မောင်မိုးသူ

စာရေးဆရာလုပ်တော့မှာလား နှင့် ဘကြီးမိုး


စာရေးဆရာလုပ်တော့မှာလား နှင့် ဘကြီးမိုး 

(ကုမုဒြာဂျာနယ်၊ ရန်ကုန်) မိုးမခ၊ မတ် ၇၊ ၂၀၁၇

­ဘကြီးမိုးရဲ့ တစ်သက်လုံး၊ တစ်ဘဝလုံး စာရေးဆရာလုပ်ခဲ့တာ ဖြစ်ပါတယ်။ မှန်ပါတယ်။ ရုပ်ရှင်ရိုက်ဖူး၊ နိုင်ငံရေးလုပ်ဖူး၊ ပန်းချီဆွဲဖူးတာမှန်ပေမဲ့ အမြဲတမ်း ပင်တိုင်အလုပ်ကတော့ စာရေးတာပါပဲ။

စာရေးရာမှာ ငယ်ငယ်တုန်းက ကဗျာ ရေးခဲ့ပေမဲ့ ကြီးလာတော့ ဆောင်းပါးတွေနဲ့ ဘာသာပြန်တွေပဲ ရေးဖြစ်ပါတယ်။ ဘာသာပြန်ရာမှာလည်း ဆရာမြသန်းတင့်တို့ လို ဂန္ထဝင်တွေ ပြန်တာမဟုတ်ဘဲ ခေတ် ပေါ် အရောင်းရအတွင်ကျယ်ဆုံး best sellers တွေ ပြန်ဖြစ်တာ များပါတယ်။ အရောင်းရအတွင်ကျယ်ဆုံး စာအုပ်တွေ ပြန်ဆိုရာမှာလည်း တော်တော်များများက စပိုင်ဝတ္ထုတွေ၊ လျှို့ဝှက်သည်းဖိုဝတ္ထုတွေ ပြန်ဖြစ်တာ များပါတယ်။
စပိုင်ဝတ္ထုတွေ၊ လျှို့ဝှက်သည်းဖိုတွေဆိုတော့ ဇာတ်အိမ်ဇာတ်လမ်းကို အကွက်စေ့စေ့ဖော်ရတာတို့၊ ရေပက်မဝင် ပြောရ တာမျိုးတွေ လုပ်ရတာတွေ များပါတယ်။

ဘာသာပြန်ဝတ္ထုတွေထဲမှာ မြန်မာစပိုင်ဝတ္ထုရေးဆရာဖြစ်တဲ့ ဇော်ဇော်အောင်က ဆုံးသွားပြီး သူ့ရဲ့ စိုးအောင်၊ မြတ်သစ်တို့လည်း ပေါ်လာစရာ မရှိတော့ဘူးလေ။ သည်တော့ ဘကြီးမိုးပဲ ပင်တိုင်ဆရာကြီး ဖြစ်နေ ရေးနေရတာပေါ့။

ဒါပေမဲ့ ဒါပေမဲ့ပေါ့လေ။ မနေ့တစ်နေ့ က နိုင်ငံတော် ပြည်ထဲရေးဌာနက တာဝန်ရှိသူတွေဟာ မှုခင်းတစ်ခုနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်တယ်လေ။

ပြည်ထဲရေးဝန်ကြီးတွေရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုံးစံအတိုင်း မှုခင်းဖြစ်ပွားပုံကို စုံစမ်းရရှိတဲ့အချက်အလက်တွေနဲ့ တည်ဆောက်ဖော်ပြပြီး တယ်လီဖုန်း ဆက်သွယ်မှုတွေရော၊ လက်ဖက်ရည်ဆိုင် မှာ စကားပြောကြတာတွေရော၊ ပိုက်ဆံပေးပြီး လူသတ်မှုစေခိုင်းတာတွေရော အို တကယ်ပဲ စပိုင်ဝတ္ထု၊ လျှို့ဝှက်သည်းဖို ဝတ္ထုရေးတာ ကျနေတာပါကလား။

သည်တော့ ဘကြီးမိုးလို စပိုင်ဝတ္ထု ရေးတဲ့ စာရေးဆရာအရင့်မာကြီး၊ လျှို့ ဝှက်သည်းဖိုဝတ္ထုရေးသားရတဲ့ စာရေး ဆရာ အရင့်မာကြီးအတွက် “စိုးရိမ်ရေမှတ်” ရောက်လာတယ်လေ။ သည်လူတွေ သည်လူတွေဟာ သူတို့ရဲ့ ပြည်ထဲရေး တာဝန် ကြီးကြီးမားမားတွေ ထမ်းဆောင်နေရာက ဘကြီးမိုးရဲ့ ပင်တိုင်နယ်မြေဖြစ် တဲ့ စာရေးဆရာအလုပ် လုပ်တော့မှာလား လို့ စိုးရိမ်ပူပန်စိတ် ဖြစ်ရတယ်လေ။

မဖြစ်ခံနိုင်ရိုးလားဗျာ။ သက်ဆိုင်ရာ ပုဂ္ဂိုလ်ကြီးတွေက ဖြစ်ပျက်ခဲ့တဲ့ မှုခင်းကို၊ ဖြစ်ပွားခဲ့တဲ့ မှုခင်းအဖြစ်အပျက်ကို ပုံဖော်တည်ဆောက်တယ်။ ပြစ်မှုကျူးလွန်သူရဲ့ သေနတ်တွေ ဘယ်လို ဘယ်ပုံ ဘယ်နည်းရကြပုံ၊ အဲသည်သေနတ်တွေနဲ့ ဘာတွေ ဘယ်လို လုပ်ကြံပုံကအစ လျှို့ဝှက်သည်း ဖို ဇာတ်အိမ်ဇာတ်ကွက်ကို တကယ်ပဲ ကျကျနန တည်ဆောက်ပြတယ်ခင်ဗျ။ ရေပက်မဝင်ပါဘဲ ။ နားထောင်နေကြတဲ့ ပရိသတ် သတင်းဂျာနယ်တွေမှာ ကြားရ မြင်ရဖတ်ရတဲ့သူတွေ ယုံကြည်ကြနိုင်ပါ့ မလားဆိုသဟာတော့ စဉ်းစားပုံ တွက်ချက် ထားပုံမရဘူးခင်ဗျ။ ပြစ်မှုကျူးလွန်ပုံတွေကို ကိုယ့်အမြင် ကိုယ့်အထင်တွေ ရေပက် မဝင် ပြောတော့တာပဲခင်ဗျ။ စာနယ်ဇင်းသမားတွေနဲ့ အမေးအဖြေလုပ်ရာမှာ လည်း ဖြေဆိုသူများက လူကြီး၊ မေးမြန်း သူတွေက လူငယ်ညီငယ်များအဖြစ် ပြောဆို ဖြေကြားတာတွေကိုလည်း ကြားရ တယ် ခင်ဗျ။

စကားလုံးရွေးချယ်မှုလည်း ဂရုစိုက်ပုံ ရတယ်ခင်ဗျ။ လူငယ်ဘာသာဘာဝ လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး လူငယ်ဘာသာဘာဝဆိုတဲ့ ပင်စင်စားလူငယ်များရဲ့ စရိုက် ကိုလည်း ဖော်ပြထားတယ်ခင်ဗျ။ လူငယ် ဘာသာဘာဝဆိုတာ ဘကြီးမိုးတို့ စာရေးဆရာတွေရဲ့ ပင်တိုင်အသုံးခင်ဗျ။ “စိုင်း စိုင်း“ရဲ့ သီချင်းတွေထဲမှာ ရေးနေတဲ့ စကား လုံးမျိုးလေ။

အမှုတည်ဆောက်အပြီး ကောက်ချက်လည်း ဆွဲပြလေသေးတယ်ခင်ဗျ။ အစွန်းရောက် မျိုးချစ်စိတ်နဲ့ ပုဂ္ဂိုလ်ရေးမုန်းတီးမှုနဲ့ လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း စကားဝိုင်း အထောက်အထားတွေနဲ့ခင်ဗျ။ ကျူးလွန်သူကို ငှားရမ်းပုံတွေကလည်း လျှို့ ဝှက် သည်းဖိုဝတ္ထုတွေ၊ စပိုင်ဝတ္ထုတွေလိုပဲခင်ဗျ။ ပိုက်ဆံပေး၊ ကားပေး၊ သေနတ်ပေးပုံက ဟိုက် ရှာလပတ် သမိန်ပေါသွပ် ထောက်လှမ်းရေး လုပ်နေပုံကျနေတာပါကလား။

ဘယ်လိုပဲဖြစ်ဖြစ် သည်လူကြီးတွေရဲ့ လုပ်ပုံကိုင်ပုံ၊ ပြောပုံဆိုပုံ၊ မှုခင်းတည်  ဆောက်ပုံ၊ စကားလုံးရွေးချယ်ပုံ၊ ကောက်ချက်ဆွဲပုံတွေကို ကြည့်ပြီးစုံထောက် မောင် စံရှားရဲ့ မှုခင်းဝတ္ထုတွေနဲ့ကြီးလာတဲ့ဘကြီးမိုး၊ ကာတွန်း အောင်ရှိန်ရဲ့ ‘မှားတဲ့ အခါလည်း မှားပေမပေါ့” ဆိုတဲ့ စုံထောက်ကြီး ဦးရှံစားကိုပြေးပြေးပြီးသတိရမိတယ်ခင်ဗျ။

ဘကြီးမိုးကတော့ ဆရာကြီး ရွှေဥဒေါင်းရဲ့ စုံထောက်ဝတ္ထုတွေနဲ့ ကြီးပြင်းလာရသလို ဆရာအောင်ရှိန်ရဲ့ စုံထောက် ကြီး ဦးရှံစားကိုလည်း စွဲလမ်းခဲ့ရတာကိုး။

အဲ အဲသည် အဲသည် ဆရာကြီးတွေရဲ့ နည်းနိဿယတွေယူပြီး စုံထောက် စပိုင်ဝတ္ထုတွေကို ဆရာသော်တာဆွေ ရေးသလို ခါနာတစ်လုတ်အတွက် ဝါစာကမာ တစ်ပုဒ် ရေးထုတ်ရပါတယ် ဆိုသဟာမျိုး လုပ်နေရချိန်မှာ လူကြီးမင်း လူကြီးမင်းတွေက ဘကြီးမိုးရဲ့နယ်ထဲကိုဝင်ဝင်ပြီး“စာရေးဆရာလုပ်တော့မှာလား ”လို့ ။

နယ်မြေ အားလုံးအားလုံးမှာ အထူး အရာရှိဆိုပြီး ရောက်လာတတ်သလို ဘကြီးမိုးရဲ့ စာရေးဆရာနယ်ပယ်တွေမှာလည်း ဟဲ ဟဲ ဇာတ်လမ်းဇာတ်ကွက်တွေ ဆင်၊ ရေပက်မဝင်ရှင်းပြ၊ ဇာတ်အိမ်တွေ တည်ဆောက်ပြီး ကောက်ချက်ပါ ဆွဲပြနေ လေတော့ စိုးရိမ်ပူပန်မှုဖြစ်ရတယ်ခင်ဗျ။

စာရေးဆရာ လုပ်တော့မှာလားနှင့် ဘကြီးမိုးပါ။

ဘကြီးမိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts