်နေခဲ့ကြဟန်တူပါတယ်။ ဤအပြုအမူမှာ ရှင် မိုက်အားပေး လုပ်ရပ်ဟုခေါ်ဆိုနိုင်သလို “ရှင်မိုက်နဲ့ လူဆိုးတို့ရဲ့ နှစ်ကိုယ့်တစိတ်လုပ်ရပ်” လို့လည်း ယူဆလို့ ရနိုင်မှာဖြစ် ပါတယ်။

အပေါ်ယံတွင် “အမျိုးဘာသာ၊ သာသနာ” ကို ဗန်းပြ၍ သူတို့လှုပ်ရှားနေကြသော်လည်း တကယ့်အတွင်းအနှစ်သာရမှာမူ “၂၀၀၈ အခြေခံဥပဒေ” ကို မျက်စေ့မှိတ်၍ မိုက်မိုက်ကန်းကန်း ဖက်တွယ်ကာကွယ်နေကြခြင်းသာဖြစ်ပါတယ်။ စစ်အုပ်စုက တဖက်မှာ လူထုခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင်ကို “၂၀၀၈ အခြေခံဥပဒေ” ဖြင့် ထူးခတ်ထားပြီး “စည်းကမ်းပြည့်ဝ သော ဒီမိုကရေစီ၏ ဧည့်ခန်းဆောင်” ထဲတွင် အလှပြထားပါတယ်။ အခြားတဖက်မှာတော့ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့်ဖက်ဒရယ်ပြည်ထောင်စုကို လိုလားသော လူမျိုးပေါင်းစုံပြည်သူလူထုကြီးအား နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး စသဖြင့် အောက်တန်းအကျဆုံး နည်းလမ်းပေါင်းစုံဖြင့် အစိတ်စိတ်အမွှာမွှာ အက်ကွဲနေအောင်၊ စုစည်းလို့မရအောင် နေ့မအားညမအားကြံစည်လုပ်ဆောင်နေကြခြင်းသာဖြစ်ပါတယ်။

“ဝီရသူ” ဟာ “(မဟန) အဖွဲ့ကြီးရဲ့ ညွန်ကြားလွှာ အမှတ် (၈၃)၊ (၉၁)၊ (၉၃) နှင့် (၉၄) တို့ကိုလည်း ဖောက်ဖျက်ကျူးလွန်နေ သည်”ဟု ဖော်ပြထားသဖြင့် တည်ဆဲဥပဒေအရ တိတိကျကျ မြန်မြန်ဆန်ဆန်အရေးယူဖို့ အင်မတန်မှ လိုအပ်ပါတယ်။

(မဟန) အဖွဲ့ကြီးက စိစစ်ဖော်ပြခဲ့သော ပြစ်မှုများ၊  ညွန်ကြားလွှာများကို “ဝီရသူ” တဦးတည်းကသာ ဖောက်ဖျက်နေခြင်း မဟုတ်ပါ။ “ဝီရသူ” ကဲ့သို့ဖောက်ဖျက်နေသူ ရှင်မိုက် – လူမိုက်များလည်း အုပ်လိုက်သင်းလိုက်ရှိနေပါတယ်။

(မဟန) အဖွဲ့ကြီးက [စာအမှတ်၊ ၀၀၁/ မဟန-၄၇/၃/သာ – မဟန၊ ရက်စွဲ ၊ ၁၃၇၉ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက်၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်] ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သော “ကြေညာချက်” ၏ အချက်အမှတ် (၃) တွင်

– “အဆိုပါ မဘသအဖွဲ့သည် ဂိုဏ်းပေါင်းစုံသံဃာညီလာခံကြီးမှ ပေါက်ဖွားလာခြင်း လုံးဝ (လုံးဝ) မဟုတ်ပါ”

-“ ၁၉၈၀ ပြည့်နှစ် ဂိုဏ်းပေါင်းစုံ သံဃာညီညွတ်ရေးအတွက် ကျင်းပပြုလုပ်ခဲ့သည့် ပထမကြိမ် ဂိုဏ်းပေါင်းစုံအစည်း အဝေး ကြီး မှစ၍ ၂၀၁၄ ခုနှစ်တွင်ကျင်းပသည့် ပဉ္စမအကြိမ်ဂိုဏ်းပေါင်းစုံ သံဃာအစည်းအဝေးကြီးအထိ ဂိုဏ်းပေါင်းစုံ အစည်း အဝေးကြီး (၅) ကြိမ်ကျင်းပပြီးဖြစ်သော်လည်းမည်သည့်ဂိုဏ်းပေါင်းစုံအစည်းအဝေးကြီးကမျှ မဘသအဖွဲ့ကို အသိအမှတ်ပြု ခြင်း၊ သန္ဓေတည်ပေါက်ဖွားစေခြင်း မရှိခဲ့သည့်အပြင် မဘသဟူသော် အသုံးအနှုန်းကိုပင်ခေါ်ဝေါ်သုံးစွဲခဲ့ခြင်း အလျဉ်းမရှိခဲ့ပါ” ဟူ၍ အတိအလင်းဖော်ပြထားပါတယ်။

ထို “ကြေညာချက်” ပါ အတိုင်း (မဘသ) အဖွဲ့ဆိုသည်ကိုလည်း တိကျမြန်ဆန်ထိရောက်စွာ ကိုင်တွယ်ဖို့လိုအပ်ပါတယ်။

ထိုသူထိုအုပ်စုများကိုလည်း ထိထိရောက်ရောက်အရေးယူကိုင်တွယ်ဖို့လိုအပ်ပါတယ်။ ထိုရှင်မိုက်နှင့်လူမိုက် မဟာမိတ်အဖွဲ့ သည် ဘာကိုမဆို မစဉ်းမစား၊ မဆင်မခြင် မိုက်မိုက်ကန်းကန်း လုပ်ကြမည့်သူများဖြစ်ပါတယ်။ ဟောခဲ့ပြောခဲ့ကြပြီ၊ သူတို့ ဟောသလို ပြောသလိုလည်း လက်တွေ့ပြုမူခဲ့၊ ကျူးလွန် ခဲ့ကြပြီးဖြစ်ပါတယ်။ ဆက်လက်ပြီးလည်း ကြံစည်ကျူးလွန်လုပ်ကိုင် နေကြအုံးမှာတော့ အလွန်ကိုသေချာပါတယ်။ “မစားရတဲ့အမဲသဲနဲ့ပက်မယ်၊ ကြွက်မနိုင်၍ ကျီမီးနဲ့ရှို့မယ်၊ မင်းသားကြီး မလုပ်ရ၍ ပတ်မကြီးထိုး ဖောက်မယ်” ဆိုတာတွေဟာ ထိုသူများရဲ့သန္ဓေပါသဘောထားရပ်တည်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များ ပင်ဖြစ်ပါတယ်။

စစ်အုပ်စုက ထိုသို့ “မီးစတဖက် – ဓာတ်ဆီတဖက်” ကိုကိုင်လျက် “အရေးပေါ်အခြေနေ” ကို  မပေါ်ပေါ်အောင်လုပ်ကြံ ဖန် တီးနေပါတယ်။ ဦးကိုနီအားလုပ်ကြံသတ်ဖြတ်မှုကို မီးခိုးကြွက်လျှောက်လိုက်ကြရာတွင် “ကြည်လင်း” ကနေ (DSA) ဆင်း၊ စစ်ဗိုလ်ဟောင်းများဖြစ်သော (အောင်ဝင်းခိုင်၊ အောင်ဝင်းဇော်၊ ဇေယျဖြိုး) တို့တွင် ရှေ့မဆက်နိုင်ပဲ တန့်နေပါတယ်။ သူတို့ သည် “၂၀၀ အခြေခံဥပဒေ” ဆိုတဲ့ စစ်တုရင်ခုံပေါ်က ပွန်းရုပ်ကလေးများသာဖြစ်ပါတယ်။ ထိုနည်းအတူပါပဲ။ “ဝိမလ – ဝီရသူ အစရှိသော (မဘသ)” တို့သည် လည်း ထိုစစ်တုရင်ခံပေါ်က နယ်ရုပ်ကလေးများသာဖြစ်ပါတယ်။

“အောင်ဝင်းခိုင်၊ အောင်ဝင်းဇော်၊ ဇေယျဖြိုး၊ ကြည်လင်း” တို့က အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုဖြင့် သွေးထွက်သံယိုမှုကို ကိုယ်ထိလက်ရောက်လုပ်ကြံဖန်တီးသည်ဟုဆိုလျှင် “ဝိမလ – ဝီရသူနှင့် (မဘသ)” တို့မှာ လူမျိုးပေါင်းစုံ ပြည်သူများ၏ မျက်စေ့၊ နားနှင့် ဆင်ခြင်တုံတရားကို အဆက်မပြတ် မှိုင်းတိုက်၊ အဆိပ်ခပ်လုပ်ကြံနေကြသူများသာဖြစ်ပါတယ်။

လူမျိုးပေါင်းစုံပြည်သူများ နိုးနိုးကြားကြားရှိကြပါ။

 

ညွှန်း
– နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန) က ၁၀ -၃-၂၀၁၇ ရက်စွဲ [စာအမှတ် ၀၂၃/ (၄၇- အထူး) – ၉/၃/သာ- မဟန ] နဲ့  ထုတ်ပြန်တဲ့ “တရားဟောခွင့်ပိတ်ပင်ခြင်း”

– “ကြေညာချက်” – နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်) ၊ မြန်မာ့အလင်းသတင်းစာ (၁၃ ဇူလိုင် ၂၀၁၆)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts