ဇင်လင်း သူတို့အာဘော်

ဇင်လင်း ● ငြိမ်းချမ်းရေးနှင့် ကောင်းမွေ ဆိုးမွေ ပြဿနာ

ဇင်လင်း ● ငြိမ်းချမ်းရေးနှင့် ကောင်းမွေ ဆိုးမွေ ပြဿနာ

(မိုးမခ) မတ် ၉၊ ၂၀၁၇

မြန်မာနိုင်ငံ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေးကိစ္စသည် မျှော်မှန်းသလောက် ခရီးမပေါက်သေးဟု ဆိုရမည်ကဲ့သို့ ဖြစ်နေ သည်။ ဤ ခရီး နီးသလားဟု မေးလျှင် အမြင်နီးသော်လည်း လက်တွေ့ခရီးမှာ အတက်အဆင်း အကွေ့အကောက် အဟန့်အတား များနေဆဲဟု ဆိုရမည်ဖြစ်သည်။ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါ သည်ဟု ဆိုကြသည့်တိုင် ညီညီညွတ်ညွတ် တပြိုင်နက်တည်း ၀ိုင်းတွန်းကြဖို့ ပြောရဆိုရ ဆွေးနွေးညှိနှိုင်းရသည့် အလုပ်သည်ပင် အပြောလွယ်သလောက် လက်တွေ့ တွင်ခက်ခဲလှကြောင်း အတွေ့အကြုံများအရ ပိုသိလာကြပြီ ထင်သည်။ စိန်ခေါ်မှုတစ်ခုကို ဖြေရှင်း၍ မပြီးသေးမီ  နောက် တစ်ခုက ထပ်ဆင့်ပေါ်လာနေသည်။ ဤသို့ဖြင့် ငြမ်းချမ်းရေး ကိစ္စအဖြေရှာရေးသည် “ဂျာအေးကို သူ့အမေ ရိုက်” သည့် ကိန်းဆိုက်နေသည်။ ဤ အတိုင်းဆိုလျှင် မြန်မာနိုင်ငံ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်ရေး အိပ်မက်ကို ဆက်လက် မက်နိုင်ကြပါဦး မည်လားဟု မေးရမလို ဖြစ်နေသည်။

ပစ်ခတ်တိုက်ခိုက်မှုများ အမြန် ရပ်စဲနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ သမ္မတ ဦးထင်ကျော်အစိုးရက    ကြိုးပမ်းအားထုတ်နေချိန်တွင် ရှမ်းပြည် မြောက်ပိုင်း မြန်မာ-တရုတ်နယ်စပ်တွင် တပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့( MNDAA) အကြား တိုက်ပွဲများ ဖြစ်ပွားလာသည့် ကိစ္စကြောင့် ပြည်သူအများ စိတ်မချမ်းမသာ ဖြစ်ကြရသည်။ ရှမ်းပြည်နယ် လောက်ကိုင်ဒေသတွင် မတ်လ ၆ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများနှင့် စပ်လျဉ်း၍ အမျိုးသားပြန်လည်သင့် မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကြေညာချက် တစ်ရပ်ထုတ်ပြန်ခဲ့သည်။ “ရှမ်းပြည်နယ်၊ လောက်ကိုင်ဒေသအတွင်း တိုက်ခိုက်မှုများနှင့် စပ်လျဉ်းသည့် ထုတ်ပြန်ကြေညာချက်အမှတ် ၁/၂၀၁၇၊ (မတ် ၆ ရက်နေ့)” တွင် လက်နက်ကိုင် တိုက်ခိုက်မှုများကို စွန့်လွှတ်၍ ငြိမ်းချမ်းရေး စားပွဲဝိုင်းသို့ ဦးတည်ကြရန်  ဒေါ်အောင်ဆန်းစုကြည်မှ အလေးအနက် တိုက်တွန်းထား ကြောင်း တွေ့ရသည်။

ထုတ်ပြန်ကြေညာချက် အမှတ် ၁/၂၀၁၇ တွင် “ယနေ့အချိန်အခါသည် ပြည်ထောင်စုဖွား၊ တိုင်းရင်းသူ တိုင်းရင်းသားများ အားလုံး ခိုင်မာသော စိတ်ဓါတ်ညီညွတ်သော နှလုံးသားများဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကြီး အောင်မြင်စေရန် ၀ိုင်းဝန်း ဆောင်ရွက်ကြရန် အထူးအရေးကြီးလှကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိရာ မကြားသေးခင်ကပင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (United National Federal Council- UNFC) ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation-DPN) နှင့်ဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း၊ ထိုဆွေးနွေးပွဲတွင် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ပြီး UNFC ၏ အဆိုပြုချက် ၉ ချက်အပေါ် သဘောတူညီချက်များ ရရှိရန် မျှော်လင့်ချက်များ ခိုင်မာစေသည့် ရလဒ်ကောင်းများ ရရှိခဲ့သည်” ဟု ဖော်ပြထားကြောင်း တွေ့ရသည်။

ထို့ပြင် ငြိမ်းချမ်းရေးကော်မရှင် (Peace Commission-PC) နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation-DPN) တို့အကြား ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်သင့် ပါဝင်ထိုက်သည့် အဖွဲ့အစည်းများ ပါဝင်နိုင်ရေး နှစ်ဘက်ကြိုးပမ်း ဆောင်ရွက်သွားရန်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ အစည်းအဝေးသို့ ပါဝင်တက်ရောက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း၊ တိုင်းရင်းသား ပြည်သူများကလည်း ထို တိုးတက်မှုရလဒ်များကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြလျက် ငြိမ်းချမ်းရေး မျှော်လင့်ချက် ရောင်နီများလည်း မြင့်တက်လျက်ရှိကြောင်း ကြေညာချက်တွင် ဖော်ပြပါရှိသည်။

အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ၀မ်းမြောက်ဖွယ်ရာ တိုးတက်မှုများ ရရှိလာခဲ့ပြီး ပိုမို ကျယ်ပြန့်စွာ ပါဝင်နိုင်ရေး၊ ပိုမိုခိုင်မာ ရှင်သန်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေချိန်တွင် MNDAA လက်နက်ကိုင် အဖွဲ့များမှ မတ် ၆ ရက် နံနက်၂ နာရီခန့်မှ စတင်ကာ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသရှိ လောက်ကိုင်မြို့နယ်နှင့် ပတ်ဝန်းကျင် နေရာများသို့ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့ကြောင်း၊ ကနဦးရရှိသော သတင်းများအရ မြို့တွင်းနေရာများသို့ ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသာမက ဒေသခံ အပြစ်မဲ့ ပြည်သူများ ထိခိုက် သေဆုံး ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများကြောင့် ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူ အားလုံးအတွက် အကျိုးမဲ့ အချည်းနှီးဖြစ်ရုံသာမက တိုက်ခိုက်မှုများ ဖြစ်ပွားရာ ဒေသရှိ ဌာနေ မျိုးနွယ်စုများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများကို တိုက်ရိုက် ဆိုးကျိုး သက်ရောက်စေကာ ဒုက္ခပင်လယ် ဝေစေကြောင်း ဖော်ပြထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်ရှိ တပ်စခန်းများနှင့် ရဲစခန်းများကို ကိုးကန့် တပ်ဖွဲ့ MNDAA က မတ်လ ၆ ရက်နေ့ နံနက် ၂ နာရီခွဲခန့်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံအများအပြား ထိခိုက်ဒဏ်ရာရရှိ၍ သေဆုံးသူ ၂၀ ခန့် ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။

လောက်ကိုင်မြို့နယ်အတွင်း ဗုံးခွဲတိုက်ခိုက်ခံရသည့် အခြေအနေနှင့် ပတ်သက်၍ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးချုပ် အောင်အောင်က RFA အားရှင်းပြခဲ့သည်။ ရန်လုံကျိုင်းစခန်းကို စတင်တိုက်ခိုက်ပြီး၊ နံနက် လေးနာရီခန့်တွင် ကျင်ဖု ဟိုတယ် အောက်ထပ်ကို ဗုံးခွဲကြောင်း၊ ထို့နောက် နံနက် ၄ နာရီ ၅ မိနစ်ခန့်၎င်းထိုတယ်ရှေ့ ရပ်ထားသော ကားကို လက်နက်ကြီး RPG နဲ့ ပစ်ကြောင်း၊ ထို့ နောက် ၄ နာရီ ၁၀ မိနစ်ခန့် တွင် ဘုံခုနှစ်ဆင့်အဝိုင်းအား ပစ်ခတ်ခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးချုပ်၏ ပြောကြားချက်ကို RFA သတင်းတွင်ဖေါ်ပြထားသည်။ MNDAA လက်နက်ကိုင်အဖွဲ့ အင်အား ၃၀ ခန့်က ရဲဝတ်စုံ အယောင်ဆောင်ဝတ်ဆင်၍ ရန်လုံကျိုင်းရဲစခန်းကို ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်နှင့် ရဲတပ်ဖွဲ့က ပြန်လည်ခုခံခဲ့ရကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။

အခြားတဖက်တွင် အစိုးရတပ်မတော်က ကိုးကန့်၊ ဟုန်အိုင်ဒေသကို အပြင်းအထန် တိုက်ခိုက်နေသောကြောင့် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့ဝင် ကိုးကန့်တပ်ဖွဲ့ MNDAA က အစိုးရ တပ်မတော်ကို မလွှဲမရှောင်သာ ပြန်လည်ခုခံတိုက်ခိုက်ရခြင်းဖြစ် ကြောင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်ဟု ဆိုသည်။

မတ်လ ၆ ရက် လောက်ကိုင် တိုက်ပွဲသည် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ စုပေါင်း တိုက်ခိုက်ခြင်း မဟုတ်ဘဲ MNDAA တစ်ဖွဲ့တည်းသာ တိုက်ခိုက်ခြင်းဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တာအိုက်ကျော် က RFA အား ပြောကြောင်းလည်း သိရသည်။

“မြောက်ပိုင်းမဟာမိတ်ဆိုတာက မူလကတည်းက စုပေါင်းပြီးတော့ တိုက်တာတော့မဟုတ်ဘူး။ သူ့နယ်မြေ ကိုယ့်နယ်မြေ ရှိတယ်။ သူ့အဖွဲ့က သူ့နယ်မြေနဲ့သူပဲဖြစ်တယ်။ မြောက်ပိုင်းမဟာမိတ် စုပေါင်းတပ်ဖွဲ့ပုံစံ တိုက်ခိုက်တာမျိုး မရှိဘူး။ မြောက် ပိုင်းမဟာမိတ် ဆိုတာပြန်ပြီး မရုပ်သိမ်းသေးတဲ့အတွက် ဒီတိုက်ပွဲ မှာလည်း မြောက်ပိုင်းမဟာမိတ်လို့ ပြောရင် လည်း ပြောလို့ ရသေးတယ်။” ဟု သူကဆိုသည်။

‘သတင်းနှင့် မီဒီယာကွန်ရက်’ ၏ မတ်လ ၆ ရက်နေ့ သတင်း၌မူ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများအတွင်းသို့ မြန်မာ့ တပ်မတော်က တပ်အင်အား တိုးချဲ့မှုများ ပိုမိုပြု လုပ်လာသည့်အတွက် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေသည် ဟု တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) ဘက်က ပြောကြောင်းသိရသည်။ အစိုးရက ငြိမ်းချမ်းရေး ကြွေးကြော်နေသော်လည်း မြန်မာ့ တပ်မတော်အနေဖြင့် ယခုကဲ့သို့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသအတွင်း တပ်အင်အားတိုးချဲ့ လာသည့်အတွက် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေး ကို ထိခိုက်စေသည်ဟု PSLF/TNLA မှ ပြောကြောင်း Network Media News (NMG) သတင်းတွင် ဖေါ်ပြသည်။

“တစ်ဖက်ကကျတော့ အစိုးရကတော့ ငြိမ်းချမ်းရေး စကားပြောတယ်။ ငြိမ်းချမ်းရေးလို့ ကြွေးကြော် တယ်။ အားလုံး ပါဝင် ဖို့အတွက် သူက ဖိတ်ခေါ်တယ်။ တစ်ဖက်က တပ်မတော်က ရှမ်းမြောက်ဒေသမှာ တွေ့ဆုံ ဆွေးနွေးမှု မကမ်းလှမ်းပဲနဲ့ ထိုးစစ်ပဲ ပြုလုပ်လာတာ ရှိတယ်။ ဒီလိုမျိုး ဆက်ပြီးမှ လုပ်မယ်ဆိုရင်တော့ မြန်မာ့ ငြိမ်းချမ်းရေးက ဖြစ်လာဖို့ တော်တော် လေး ခဲယဉ်းတဲ့ အနေအထား ရှိတယ်။ မြန်မာ့တပ်မတော် လည်း ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတဲ့ အဖွဲ့ဖြစ်လား မဖြစ်လား ဆိုတာ သုံးသပ်စရာဖြစ်တယ်။” ဟု ဗိုလ်မှူး မိုင်းအိုက်ကျော် က NMG သတင်းဌာနအားပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ကျောက်မဲ၊ လာရှိုး အစရှိသည့် ဒေသများသို့ မြန်မာ့တပ်မတော်မှ တပ် အင်အားများထိုးချဲ့ ဖြည့်တင်းလာသည့်အတွက် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည်ဟု တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ဆိုသည်။ ယခင်က ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်မှ တပ်မ ၇၇၊ တပ်မ ၃၃၊ တပ်မ ၉၉၊ တပ်မ ၅၅၊ တပ်မ ၁၁ တို့ တပ်စွဲထားပြီး ယခုအခါ တပ်မ ၈၈ နှင့် တပ်မ ၆၆ တို့ကို ထပ်မံ အင်အား ဖြည့် တင်းထားသည်ဟု ဆိုသည်။ PSLF/TNLA) အနေဖြင့် တိုက်ပွဲကို တတ်နိုင်သမျှ ရှောင်ရှားသော်လည်း မြန်မာ့တပ်မတော်က တောတွင်းအထိ လိုက်လံ တိုက်ခိုက်လာ သဖြင့် စစ်ရေးအရ ရှောင်လွှဲမရသည့် အနေအထားသို့ ရောက်ရှိမှသာ ပြန်လည် တိုက်ခိုက်သည်ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောကြောင်း NMG သတင်းတွင် ဖေါ်ပြသည်။

မတ်လ ၆ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများနှင့် စပ်လျဉ်း၍ “အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန” ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လက်နက်ကိုင် ပဋိပက္ခများကြောင့် တိုင်းရင်းသားပြည်သူ အားလုံးအတွက် အကျိုးမဲ့ အချည်းနှီးဖြစ်စေရုံသာမက တိုက်ပွဲဖြစ်ပွားရာဒေသမှ ပြည်သူများကို တိုက်ရိုက်ဆိုးကျိုးသက်ရောက်စေကြောင်း ထုတ်ပြန်ပြောကြားခဲ့သည်။ ထို့ကြောင့် ပြည်သူများ ဒုက္ခကြုံတွေ့စေသည့် လက်နက်ကိုင် တိုက်ခိုက်မှုများကို စွန့်လွှတ်၍ ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ ဦးတည်ကြရန်နှင့် ပြည်သူများအားလုံး ခေတ်အဆက်ဆက် မျှော်လင့် တောင့်တနေသည့် ငြိမ်းချမ်းရေးခရီးကို အတူတကွ လျှောက်လှမ်းကြရန် ဒေါ်အောင်ဆန်းစုကြည် က အလေးအနက် တိုက်တွန်းထားသည်ကို သတိပြုမိသည်။

သို့ရာတွင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တပ်မတော်ကြည်း ရေ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မြထွန်းဦး၏ နေပြည်တော် ဘုရင့်နောင်ရိပ်သာ သတင်းစာရှင်းလင်းပွဲတွင် ရခိုင့် တပ်မတော်(AA) ၊ ကိုးကန့်တပ်ဖွဲ့(MNDAA) နှင့် TNLA တို့ သည် ဦးသိန်းစိန်အစိုးရ လက်ထက်မှ ပေါ်ပေါက်လာသည့် အဖွဲ့များ ဖြစ်၍ ငြိမ်းချမ်းရေး ဖိတ်ခေါ်မည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ တပ်မတော်က အဆိုပါအဖွဲ့များအား လက်နက်ချပြီးဝင်လာမှသာ ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု ယခင်က ပြောခဲ့ဖူးသည်။ ထိုသို့ပြောဆိုချက်အပေါ် UNFC ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက သူတို့ ၃ ဖွဲ့ကို ချန်မထားသင့်ကြောင်းနှင့် သူတို့ကို ငြိမ်းချမ်းရေးဖြစ်စဉ်တွင်ပါဝင်ခွင့် မပေးလျှင် တိုင်းပြည်အေးချမ်းဖို့ မမြင်ကြောင်း ဝေဖန်ပြောဆိုခဲ့သည်။

ဤအတောအတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ ဥက္ကဌ ဦးပေါက်ယူချန်း အား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ရေးကိစ္စအတွက် လာရောက်ဆွေးနွေးရန် ဖိတ်ကြားထားသည်ဟု  ဦးဇော်ဌေး က ပြောကြောင်း RFA သတင်းအရသိရသည်။ ဤသတင်း မှန်ပါက တပ်မတော်နှင့် အစိုးရအဖွဲ့တို့အကြား ငြိမ်းချမ်းရေး ချဉ်းကပ်ဟန် အနည်းငယ် ကွာခြားနေသည်။  နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားအဖွဲ့ အားလုံးတန်းတူပါဝင်ရေးကို နည်းမျိုးစုံဖြင့် ကြိုးပမ်းနေသည်။ တပ်မတော်က ကြိုတင်ကန့်သတ်ချက်များဖြင့် အားလုံး ပါဝင်ရေးကို ဟန့်တားနေသည်။ UWSA သည် ယခင်ကတည်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်အထိတောင်းဆိုခဲ့ဖူးသည်။ ထို့ပြင် စစ်အင်အားတောင့်တင်းမှုနှင့် ကြိုတင်ပြင်ဆင် စစ်ရေးလေ့ကျင့်မှုများဖြင့် အသင့် စစ်ပြင်ထားသည့် UWSA ကို တပ်မတော်က စစ်ရေးဖြင့် မချဉ်းကပ်သင့်။ တပ်မတော်က ငြင်းပယ်နေသည့် ရခိုင့် တပ်မတော်(AA) ၊ ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် TNLA တို့၏ နောက်တွင် UWSA ရှိနေသည်ကိုလည်း သတိပြုသင့်သည်။ ထို့ကြောင့် ယခုလက်ငင်း ဖြစ်ပွားနေသည့် မြောက်ပိုင်းစစ်ပွဲများသည် အကျိုးမရှိကြောင်း တပ်မတော်က လိမ္မာပါးနပ်စွာ ရှုမြင်သင့်သည်။

ဒေါ်အောင်ဆန်းစုကြည်က ၎င်း အခြေအနေကို သိမြင်ပုံရသည်။ ထို့ကြောင့် စစ်ရေးဖြင့် မအောင်မြင်နိုင်သည့် ယခု ပဋိပက္ခများကို တွေ့ဆုံဆွေးနွေးရေးနည်လမ်းဖြင့် ဖြေရှင်းရန် နိုင်ငံတော်၏  အတိုင်ပင်ခံပုဂ္ဂိုလ်က အားထုတ်နေခြင်းဖြစ်သည်။ စိတ်မကောင်းစရာ တစ်ခုမှာ ငြိမ်းချမ်းရေးညှိနှိုင်းမှု အဆင်ပြေချောမွေ့တော့မည်ကဲ့သို့ဖြစ်လာတိုင်း စစ်ပွဲတစ်ပွဲ အသစ်ပေါ်လာတတ်သည့် ကိစ္စဖြစ် သည်။ တမင်ဖန်တီးကြခြင်းလားဟုပင် အထင်ရောက်စရာ ကောင်းသည်။ ဦးသိန်းစိန် အစိုးရလက်ထက်ကလည်း အလားတူ ဖြစ်ခဲ့ဖူးသည်။ တရုတ်နယ်စပ်တွင် ဖြစ်သောကြောင့် ယခုကိစ္စ၌ ပြင်ပ ပယောဂ ပါဝင်ပတ်သက်မှု ရှိ မရှိလည်း သေသေချာချာ လေ့လာကြည့်ရမည် ထင်သည်။ UWSA နှင့် MNDAA တို့သည် ပထ၀ီနိုင်ငံရေးအရ တရုတ်နိုင်ငံနှင့် ဆက်စပ်ပတ်သက်နေသည့် အထောက်အထားများ ရှိနေသည်ကလည်း မြင်သာထင်သာ ဖြစ်နေသဖြင့် သတိရှိ သင့်ကြပေသည်။

အနှစ်ချုပ် သုံးသပ်ရလျှင် မြန်မာ့ပြည်တွင်းစစ် ပြဿနာသည် ၁၉၄၇ ပင်လုံ ကတိက၀တ်မှ စတင်ခဲ့ခြင်းဖြစ်သည်။ “ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး” ဆိုသည့် ကတိ ပျက်ကွက်ရာမှ စတင်သည့် ပြည်တွင်း နိုင်ငံရေး ပြဿနာ ဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံရေးနည်းဖြင့် မရှင်းသမျှ အဖြေရမည်မဟုတ်ပါ။ စစ်အင်အားဖြင့် ဖြေရှင်း၍ မရနိုင်ပါ။ အမြစ်ပြုတ် တိုက်ခိုက်ချေမှုန်းရန်လည်း မဖြစ်သင့် မဖြစ်နိုင်ပါ။ ယခု နှစ်ပေါင်း ၇၀ အတွင်း ဘယ်သူကမျှ အပြုတ်တိုက် ဗိုလ်စွဲနိုင်ခဲ့ခြင်း မရှိသည့် ဥပမာကို ကြည့်ပါ။ ရလဒ်မှာ တိုင်းပြည် မငြိမ်းချမ်းဘဲ၊ စစ်ဒဏ်ကြောင့် သေကြေအနာတရဖြစ် ကာ ဆင်းရဲမွဲတေ ခြင်းသာ အဖတ်တင်ပါသည်။ ဤကဲ့သို့ဒုက္ခမျိုးစုံကို ရင်ဝယ်ပိုက်ထားရသည့် ဆင်းရဲမွဲတေမှုအောက်တွင် အပြန်အလှန် ရန်လိုတိုက်ခိုက်နေကြရသည့် “ဆိုးမွေ”ကို နောင်မျိုးဆက်တို့အား မပေးသင့်ပါ။ ဆရာဇော်ဂျီ၏ ‘သင်သေသွားသော်’ …ဆိုသည့် ကဗျာတွင်…. ..(သင်ဖွားသောမြေ၊ သင်တို့မြေသည်၊ အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။) ဟု ဆိုဆုံးမခဲ့သည် ကို နာကြားလျှက်၊ လက်ရှိ ဆုံးဖြတ်ခွင့်အာဏာ ရယူထားသော ခေါင်းဆောင်များအနေဖြင့် မိမိတို့ သေပြီးသည့်နောက် ‘ဆိုးမွေများ’ ချန်ခဲ့ကြ မည်လား။ ‘ ကောင်းမွေများ’ ချန်ခဲ့ကြမည်လား…. လေးလေးနက်နက်စဉ်းစားကာ မြန်မာနိုင်ငံတော် ငြိမ်းချမ်းသာယာစေရန် စေတနာသန့်သန့်ဖြင့် ၀ိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts