International News

217 votes needed to reopen US Government

အမေရိကန်အစိုးရ ရပ်ဆိုင်းမှု အောက်လွှတ်တော်မဲ ၂၁၇နဲ့ ကျော်လွှားနိုင်ဟု သတင်းများကဆို
မိုးမခသတင်းကောက်နုတ်ချက်၊ အောက်တိုဘာ ၈၊ ၂၀၁၃
သီတင်း ၁ပတ်ကြာမြင့်နေပြီဖြစ်တဲ့ အစိုးရဘတ်ဂျက်ချမပေးတဲ့ လွှတ်တော်နဲ့အစိုးရ အကြပ်အတည်းကြောင့် အမေရိကန်အစိုးရလုပ်ငန်းတွေ တစိတ်တပိုင်း ရပ်ဆိုင်းထားမှုကနေ ကျော်လွှားနိုင်ဖို့ အောက်လွှတ်တော်မှာ သာမန်အများစုမဲ ၂၁၇ မဲ လိုအပ်နေတယ်လို့ ဆိုပါတယ်။ ဒီမိုကရက်အမတ်အများစု (၂၀၀) နဲ့ ရီပတ်ဘလစ်ကန်အမတ်ထဲက ပျော့ပြောင်းသူ ၂၀ နီးပါးရရင် အစိုးရဘတ်ဂျက် ချပေးနိုင်ပြီ၊ အစိုးရ ပြန်လည်ပတ်နိုင်ပြီလို့ အကဲခတ်တွေက ပြောပါတယ်။ ပါတီခေါင်းဆောင်တွေက ဒါကို ညှိနှိုင်းနေဆဲလို့ သိရပါတယ်။
ဒါပေမယ့် အိုဘားမား ကျန်းမာရေးဥပဒေကို ဘတ်ဂျက်အရေးနဲ့ တွဲပြီး ပြန်ပေးဆွဲထားတဲ့ ရီပတ်ဘလစ်ကန်အမတ် ခေါင်းမာသူ အုပ်စုတစုကြောင့် ရီပတ်ဘလစ်ကန်ပါတီ ခေါင်းဆောင်တွေမှာ ပါတီတွင်းအကြပ်အတည်း ဖြစ်နေပါတယ်။ တကယ်တန်းကတော့ ခေါင်းမာသူ အမတ်က ၃၀ လောက် ရှိပါတယ်။ သူတို့ကိုယ်တိုင်ကလည်း ကျန်တဲ့အမတ်တွေကို အလျော့ပေးစေ့စပ်မှုတွေ လုပ်မလာအောင် ပါတီတွင်း အကြပ်ကိုင်ထားတယ်လို့ သတင်းတွေကနေ ရေးနေကြပါတယ်။ အောက်လွှတ်တော်ရဲ့ လူများစုခေါင်းဆောင်၊ ပြောခွင့်ရ “ဂျွန်ဘေနာ”ကိုယ်တိုင်ကလည်း အိုဘားမားနဲ့ ဒီမိုကရက်တွေဘက်က စေ့စပ်ဖို့ စိတ်မပါလို့ တင်းမာနေလို့ ညှိနှိုင်းခွင့်မရဘူးလို့ ပြန်ပြစ်တင်ပါတယ်။ ရီပတ်ဘလစ်ကန်တွေ လိုချင်တာက ကျန်းမာရေးစောင့်ရှောက်မှုဥပဒေသစ်ကို ဘတ်ဂျက်ထဲက ထုတ်ပစ်ဖို့၊ ရပ်ဆိုင်းဖို့က အဓိကဖြစ်နေတယ်၊ ဒါမရရင် အစိုးရလည်း ပိတ်၊ ဘတ်ဂျက်လည်း ချမပေးဘူးဆိုတာပဲ ထပ်တလဲလဲ ပြောနေကြပါတယ်။
အစိုးရ တစိတ်တပိုင်း ရပ်ဆိုင်းထားချိန်မှာ အမေရိကန်စစ်တပ်နဲ့ ထောက်လှမ်းရေးက လစ်ဗျားနဲ့ ဆိုမာလီနိုင်ငံက အကြမ်းဖက်သမားတွေကို လွန်ခဲ့တဲ့ ၂ ရက်က လျပ်တပြက်စစ်ဆင်ပြီး အကြမ်းဖက်သမား ခေါင်းဆောင်ကို လုပ်ကြံဖို့ သို့မဟုတ် ဖမ်းဆီးဖို့ ကြိုးစားခဲ့ကြပါတယ်။ လစ်ဗျားက အယ်ကိုင်ဒါအကြမ်းဖက်ခေါင်းဆောင်တဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ပေမယ့် ဆိုမာလီစီးနင်းမှုမှာတော့ အယ်လ်ရှာဘတ်အကြမ်းဖက်အုပ်စုက ပြန်ခုခံလို့ ဆုတ်ခွာခဲ့ရတယ်လို့ သတင်းများက ဆိုပါတယ်။ အိုဘားမာကိုယ်တိုင် သွားရောက်ဖို့ ပြင်ဆင်ထားတဲ့ အာရှနိုင်ငံများရဲ့ ထိပ်သီးအစည်းအဝေးတွေကို ဒီတပတ်မှာ သမ္မတကိုယ်စား နိုင်ငံခြားရေးအတွင်းဝန် ကယ်ရီကိုလည်း သွားရောက်စေခဲ့ရတာဟာ အစိုးရရပ်ဆိုင်းနေမှုကြောင့်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။ အမေရိကန်မီဒီယာကတော့ အစိုးရကော လွှတ်တော်တွေကိုပါ ပြစ်တင် ဝေဖန်နေကြပြီး တိုင်းပြည်အရေးထက် ပါတီအရေးကို ဦးစားပေးပြီး နိုင်ငံရေးကစားနေတဲ့အတွက် လူထုထောက်ခံမှု၊ ယုံကြည်မှုသာမက နိုင်ငံတကာဆီက လေးစားမှုတွေပါ ဆုံးရှုံးစေတယ်လို့ ကောက်ချက်ဆွဲကြပါတယ်။
အစိုးရရပ်ဆိုင်းထားချိန်မှာ စိတ္တဇဖြစ်နေသူ အမျိုးသမီးတဦးက အိမ်ဖြူတော်ကို ကားနဲ့ အတင်းဝင်ရောက်ဖို့ ကြိုးစားခဲ့လို့ ရဲတွေက ပစ်ခတ်ဖမ်းဆီးရာမှာ သေဆုံးခဲ့ရပါတယ်။ နောက်တရက်မှာပဲ အမျိုးသားတဦးက မြို့တော်ရင်ပြင် (The Mall) မှာ ကိုယ့်ကိုယ်ကို ဓာတ်ဆီလောင်း မီးရှို့ခဲ့ပါတယ်။ အင်တာနက်ကနေ အစိုးရနဲ့ စီးပွားရေးဝက်ဆိုက်တွေကို ချိန်းခြောက်တိုက်ခိုက်မှုတွေ တိုးမြှင့်လာနေတယ်လို့ အစိုးရထောက်လှမ်းရေးက သတိပေးပြောဆိုခဲ့ပါတယ်။
အစိုးရနဲ့ လွှတ်တော်ကြား သဘောတူညီမှု စေ့စပ်မှုမရနိုင်ရင် ဘယ်သူတွေက ကြားဝင်နိုင်မှာလဲ။ တရားစီရင်ရေးမဏ္ဍိုင်ဖြစ်တဲ့ ဗဟိုတရားရုံးချုပ်က တရားသူကြီးတွေလား၊ ပြည်နယ် ၅၀ရဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေလား၊ မဲဆန္ဒရှင် ပြည်သူတွေပဲလား၊ ၀ါရှင်တန်အခြေစိုက် နိုင်ငံရေးမူဝါဒတွေ လမ်းညွှန်မှုတွေ ပေးနေ၊ ၀ါဒဖြန့်နေတဲ့ ကင်ပိန်းသမားတွေ၊ လုပ်ငန်းရှင်ကြီးတွေ၊ သြဇာကိထ္ထိရှိသူတွေလား ဆိုတာကို ပရိသတ်က စောင့်ကြည့်နေကြပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts