ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ ● ခေတ်က ခေတ်အသစ်ဆိုပေမယ့်လည်း


ဆောင်းယွန်းလ ● ခေတ်က ခေတ်အသစ်ဆိုပေမယ့်လည်း
(မိုးမခ) မတ် ၉၊ ၂၀၁၇


ခေတ်က အသစ်ဆိုပေမယ့်
လူက မသစ်လေတော့
အခင်းအကျင်းတွေနဲ့ အခင်းဖြစ်ပွားမှုတွေရဲ့ကြား
စကားနဲ့ တရားဟာ
သမုဒ္ဒရာတစင်းလို ခြားသွားတယ်။

ဓါးသွားထက် ပိုထက်ခဲ့ကြသော အသွားများ
အပြန်မရှိခဲ့တဲ့ နေ့ရက်အမှားတွေထဲ
သံသရာလည်း မဆုံးတော့ပါ။

ကယ်တင်ခြင်းဟာ
ရေငတ်တုန်း ခဏမှာ
ပင်လယ်ပြာကို ရှာတွေ့ခဲ့သလိုမျိုး
နှောင်ကြိုးဟာ
အဓိပ္ပာယ်မဲ့ခြင်းအထပ်ထပ်နဲ့ ရစ်ပတ်ရင်း
ချောင်းဖျားရေတိမ်ကို ရေသောက်ဆင်းလာခဲ့ရပြန်ပေါ့။

ခေတ်က မဟောင်းပေမယ့်
လူက မကောင်းတော့
ရေမရှိတဲ့ ချောင်းတွေထဲမှာ
ဖော်စရာနှာခေါင်းနဲ့ ပေါ်စရာအလောင်းလည်းမရှိခဲ့
ပညာမရှိတဲ့ ကျောင်းတွေထဲမှာ
ဆွဲဖွင့်စရာတံခါးနဲ့ တွဲကျင့်စရာတရားလည်း မရှိခဲ့ပါ။

ခေတ်က အသစ်ဆိုပေမယ့်
လူက လူမစစ်လေတော့

ငါတို့နေထိုင်ရာ ကမ္ဘာကြီးထဲမှာ
မေတ္တာတရားကို မီးခွက်ထွန်းပြီး လိုက်ရှာတိုင်း
အမှောင်ထဲ
နှလုံးသားမရှိတဲ့ ရင်ဘတ်တွေချည့်ပဲ ထွက်ကျလာတယ်။

ဆောင်းယွန်းလ
မတ်လ ၈ ရက်၊ ၂၀၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts