ကဗျာ

သျှင်မျိုးငယ် – နှုတ်ပိတ်ခ

သျှင်မျိုးငယ် – နှုတ်ပိတ်ခ
(မိုးမခ) မတ် ၁၁၊ ၂၀၁၇

လက်လွန်သွားတဲ့သတင်းစာတစ်စောင်ရဲ့နောက်ကျောမှာ
ချောင်းမြောင်းလုပ်ကြံမယ့်ပစ္စတိုတစ်လက်ရှိနေတယ် ဆိုပါစို့
လက်ညှိုးကလေးကွေးလိုက်တာနဲ့
မျက်နှာသစ်စရာမလိုတော့တဲ့အကြောင်းဟာ ခေတ်စားလာတယ်
နောက်ကွယ်ကနေ ကြိုးကိုင်နေတာဘယ်သူလဲ
နောက်ကွယ်က လက်မဲကြီးက ဘယ်သူလဲ
လေသူရဲကောင်းတွေက လေနဲ့ပစ်ဖမ်းနေကြမှာပေါ့
လေကောင်းလေသန့်ဆိုတာလည်း သန့်စင်ပြီးမှ ကျင်ယူရတာမျိုးလေ
ကြိုးကိုင်နေတယ်လို့ ထင်သလား ထင်ပေါ့ ထင်ခွင့်ရှိတာပဲ
ကြိုးကိုင်နေတဲ့လူက ကြိုးကို ဆက်ကိုင်ထားတုန်းပဲလား
ကြိုးကို လွှတ်ထားလိုက်ပြီလား
လိုက်ကြည့်ပေါ့
တွေ့တဲ့ကြိုးစကလေးအတိုင်းသာ လိုက်သွား
မီးခိုးကြွက်လျှောက်သဘောမျိုးနဲ့ပေါ့
လမ်းဆုံးရင် ရွာတွေ့သလို
ကြိုးဆုံးရင် ကြိုးကွင်းတစ်ကွင်းတော့ တွေ့မှာပဲလေ
လည်ပင်းကို အသင့်ပြင်ထားပြီး တိုးဝင်လိုက်ရုံပဲ
လူဆိုးခေါင်းဆောင်ဟာ
သေနတ်တစ်လက်ကို ခါးမှာချိတ်ပြီး
အဖြစ်အပျက်တွေကို ခါးထောက်ကြည့်ရင်း
ဟားတိုက်ရယ်မောနေတယ်ဆိုတဲ့သတင်းကို ဖုံးကွယ်ထားတယ်
နှုတ်ပိတ်ခဟာ တန်ဖိုးကြီးလွန်းတယ် မထင်ဘူးလား။ ။

Photo credit – http://neelumafridipoetry.blogspot.com


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts