ကိုသန်းလွင် သူတို့အာဘော် နိုင်ငံတကာရေးရာ

ကိုသန်းလွင် – အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်ဒေါ်နယ်ထရန့်

ကိုသန်းလွင် – အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်ဒေါ်နယ်ထရန့်
(မိုးမခ) မတ် ၈၊ ၂၀၁၇

(၁)

အမေရိကန်လူမျိုးတို့သည် မိမိတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို များစွာတန်ဖိုးထားကြသူများဖြစ်ပါသည်၊ ၁ရ၈ရ ခုနှစ်စက်တင်ဘာလက အတည်ပြုခဲ့သော ထိုဥပဒေမှာနှစ်ပေါင်း ၂၃၀ သက်တမ်းရှိခဲ့ပြီး အမေရိကန် တို့ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံ ဖြစ်ခဲ့ရသည်မှာ ထိုဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အုပ်ချုပ်သော စနစ်ကြောင့် ဖြစ်သည်ဟုဆိုနိုင်ပါသည်၊ သမ္မတ ဂျော့ဝါရှင်တန်လက်ထက်က အတည်ပြုခဲ့သော ထိုဥပဒေ မှာ လူတို့၏ ဒီမိုကရေစီ အခြေခံလွတ်လပ်ခွင့်များဖြစ်သော လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ မိမိဆန္ဒကို ထုတ်ဖေါ် ပြောဆိုပိုင်ခွင့် အပြည့်အ၀ပေးထားသော ဥပဒေလည်းဖြစ်ပါသည်၊

နိုင်ငံတွင် အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာ၊ တရားစီရင်ရေးအာဏာတို့ ကို သုံးပိုင်းခွဲထားပြီး ကဏ္ဍ တခုစီသည် လွတ်လပ်စွာလုပ်ပိုင်ခွင့်များရှိသည်၊ အစိုးရ အဖွဲ့၏ လုပ်ပိုင်ခွင့်များကိုလည်း ( Check and balance ) မူအရ အချင်းချင်းပြုပြင် စောင့်ရှောက်နိုင်သည့်စနစ်ဟုဆိုနိုင်ပါသည်။

(၂)

၂၀၀၉ ခုနှစ်က သမ္မတ အိုဘားမား အမေရိကန်ပြည်၏ ၄၄ ယောက်မြောက် သမ္မတဖြစ်လာချိန်တွင် သူ၏ ပုဂ္ဂိုလ်ရေးလုပ်ရပ်များကို (Conflict of Interest) ဥပဒေနှင့်ညှိစွန်းခြင်း ရှိ/ မရှိ စောင့်ကြည့်ရန် Mr. Noman Eisen ခေါ် ဖွဲ့စည်းပုံဆိုင်ရာဥပဒေကျွမ်းကျင်သူတစ်ဦးကိုခန့်ထားခဲ့ပါသည်၊ အထူးသဖြင့်လူ့ကျင့်ဝတ် ( Ethics ) ဆိုင်ရာကိစ္စများကို သမ္မတအား သတိပေးရန်ဖြစ်ပါသည်၊ ဥပမာ သမ္မတကြီး အနေဖြင့် ၀ါသနာ အရ ဘတ်(စ)ကက် ဘောပွဲများကို ကြည့်ရှုအားပေးလေ့ရှိရာ မေတ္တာလက်ဆောင် လက်မှတ်ကို လက်ခံနိုင်၊ မခံနိုင် သူကဆုံးဖြတ်ရပါသည်။

နိုဘယ်ငြိမ်းချမ်းရေးဆုကို သမ္မတကြီးအား ပေးအပ်ချိန်တွင် သူ့အနေဖြင့် ဥပဒေကြောင်းအရ လက်ခံပိုင်ခွင့် ရှိ၊ မရှိကိုအကြံဥာဏ်ပေးရပါသည်၊ နိုဘယ်ဆုပေးရေးအဖွဲ့သည် နိုင်ငံရပ်ခြားအစိုးရမဟုတ်သော လွတ်လပ် သည့်အဖွဲ့အစည်းဖြစ်နေ၍သာ လက်ခံနိုင်ခဲ့ခြင်းဖြစ်ပါ၏၊ သူပိုင်ဆိုင် သော ရင်းနှီးမြှုပ်နှံမှု အားလုံးကို သူသိ ရန်မလိုသော ( Blind Trust ) ထဲသို့ လွှဲပြောင်းပေးခဲ့ပါသည်၊ သူ၏ အခွန်ဆောင်လွှာ ( Tax Return ) ကိုလည်း လူသိရှင်ကြား ထုတ်ပြန်ကျေညာပေးခဲ့ပါသည်၊ သူ၏ သမ္မတ သက်တမ်း တလျှောက်လုံး စာရိတ္တ၊ ကျင့်ဝတ် နှင့် ပတ်သက်၍ ပြဿနာတစုံ တခုမှ မပေါ်ပေါက်ခဲ့ချေ။

၄၅ ယောက်မြောက် သမ္မတကြီးဒေါ်နယ်ထရန့် မှာမူ သူ၏ အခွန်ဆောင်လွှာကို ဘယ်တော့မှ လူသိရှင်ကြား ထုတ်ဖော်မပြနိုင်ပါဟူသော ကြွေးကြော်ချက်ဖြင့် သမ္မတရာထူးကို လက်ခံယူခဲ့ပါသည်၊ နှစ်ပေါင်း ၁၈ နှစ် ကြာ အခွန်ငွေ တပြားမှမပေးခဲ့ဘူးဟု ပြောဆိုမှုများ ရှိနေဆဲပင်ဖြစ်ပါသည်၊ မိမိရာထူးအရှိန်အ၀ါကြောင့် အမြတ်ငွေရယူခြင်း၊( Conflict of interest ) ဆိုသည်မှာသမ္မတနှင့်မဆိုင် ဟူ၍ပင် ဗြောင်ပြောဆို လျက်ရှိ သည်၊ ဆိုလိုသည် မှာ သူ့အနေနှင့် မိမိ၏စီးပွားရေးလုပ်ငန်းများသည် အစိုးရတာဝန်များ နှင့် မပါတ်သက် ပါဟူ၍ ဆိုလိုခြင်းပင်ဖြစ်သည်၊ နိုင်ငံခြားခေါင်းဆောင်ကြီးများနှင့်တွေ့တိုင်းလည်း သူ့စီးပွားရေးလုပ်ငန်း များနှင့်ပါတ်သက်၍ ပွင့်လင်းစွာ ဆွေးနွေးလေ့ရှိသည်ဟုလည်း ဆိုကြသည်။

သူ့တွင် ကမ္ဘာနှင့် အ၀ှမ်း ဟိုတယ်ကြီးများ၊ အိုးအိမ်ခြံမြေပိုင်ဆိုင်မှုများ၊ စီးပွားရေးလုပ်ငန်းကြီးများ များစွာရှိ နေသည့်တိုင် အိုဘားမားးကဲ့သို့ အပြီးသတ်ရောင်းချပြစ်ရန်ကိုငြင်းဆန်လျက်ရှိသည်၊ ထရန့်င်္စီးပွားရေး လုပ်ငန်း ( Trump Organization ) ကြီး၏ စီမံခန့်ခွဲမှုကိုသာသူ၏ သားနှစ်ယောက်ကို လွှဲပေးပြီး ဖြစ်ပါ သည် ဟုဆိုပြီး ပိုင်ဆိုင်မှုကိုကားဆုပ်ကိုင်ထားဆဲပင်။

ထရန့်အနေဖြင့် သမ္မတအဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို စောင့်ရှောက်ကာကွယ်ပါမည်ဟု ကျမ်းကြိမ်ပြီး သည့်တိုင် ဖွဲ့စည်းပုံဥပဒေလာ ဥပဒေ စည်းကမ်းများကို ဗြောင်ချိုးဖောက်နေခြင်းဖြစ်သည်ဟု ဝေဖန်သူများရှိ နေကြပါသည်၊

ဖွဲ့စည်းပုံဥပဒေက အစိုးရ၀န်ထမ်းတိုင်းသည် မိမိ၏ရာထူးလုပ်ပိုင်ခွင့်များ ပေါ်တွင်မူတည်၍ ပြင်ပမှ အထူး သဖြင့် နိုင်ငံခြား အစိုးရများမှ အမြတ်ပေးငွေ၊ လက်ဆောင်နှင့် ၀တ္ထုပစ္စည်းမှန်သမျှကို လက်ခံပိုင်ခွင့်မရှိ၊ ချွင်းချက်များကို ကွန်ဂရက် မှသာဆုံးဖြတ်ပိုင်ခွင့်ရှိကြသည်။

နယူးရောက်မြို့ ရှိ (Trump Tower ) ထရန့်ပိုင် ဟိုတယ်ကြီးတွင် အဓိက အခန်းဌားထားသူမှာ တရုတ်နိုင်ငံ စက်မှု နှင့် စီးပွားရေးဘဏ်ကြီး ( Industrial and Commercial Bank Of China ) ဖြစ်သည်၊ ဖိလစ်ပိုင် နိုင်ငံမှ ထရန့်လုပ်ငန်းများ၏ ကိုယ်စားလှယ်ကို သမ္မတ ဒူးတာတေးက အမေရိကန်ဆိုင်ရာ သံအမတ်အဖြစ် ခန့်အပ်ခဲ့သည်၊ ပနားမား နိုင်ငံရှိ ဟိုတယ်များမှာ ထရန့်တံဆိပ်ကို သုံးစွဲပိုင်ခွင့် အတွက် ဒေါ်လာသန်းချီ၍ ပေးနေကြရသည်၊ နိုင်ငံများစွာတို့တွင် ထရန့် အရွေးခံရခြင်း အတွက် ဂုဏ်ပြုပွဲများကျင်းပနေကြသော သတင်း ကို ကြားနေကြရသည်။

ထို့ကြောင့် မစ္စတာ ထရန့် အနေဖြင့် သူ၏ လုပ်ငန်းများ ၀င်ငွေ၊ ထွက်ငွေ အားလုံးကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ကျေညာ မှသာ နိုင်ငံခြား အစိုးရများ၏ ပံ့ပိုးကူညီမှုကို ယူမယူ သိကြရမည်ဖြစ်သည်၊ စီးပွားရေး လုပ်ငန်းဆိုသည် မှာလည်း ထုံးစံသဘောအရ မဆိုင်သည့် ပြင်ပလူများကို ဘာကိုမှ အသိပေးလိုကြသည် မဟုတ်ပေ၊ သို့ပါသော်လည်း ထိုစီးပွားရေး လုပ်ငန်းရှင် မှာ သမ္မတကြီး ဖြစ်နေသောကြောင့်တိုင်းပြည်သို့ ရှင်းလင်းတင်ပြရန် တာဝန်ရှိလာပြန်သည်၊ သူ၏ ၀င်ငွေ၊ ထွက်ငွေ စာရင်းကို အများပြည်သူမြင်နိုင်မှ သာ လျင် သူရာထူးကြောင့် အကျိုးအမြတ် ရှိ၊ မရှိကို သိကြရမည် ဖြစ်ပါသည်။

သူကျမ်းသစ္စာမကြိမ်ဆိုမှီ တရက်မှပင် ACLU ( American Civil Liberties Union ) က သမ္မတ၏ စီးပွားရေးလုပ်ငန်းများ နှင့် ပါတ်သက်၍ အခြေအနေ၊ အချက်အလက်အားလုံးကို ထုတ်ပြန်ကျေညာရန် တောင်းဆိုခဲ့သည်၊ ဇန်န၀ါရီ ၂၃ ရက်နေ့က ( Citizen For Responsibility And Elthics ) အဖွဲ့ မှ သမ္မတသည် သူ၏ စီးပွားရေးလုပ်ငန်းများဖြင့် နိုင်ငံခြား အစိုးရ နှင့် ကုမ္ပဏီများ အပေါ်မှ အမြတ်ထုတ် လျက်ရှိပါသည်ဟု စွတ်စွဲချက်ဖြင့် တရားစွဲဆိုခဲ့သည်၊ သူတို့၏ တရားစွဲဆိုမှု အောင်မြင်မှုရှိမည်ဟု မသေချာ သည့်တိုင် အခြားအလားတူ အဖွဲ့အစည်း အသီးသီး ကလည်း ပုံစံအမျိုးမျိုးဖြင့် တရားစွဲဆိုနိုင်ရန် ပြင်ဆင် လျက်ရှိကြပါသည်။

ဟိုတယ်ပိုင်ရှင်များ အိုးအိမ်ခြံမြေ ကုမ္ပဏီများ၊ ဂေါက်ကွင်းအဖွဲ့များ မှာ ထရန့်ကုမ္ပဏီများ နှင့် အပြိုင်အဆိုင် ဖြစ်ကြရာ အကယ်၍ သမ္မတကြီး မှာ သူ၏ ရာထူးကြောင့် ကန်ထရိုက်လုပ်ငန်းများရခဲ့သည်ဆိုပါက တရားစွဲ ဆိုပိုင်ခွင့်ရှိနေပေသည်။

သမ္မတ ဘုရှ် လက်ထက်က စစ်ပွဲကြီးဆင်နွဲနေစဉ်မှာပင် ရန်သူစစ်သားများကို တရားမစွဲဆိုဘဲ ဖမ်းဆီးထား ပိုင်ခွင့်မရှိဟု တရားရုံးများကဆုံးဖြတ်ပိုင်ခွင့်ရှိနေပေရာ သမ္မတ ထရန့်ကိုလည်းအလားတူ ဆန့်ကျင်ဆုံးဖြတ် မှုများဖြင့် ဖိအားပေးနိုင်ကြပါသည်။

ဖွဲ့စည်းပုံဥပဒေပါ ပြင်ဆင်ချက် ၂၅ ဟုခေါ်သည့် ( 25th Amendment) ဆိုသည်မှာ သမ္မတတဦးကို ရာထူးမှ ဖယ်ရှားနိုင်သည့်နည်းလမ်းများကိုရေးသားထားခြင်းဖြစ်ပါသည်၊ သမ္မတ နစ်ဆင်ကို ၀ါးတားဂိတ် ကိစ္စဖြစ်စဉ် က ရာထူးမှနှုတ်ထွက်သွားစေရန် ကွန်ဂရက်မှ ဖိအားပေးနိုင်ခဲ့သည်မှာလည်း ဤပြင်ဆင်ချက် ဥပဒေများ အရပင်ဖြစ်ခဲ့ပါသည်၊

အမေရိကန်နိုင်ငံ၏သမ္မတဆိုသည်မှာအမေရိကန် နိုင်ငံသားများ၏ အကျိုးစီးပွားကို စောင့်ရှောက် ကာကွယ် ရန် ရာထူးကိုယူရခြင်းဖြစ်ပါသည်၊ မိမိကိုယ်တိုင်နှင့် မိမိ မိသားစုဆွေးမျိုးမိတ်သင်္ဂဟ များ၏ အကျိုးအတွက် ရာထူးကိုယူရခြင်းမဟုတ်၊ အထူးသဖြင့်နိုင်ငံခြားအစိုးရများ၏ အကျိုးစီးပွားကို ကာကွယ်ရန်လည်း မဟုတ် ပေ၊ မစ္စတာထရန့်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကပေးအပ်လိုက်သောတာဝန်နှင့် လိုက်နာရန် စည်းကမ်းများ ရှိနေပြီးဖြစ်သည်။

သူက နိုင်ငံလည်း အကျိုးရှိစေ၊ မိမိကိုယ်ကျိုး အတွက်လည်းအကျိုးရှိစေ နယ်နိမိတ်မခွဲခြားဘဲ ၀ိုးတ၀ါးသာ ချီတက်လိုဟန်ရှိသည်၊ မည်သို့သော စိတ်စေတနာမှန်ဖြင့် ဆုံးဖြတ်သည်ဆိုစေ သူ့ဆုံးဖြတ်ချက်များသည် သူ၏ စီးပွားရေးလုပ်ငန်းများအတွက်ပိုမိုအမြတ်အစွန်းရစေရန်ဆိုသော ရည်ရွယ်ချက်မှာပါပြီးဖြစ်သည်။

(၃)

အမေရိကန်နိုင်ငံ၏သမ္မတကြီးများ၏သမိုင်းကိုကြည့်လျင်ချွင်းချက်အနည်းငယ်ရှိသည့်တိုင်လူကြီးလူကောင်း ဆန်ခြင်း၊ အမြော်အမြင်ကြီးမားခြင်း၊ ဥာဏ်ပညာထက်မြက်၍ စိတ်ရှည်သည်းခံခြင်းအစရှိသောကောင်းမြတ် သည့် အရည်အချင်းများနှင့် ပြည့်စုံသည့်လူများ၏သမိုင်းဖြစ်ပါသည်၊

လက်ရှိအခြအနေမှာ ပြဿနာဗလပွနှင့်ပြုပြင်စရာတွေအများကြီးရှိသည်ဟု ဆိုနေသော သမ္မတအသစ် ဒေါ်နယ်ထရန့်ကို အမေရိကန်တို့၏ ကောင်းမြတ်သော ဒီမိုကရေစီစနစ်က ကောင်းမွန်သည့် လမ်းကြောင်း ပေါ်ရောက်အောင်ထိမ်းကျောင်းသွားနိုင်ပါစေဟုသာ ဆုတောင်းရပါသည်။

ကိုသန်းလွင်

Ref: Trump Violates the Constitution, by David Cole: New York Review of Books. February 23, 2017


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts