သတင်းပဒေသာ

မဘသနဲ့ ၀ီရသူတို့က မြန်မာနောင်းသတင်းထောက် ကိုဆွေဝင်းကို တရားစွဲဟု ဆို

မဘသနဲ့ ၀ီရသူတို့က မြန်မာနောင်းသတင်းထောက် ကိုဆွေဝင်းကို တရားစွဲဟု ဆို

(မိုးမခ) မတ် ၈၊ ၂၀၁၇

လက်ခံရရှိသောသတင်းများအရ မြန်မာနောင်းသတင်းထောက် ကိုဆွေဝင်းကို မဘသအဖွဲ့ဝင်တဦးက ၆၆(ဃ)နဲ့ တရားစွဲဆိုကြောင်း၊ ၎င်းစွဲဆိုမှုကို မန္တလေးရဲစခန်းတခုက လက်ခံပြီး အမှုဖွင့်ပေးလိုက်ကြောင်း သိရှိရသည်။ သတင်းထွက်ပေါ်လာချိန်မှာ မတ်လ ၇ရက် နေ့စွဲ ဖြစ်သည်။ ၆၆(ဃ) အမှုဆိုသည်မှာ အွန်လိုင်းပေါ်က မဟုတ်တန်းတရား အသရေဖျက် ခြိမ်းခြောက် နှောက်ယှက်ခြင်းများနဲ့ ပတ်သက်ပြီး ကာယကံရှင် သို့မဟုတ် ကိုယ်စားလှယ်တို့က စွဲဆိုလေ့ရှိရာ မဘသအဖွဲ့ဝင်က “ထေရ်ကြီး ၀ါကြီး သံဃာတော်ကြီးများက လေးစားရသည့် ဆရာတော် ဦးဝီရသူကို အခြေအမြစ်မရှိ ပါရဇိကနဲ့ စွပ်စွဲခြင်းသည် ပြစ်မှုမြောက်သည်” ဟု သဘောထားပြီး တရားစွဲပါသည်ဟု တရားစွဲဆိုသူ မဘသအဖွဲ့ဝင်က ရေးသားထားသည်ကို တွေ့ရသည်။

ဦးကိုနီလုပ်ကြံခံရသည့် ရာဇ၀တ်မှုနှင့် ပတ်သက်၍ ၀ီရသူက လုပ်ကြံသတ်ဖြတ်သူများကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်ကို အများပြည်သူထံသို့ မြန်မာနောင်းသတင်းက တင်ပြပေးခဲ့သည်။ အဆိုပါပြောဆိုမှုသည် ပါရဇိကကျကြောင်း မန္တလေးက ဆရာတော်တပါးက ပြောကြားခဲ့ကြောင်းကိုလည်း သတင်းတွင် ဖော်ပြထားသည်။ အဆိုပါသတင်းကို ကိုးကားပြီး သတင်းရေးသူကိုယ်တိုင်က မိမိဖေ့စ်ဘွတ်စာမျက်နှာတွင် ကူးယူဖော်ပြသည်ကို အပြစ်လုပ်၍ မဘသတို့က တရားစွဲခြင်း ဖြစ်သည်။

ကိုဆွေဝင်းက အထက်ပါ အမှုစွဲဆိုမှုကို ၎င်းဖေ့စ်ဘွတ်စာမျက်နှာတွင် အောက်ပါအတိုင်း ထုတ်ဖော် ပြောဆိုထားသည်။

ကျနော့်ကို မဘသအဖွဲ.၀င်တစ်ဦးက ၆၆ ဃ နဲ့တရားစွဲတာကို မန္တလေးရဲစခန်းတစ်ခုက အမှုဖွင့်ပေးလိုက်ကြောင်း သိရပါတယ်။ (တွဲထားတဲ့ ဓာတ်ပုံတစ်ခုက တရားဝင်တိုင်ကြားချက်ပါ)

Myanmar Now ကရေးတဲ့သတင်းတစ်ပုဒ်မှာ အမုန်းစကားများဖြန့်ချီနေတဲ့ သင်္ကန်းဝတ်ဝီရသူက ဦးကိုနီလုပ်ကြံသတ်ဖြတ်သူတွေကို ကျေးဇူးတင်ကြောင်းထုတ်ဖော်ပြောဆိုတဲ့အကြောင်း ကျနော်တို့သတင်းတစ်ပုဒ်ရေးဖြစ်ခဲ့ပါတယ်။ အဲဒီသတင်းမှာ မန္တလေးကအခြားဆရာတော်တစ်ပါးက ဒီလိုပြောဆိုမှုဟာ ပါရာဇိကကျကြောင်းပြောကြားချက်ကိုပါထည့်သွင်းထားပါတယ်။ ဒါကိုပြန်ကိုးကားပြီး ၀ီရသူပါရာဇိကကျပြီလို့သိရကြောင်း ကျနော်က အဲဒီသတင်းကို ကျနော့်ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာရေးပြီး ပြန်ရှဲခဲ့ပါတယ်။ နောက်ပြီး ဦးကိုနီသတင်းစာရှင်းလင်းပွဲနောက်မှာ ပေါ်ပေါ်တင် ပြည်သူကိုပြန်လည်ခြိမ်းခြောက်လာတဲ့ မဘသခေါင်းဆောင်တွေရဲ. ပြောစကားကိုအခြေခံပြီး မဘသပြန်လာပြီဆိုပြီးရေးခဲ့ပါတယ်။ ဒီမဘသပြန်လာပြီဆိုတဲ့စကားရပ်ကို အမှုဖွင့်ရာမှာထည့်သွင်းကြောင်း သိရပါတယ်။ ဒါပေမယ့် ကျနော်ကိုယ်တိုင်ကိုယ်ကျဘာကိုယ်မှအတည်မပြုနိုင်ပါ၊ ရဲတပ်ဖွဲ.ကလည်း ကျနော့်ကို ဆက်သွယ်လာခြင်းမရှိသေးပါ။ (တိုင်တန်းသူဝီရသူနောက်လိုက်ရဲ.တိုင်တန်းစာမှာ ကျနော့် မှတ်ပုံတင်နဲ.လိပ်စာအပြည့်အစုံပါတာထောက်ရှုရင်တော့ ဒီအချက်အလက်တွေကို အာဏာပိုင်ကလွဲပြီးတစ်ခြားသူတို့ကိုဘယ်သူ့မှပေးစရာမရှိပါ။)

ဘယ်လိုပဲဖြစ်ဖြစ် အဓမ္မ၀ါဒီတွေကို ဓမ္မခွန်အားများနဲ့ရင်ဆိုင်ဖို့၊ အဓမ္မ၀ါဒီတွေကို သစ္စာတရားနဲ့ အချိန်မရွေးတိုက်ဖျက်ဖို့ အသင့်ဖြစ်ကြောင်းအခိုင်ပြောဆိုလိုပါတယ်။ အင်မတန်ကြီးလေးတဲ့ဒုစရိုက်မှုတွေကို တရားဝင်လူသိရှင်ကြားထောက်ခံပြောဆိုနေတဲ့ ဒုစရိုက်သမားများကို အာဏာပိုင်များက အရေးမယူပေမယ့် သတင်းစာသမားတစ်ယောက်အနေနဲ့ အဓမ္မကိုအဓမ္မအဖြစ်ထောက်ပြခဲ့တာနဲ.ပတ်သက်ပြီး မည်သည့်နည်းနှင့်မျှတောင်းပန်စရာ၊ ညှိနှိုင်းစရာမရှိကြောင်း လည်း ပြောဆိုလိုပါတယ်။

ဦးကိုနီသတင်းစာရှင်းလင်းပွဲမှာ လင်းဇော်ထွန်း၊ ဇေယျာဖြိုးတို့ဟာ မဘသထိပ်တန်းခေါင်းဆောင်တွေကို သီးသန့်တွေ.ဆုံခဲ့တဲ့ဓာတ်ပုံတွေတွေ.ရတယ်၊ ဆိုတော့ ဆရာ၊ ဒကာအနေအထားနဲ့ သူတို့က ဒီကိစ္စဆောင်ရွက်တဲ့အခါမှာ မဘသအဖွဲ.ရဲ. သြဇာလွှမ်းမိုးမှုရှိမရှိကို ပြည်ထဲရေးဝန်ကြီးကိုမေးမြန်းခဲ့ပါတယ်။ ဒါကိုမဘသတွေကမကျေမနပ်စတင်ဖြစ်ခဲ့ပြီး ကျနော့်ကိုတရားစွဲဖို့အခြေအနေစိုက်လာတာပဲလို့ကျနော်ယူဆပါတယ်။

ဒုတိယဓာတ်ပုံမှာ လင်းဇော်ထွန်းနဲ. ဇေယျာဖြိုးမဘသဥက္ကဌ ဦးတိလောကနဲ. ၀ီရသူကို ၂၀၁၅ မှာတွေ.ဆုံခဲ့တဲ့ပုံပါ။ ဒီလိုပုံတွေကို ထောက်ရှုပြီး အကြောင်းရှိလို့မေးခဲ့တာပဲဖြစ်ပါတယ်။

ယိမ်းယိုင်နေတဲ့ တရားရေးစနစ်ကြီးထဲမှာနေရပေမယ့် လောကလူ့ဘောင်အတွက်မရှိမဖြစ်အရေးကြီးတဲ့ တရားဥပဒေကိုရှောင်ဖယ်ပြီး ကျနော်တို့ ဘယ်တော့မှထွက်မပြေးပါဘူး။

ကိုဆွေဝင်းကို နိုင်ငံတော်ကိုယ်တိုင်က ဂုဏ်ယူဖွယ်နိုင်ငံသားကောင်းအဖြစ် ချီးကျုးဂုဏ်ပြုကြောင်း စာထုတ်ပြန် အသိအမှတ်ပြုခြင်း ခံရသူဖြစ်သည်။ ၂၀၁၆ ခုနှစ်အတွင်း အင်းဝအပ်ချုပ်ဆိုင်မိသားစုက အိမ်အကူ ကလေးငယ်များကို ကိုယ်ထိလက်ရောက် ညှင်းပန်းနှိပ်စက်သည့်အမှုကို ဖော်ထုတ်ပြီး တရားသဖြင့် အရေးယူနိုင်အောင် ဆောင်ရွက်ခဲ့သည်။

ကိုဆွေဝင်းက အကယ်၍များ သူ့ကို ဖမ်းဆီးချုပ်နှောင်မှုများ ပြုခဲ့သည်ရှိသော် ၎င်းသဘောထားများကို မှတ်တမ်းအဖြစ် ကျန်ရှိစေရန် မေးခွန်းနှင့် အဖြေများကိုလည်း ရေးသားထားသည်ကို တွေ့ရသည်။

ကျနော့်ကိုဖမ်းသွားရင်ဗျူးမရကြမှာဆိုးလို့ ကိုယ့်ဟာကိုယ်ဗျူးပြီး ကိုယ့်ဟာ့ကိုဖြေထားတယ်။

မေး။ ။ ကိုဆွေဝင်းက ဆရာတော်ဦးဝီရသူကို ပါရာဇိကကျသွားပြီလို့ Ba Kaung နာမည်နဲ့ ဖေ့ဘွခ်ပေါ်မှာရေးတယ်ဆိုတာဟုတ်လား။

ဖြေ။ ။ ဦးကိုနီသတ်ဖြတ်သူတွေကို ကျေးဇူးတင်တယ်ဆိုပြီး ဦးဝီရသူကထုတ်ဖော်ရေးသားပြောဆိုနေတာအားလုံးအသိပါပဲ။ အာဏာပိုင်များကလည်း ဒီလို ပြည်သူတစ်ရပ်လုံးချောက်ချား တုန်လှုပ်ဖွယ်ရာဇ၀တ်မှုကို ထောက်ခံကြောင်းပြောနေတာတွေကို လျစ်လျူရှု အရေးမယူတာအားလုံးအသိပါပဲ။ ဒီလိုအခြေအနေမှာ ကျနော်တို့က ဒါကိုသတင်းရေးခဲ့တယ်၊ သတင်းရေးတဲ့နေရာမှာ မန္တလေးကဆရာတော်ဦးစိန္တကိုမေးမြန်းပြီးသူ့မှတ်ချက်ကိုတောင်းတဲ့အခါ ဆရာတော်က ဦးဝီရသူရဲ.ပြောဆိုချက်ဟာ ပါရာဇိကကံမြောက်တယ်ဆိုပြီးဖြေကြားခဲ့တယ်။ ဒီဖြေကြားချက်ကိုသတင်းထဲမှာထည့်ခဲ့တယ်။ ပြီးတော့ ဒီသတင်းကို ကျနော့်ရဲ. ဖေ့ဘွတ်ပေါ်မှာတင်တဲ့အခါ ဦးဝီရသူ ပါရာဇိကကျပြီဖြစ်ကြောင်းသိရဆိုပြီး ရေးသားခဲ့တယ်။ ကျနော့်ရဲ.သတင်းရင်းမြစ်ပြောဆိုချက်ကို ကိုးကားပြီးဖေ့ဘွတ်ပေါ်ပြန်ရေးတာကို အမှုဖွင့်တဲ့အနေအထားပါ။ ဘယ်လိုပဲဖြစ်ဖြစ်ဒီသတင်းနဲ့ပတ်သက်ပြီးကတော့ ကျနော်က ၁၀၀ ရာခိုင်နှုန်းအပြည့်အ၀တာဝန်ခံပါတယ်။

မေး။ ။ အာဏာပိုင်တွေကရော လာရောက်အကြောင်းကြားပြီလား။

ဖြေ။ ။ ခုမတ်လ ၈ ရက်မနက်စောစောထိတော့ တရားဝင်ဘာမှအကြောင်းကြားတာမရှိဘူး။ ကျနော်တို့ကတော့ မြတ်စွာဘုရားရဲ. သင်္ကန်းရေခြုံပြီး ဒုစရိုက်မှုတွေကျူးလွန်နေသူ၊ ရာဇ၀တ်မှုကို အားပေးအားမြှောက်ပေးနေတဲ့သူတွေကို ဘာမှတောင်းပန်စရာ၊ ညှိနှိုင်းစရာမရှိဘူး။ ရဲကလာခေါ်လို့ကတော့ လိုက်သွားဖို့အသင့်ပဲ။

မေး။ ။ ခုတိုင်တန်းချက်ကို ရဲတပ်ဖွဲ.ကအမှုလက်ခံဖွင့်ပေးလိုက်ပြီလို့သိရတယ်။ အင်တာနက်ပေါ်မှာဆိုရင် ဦးဝီရသူကိုဆဲဆိုဆန့်ကျင်နေတဲ့သူတွေအများကြီးပဲ၊ ခင်ဗျားကိုကျမှ ရွေးပြီးတိုင်တန်းကို ရဲတပ်ဖွဲ.ကလက်ခံလိုက်တဲ့ အခြေအနေကိုရောဘယ်လိုသဘောရလဲ။

ဖြေ။ ။ အားလုံးသိတဲ့အတိုင်းပဲ သတင်းစာရှင်းလင်းပွဲမှာ လင်းဇော်ထွန်း၊ ဇေယျဖြိုးတို့ဟာ မဘသဥက္ကဌဆရာတော်ကို သွားရောက်တွေ.ဆုံတာတွေရှိခဲ့တယ်၊ ဒီအခြေအနေပေါ်မှာ ဆရာ၊ ဒကာဆိုတဲ့ဆက်ဆံရေးအကြောင်းခံပြီး မဘသက ဦးကိုနီအမှုကိစ္စမှာ ဒီလူတွေအပေါ်တစ်စုံတစ်ရာလွှမ်းမိုးမှုရှိသလားဆိုတာကိုမေးမြန်းခဲ့တယ်။ ဒါကို မဘသတွေက မကျေနပ်ကြဘူး၊ တစ်ဖက်မှာလည်း ဦးကိုနီအမှုကိစ္စနဲ့ပတ်သက်ပြီး အာဏာပိုင်တွေရဲ. ကိုင်တွယ်ပုံ၊ သတင်းထုတ်ပြန်ပုံကိုကျနော့်ဖက်က ဝေဖန်မှုတွေရှိတယ်။ ဆိုတော့ ဒီအခြေအနေတွေပေါင်းစုပြီး ကျနော့်ကိုအမှုဖွင့်ဖို့အကြောင်းဖန်လာတယ်လို့ယူဆပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရာဇ၀တ်မှုတစ်ခုကို ပြောင်ပြောင်တင်းတင်းထောက်ခံနေသူတွေကို ဥပဒေကြောင်းအရ အရေးမယူဘဲ မဆီမဆိုင်ကျနော့ကိုလာအရေးယူမယ်ဆိုရင်တော့ ဒီတိုင်းပြည်မှာ တရားဥပဒေစိုးမိုးရေးနဲ.ပတ်သက်လာရင် အာဏာပိုင်တွေရဲ.နည်းလမ်းမကျတဲ့ မူဝါဒတွေဘယ်လောက်အတိုင်းအတာထိဆက်ဖြစ်နေသလဲဆိုတာ ပေါ်လွင်မှာဖြစ်ပါတယ်။

မေး။ ။ ကိုဆွေဝင်းကို ဦးကိုနီအမှုကိစ္စနဲ့ပတ်သက်ပြီး အင်တာနက်ပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့်ဆဲဆိုခြိမ်းခြောက်တာတွေရှိတယ်။ ဒါတွေကိုရော ကိုဆွေဝင်းက အာဏာပိုင်တွေကို အကြောင်းကြားတာရှိလား။ ကုလားသတင်းထောက်ဘာညာဆိုပြီး ဆဲဆိုနေကြတာ။

ဖြေ။ ။ အာဏာပိုင်တွေလည်းအားလုံးသိနေကြားနေတာပဲ။ ဥပဒေစိုးမိုးရေးအတွက် ပါးစပ်ကသာပြောပြီး လက်တွေ.မလုပ်တဲ့ဒီလူတွေကို ကျနော့်အနေနဲ့ ဘာမှအကြောင်းကြား အကူအညီတောင်းစရာမရှိပါဘူး။ ကုလားသတင်းထောက်ဘာညာကတော့ ကျနော်ဂရုမစိုက်ပါဘူး။ ရခိုင်ပြည်နယ်အရေး၊ မိတ္ထီလာအရေးအခင်းတွေ ကျနော်သတင်းရေးတုန်းက ကျနော့်ကိုကုလားသတင်းထောက်ဆိုပြီးစွပ်စွဲတာတွေကြုံခဲ့ရတယ်။ အင်းဝအပ်ချုပ်ဆိုင်ကိစ္စရေးတော့ ဆိုင်ရှင်တွေကအစ္စလာမ်ဘာသာဝင်မို့လို့ အစွန်းရောက်ရခိုင်ဘာညာဆိုပြီး အချို.ကဆဲဆိုတာခံခဲ့ရတယ်။ ခုဦးကိုနီကိစ္စလည်း ကျနော့်ကို ကုလားသတင်းထောက်ဆိုပြီးထပ်ဆဲကြတယ်။ ဆဲချင်ဆဲကြပေါ့ဗျာ။ ကျနော်တို့ကတော့ ဖြစ်ပေါ်လာတဲ့ဖြစ်ရပ်တွေကို လူမျိုးစွဲ၊ ဘာသာစွဲ၊ နယ်နမိတ်စွဲမရှိဘဲ အမှန်ကိုအမှန်အတိုင်းရေးဖို့က ကျနော်တို့တာဝန်ပဲ။ ကျနော်တို့သတိထားတာက ကိုယ်ရေးတာက မှန်ကန်တိကျဖို့၊ ဓမ္မနည်းလမ်းကျဖို့၊ လောကလူသားအချင်းချင်းထားရမယ့် လောကပါလတရားတွေကိုအထောက်အကူပြုဖို့၊ လူကိုလူလိုမြင်ပြီး၊ လူကိုလူလိုစာနာဖို့ပဲ။

မေး။ ။ တစ်ခြားဘာများဖြည့်စွက်ပြောဆိုစရာရှိလဲ။

ဖြေ။ ။ အကယ်၍ကျနော်ဖမ်းခံရရင် ကျန်ရစ်ခဲ့တဲ့ဇနီးနဲ.သမီးငယ်ကို ကျနော့ကို နားလည်ဖို့တောင်းပန်ချင်ပါတယ်။ အဓမ္မ၀ါဒီတွေကို တိုက်ဖျက်ဖို့ ကျနော်တို့ ကိုယ်တွင်းသန္တာန်မှာရော၊ ကျနော်တို့ကျင်လည်နေတဲ့နေတဲ့ လူ့ဘောင်မှာရော ဓမ္မဖက်ကနေအမြဲထင်ထင်ရှားရှား၊ ကျယ်ကျယ်လောင်လောင်ရှိနေဖို့လိုအပ်လို့ပါ။

လွန်ခဲ့တဲ့ ၁၈ နှစ် ကျနော်အသက် ၂၀ အရွယ်မှာကျနော့်ကို ထောက်လှမ်းရေးတွေလာဖမ်းပြီး နိုင်ငံတော်အေးချမ်းသာယာစေမှုကို ပျက်ပြားစေတဲ့ဆိုတဲ့စွဲချက်နဲ့ ထောင် ၂၁ နဲ့ချခဲ့တယ်။ အဲဒီတုန်းကလည်း ကျနော်ဘယ်ကိုမှထွက်ပြေးခဲ့တာမဟုတ်ဘူး။ ခုလည်းထွက်ပြေးမှာမဟုတ်ဘူး။ အဓမ္မ၀ါဒီတွေကိုရင်ဆိုင်ဖို့အသင့်ပါပဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မဘသနဲ့ ၀ီရသူတို့က မြန်မာနောင်းသတင်းထောက် ကိုဆွေဝင်းကို တရားစွဲဟု ဆို

Comments are closed.