လူများ၊ ရုပ်ပုံလွှာများ လှကျော်ဇော မောင်စွမ်းရည်

“စစ်မုန်းသူ – ပြည်ချစ်သားရယ်”ဆိုတဲ့ ဆရာစွမ်းနဲ့ ကျွန်မတို့သားအဖ

“စစ်မုန်းသူ – ပြည်ချစ်သားရယ်”ဆိုတဲ့ ဆရာစွမ်းနဲ့ ကျွန်မတို့သားအဖ

 (၂၀၁၇-ဖေဖော်ဝါရီလမှာ အသက်(၈၀)ပြည့်မယ့် ဆရာကြီး-မောင်စွမ်းရည်-သို့ ဂါရဝပြုခြင်း။)
(မိုးမခ) ဖေဖော်ဝါရီ ၂၀၊ ၂၀၁၇

 

“စစ်မုန်းသူ-ပြည်ချစ်သားရယ်-တဲ့လား။ လှလိုက်တဲ့စကားလုံးလေးတွေပဲ-သမီးရယ်။ ဖေဖေကြိုက်လိုက်တာ” တဲ့။ ဆရာစွမ်းက ဖေဖေ ကို ရည်စူးပြီး ကဗျာတွေစပ်ရာမှာ နောင်တစ်ခေတ် ဒေါင်းဖတ်စာမှာသုံးဖို့ဆိုပြီး၊ ၂၀၀၇ခုနှစ် မတ်လ(၂၇) ဖက်ဆစ်ဂျပန် တော်လှန် ရေးနေ့ အထိမ်းအမှတ် အဖြစ်“ဗိုလ်ချုပ်ကျော်ဇော” ဆိုတဲ့ခေါင်းစီးနဲ့ ကဗျာတပုဒ်လည်းပါဝင်ခဲ့ပါတယ်။ အဲဒီကဗျာဖေဖေကို ဖတ်ပြတော့ ကဗျာထဲပါတဲ့ အထက်ပါ စာသားလေးကို ဖေဖေကကြိုက်လှချည့်-ဖြစ်သွားပါတယ်။

• • • •• •

တခါ  ဆရာရဲ့-‘တင်မိုးရဲ့နောက်ဆုံးဆန္ဒ’ဆိုတဲ့ကဗျာ ၂၀၁၁ မိုးမခမှာပါလာပြန်တော့ ကျွန်မက ဖေဖေကို ဖတ်ပြမိပါတယ်။ အဲဒီကဗျာထဲ က–

“ ‘ဇော’မသေခင်- ငါဖူးချင်တယ်။ နင်နဲ့ငါတို့ သွားရအောင်” ဆိုတဲ့အပိုဒ်ရောက်တော့ ဖေဖေ မျက်ရည်တွေကျလာပါတယ်။

• • • • ••

 

တကယ်တော့-ဆရာက ဖေဖေ့အကြောင်းကဗျာတွေ အတော်များများ ရေးဖူးပါတယ်။ ဖေဖေမွေးနေ့တွေမှာဖြစ်ဖြစ် အထိမ်းအမှတ် ရက်တွေ မှာဖြစ်ဖြစ် ရေးတတ်ပါတယ်။ ဖေဖေကွယ်လွန်တာ(၁)နှစ်ပြည့် (၂၀၁၃)အထိမ်းအမှတ်အဖြစ်ထုတ်ဝေခဲ့တဲ့ ‘သူတို့ရင်ထဲကဗိုလ်ကျော်ဇော’ စာအုပ်မှာ ဆိုရင်-ဆရာရဲ့ ကဗျာ(၅)ပုဒ်နဲ့ ဆောင်းပါး(၂)ပုဒ်ပါပါတယ်။ အဲဒီဆောင်းပါး(၂)ပုဒ်လုံးဟာ ဖေဖေကွယ်လွန်ပြီးမှ ရေးတာတွေပါ။ တပုဒ်က–ဗွီ-အို-အေ သက်ကြီးစကားအခန်းမှာ ဖတ်ခဲ့တဲ့ ဆောင်းပါးဖြစ်ပြီး နောက်တပုဒ် ကတော့ ဖေဖေစာအုပ်အတွက် အမှတ်တရရေးပေးတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ အဲဒီအမှတ်တရ ဆောင်းပါးထဲမှာ- ကျွန်မ အထူး သတိပြုလိုက်တဲ့ အချက်တွေရှိပါတယ်။ ဆရာရဲ့ဖေဖေ့အပေါ် ထူးခြားတဲ့ အကဲဖြတ်မှု များပါ။ အဲဒီအချက်တွေကနေ ကျွန်မ ဆက်စဉ်းစား မိတာတွေ ရှိပါတယ်။

၁။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖေဖေအကြားဆက်ဆံရေး တကယ်တော့-ရဲဘော်သုံးကျိပ်ဝင်တွေထဲမှာ ဖေဖေဟာ အသက်အငယ်ဆုံးတွေထဲမှာ ပါပါတယ်။ ပါသွားတုန်းကလည်း သာမန် ကျောင်းသားလေး–တက်ကြွလှုပ်ရှားသူ အဆင့်လောက်ကလေးပါ။ ဖေဖေတို့ဂျပန်(ဟိုင်နန်)မှာ စစ်ပညာတွေသင်နေရစဉ်က ဗိုလ်ချုပ်ကပြောစရာဆိုစရာတွေရှိရင် ဖေဖေတို့ အငယ်အုပ်ကို သူ့ကိုယ်စား ဗိုလ်ရန်နိုင် (ရန်ကုန်တက္ကသိုလ်သမဂ္ဂမှကိုထွန်းရှိန်)ကို အပြောခိုင်းတတ်ကြောင်း- ဖေဖေရေးထားတာတွေ တွေ့ဖူးပါတယ်။ သဘောကတော့ ဖေဖေ နဲ့ ဗိုလ်ချုပ်အကြားမှာ အဆင့်အရ အလွန်ကွာခြားတာကို တွေ့နိုင်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းပြန်ရောက်ပြီး တိုင်းပြည်တွင်း အရေးကြီးအကြောင်းတွေပေါ်တိုင်း ဗိုလ်ချုပ်ဟာ ဖေဖေကိုခေါ် တာဝန်ပေးလေ့ရှိတတ်တာ-ကိုဆရာစွမ်း ကထောက်ပြ ထားပါတယ်။

 

ဟုတ်ပါရဲ့။ ကျွန်မလည်းအဲဒီတော့မှ သတိထားမိတယ်။ ဆရာစွမ်းထောက်ပြတဲ့ ဖေဖေကို ဗိုလ်ချုပ်က စစ်သင်တန်း ကျောင်းတွေဖွင့်ခိုင်းတဲ့ကိစ္စ၊ ၁၉၄၄ ဖတပလဖွဲ့ဖို့ သခင်စိုးကို ခေါ်ခိုင်းပြီး ဖေဖေ့ ပဲခူးအိမ်မှာပဲ တွေ့ဆုံတဲ့ကိစ္စ၊ ၁၉၄၅-ကန္ဒီစာချုပ် ချုပ်ဖို့ (အနာဂတ်-တပ်မတော် တည် ဆောက် ရေးအတွက်) အသွားခေါ်သွားတဲ့ကိစ္စတွေအပြင် တခြားကိစ္စတွေလည်း ရှိပါသေးတယ်။

 

ဖေဖေစစ်သင်တန်းစပေးရတာဟာ-(၁၉၄၁-ဒီဇင်ဘာ) ဘီ-အိုင်-အေ စဖွဲ့ပြီးပြီးချင်း ယိုးဒယား (ထိုင်း)မှာ စုစည်းရရှိတဲ့- စစ်သားသစ် (ထိုင်း ရောက် ထိုင်းဗမာ မျိုးဆက်တွေ-ထိုင်းရှမ်း) တွေပါ။ ဖေဖေက ဟိုင်နန်ကျွန်းမှာ စစ်ပညာတွေ သင်ရစဉ်ကတည်းက(၁၉၄၁-မေလ) တောက်လျှောက် နေ့စဉ်မှတ်တမ်း ရေးခဲ့ သူဖြစ်ပါတယ်။ အဓိကကတော့ ဗမာပြည်ပြန်ရောက်ရင် လူ-သူစုဆောင်းပြီး တပ်ဖွဲ့ဖို့-ပြန်သင်တန်းပေးဖို့ဆိုပြီး-သင်တန်း အကြောင်း အရာတွေ အသေးစိတ်ရေးထားတာပါ။ တခြားနေထိုင်စားသောက်ရေးတွေ-ဂျပန်တွေနဲ့ ဆက်ဆံရေး အဖြစ်အပျက်တွေလည်း ရောပါနေ လို့-အဲဒီဖေဖေရဲ့ နေ့စဉ်မှတ်တမ်းလေးဟာ သမိုင်းအရ အင်မတန်အဖိုးတန်ပြီး အခုတပ်မတော်မော်ကွန်းရုံးမှာ ရှိနေပါတယ်။ အဲဒီ မှတ်တမ်းကျေးဇူးကြောင့်ပဲ ဖေဖေက စစ်သင်တန်းတွေကို စနစ်တကျသင်ပေးနိုင်ခဲ့တာပါ။

 

ရဲဘော်သုံးကျိပ်ဝင်ထဲမှာလည်း နေ့စဉ်မှတ်တမ်းရေးသူက ဖေဖေတယောက်တည်းပဲ ရှိခဲ့ပါတယ်။ ဖေဖေတို့-ဘီ-အိုင်-အေ တပ်ကြီး ရန်ကုန်ပြန်ရောက်တာနဲ့ ဗိုလ်ချုပ်အောင်ဆန်းက တပ်ကိုပြန်လည်ဖွဲ့စည်းပြီး ဂျပန်တပ်နဲ့အတူ အထက်ဗမာပြည်ကို ဆုတ်ခွာ ထွက်ပြေးတဲ့ အင်္ဂလိပ်တပ်များကို လိုက်တိုက်ကြပါတယ်။ ရန်ကုန်မှာ ဖေဖေ့ကို အောက်ဗမာပြည်တာဝန်ခံအဖြစ် တာဝန်ပေးခဲ့ပြီး ဗိုလ်သင်တန်းကျောင်း ဖွင့်ဖို့ လည်း တာဝန်ပေးခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်တည်ဆောက်ရေးအတွက် အတော်ဂရုစိုက်လုပ်ဆောင်ခဲ့ရာမှာ ဖေဖေကို အလွန်အားထားခဲ့တာ တွေ့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက“စံပြတပ်ရင်း”ကို တည်ထောင်ပြီးဖေဖေကို ကိုင်စေခဲ့ပါတယ်။ တပ်ရင်းအသီးသီးက-အလား အလာကောင်းတဲ့ အရာရှိ-အကြပ်(၂၀) စီ ပို့လွှတ်ရပြီး စစ်ပညာ(၆)လ သင်ရပါတယ်။ သင်တန်းဆင်းပြီး ကိုယ့်တပ်ကိုယ်ပြန် တည်ဆောက်ဖို့ဖြစ်ပါတယ်။ ဗိုလ်ချုပ်က ဖေဖေ့ကို-မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းအုပ်ပေးဖို့ ပြင်ဆင်ခဲ့ပေမယ့်-သခင်စိုးက (ဗိုလ် ကျော်ဇောက သိပ်စစ်သားစိတ်ကြီးတယ်-ဆိုတဲ့အကြောင်းပြချက်နဲ့) ကန့်ကွက်ခဲ့လို့-(အဲဒီကာလက ဂျပန်တော်လှန်ရေးအတွက် မြေအောက်လှုပ်ရှားမှုတွေကို အပြင်းအထန် လုပ်နေရချိန်ပါ။) ကျောင်းအုပ်မဖြစ်ခဲ့ရပေမဲ့- ထပ်အသစ်ဖွဲ့တဲ့ တပ်ရင်းများရဲ့ စစ်ပညာ သင်ကြားရေးအတွက် ဖေဖေပဲ တာဝန်ယူခဲ့ရပါတယ်။ ဒါတွေကို ကြည့်ရင်-အစောပိုင်း ဗမာ့တပ်မတော် တည်ဆောက်ရေးတွေမှာ ဖေဖေကို ဗိုလ်ချုပ်က ဘယ်လိုအားထားပြီး ဘယ်လိုတာဝန်တွေ ပေးခဲ့တယ် ဆိုတာတွေ တွေ့နိုင်ပါတယ်။
၂။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ လက်ရုံးတဆူဖြစ်လာခြင်း ဆရာစွမ်းရဲ့ဖေဖေ့အကြောင်းဆောင်းပါးမှာ ကျွန်မသတိထားမိတဲ့ နောက်တချက်ကတော့ ၁၉၅၇မှာ ဖေဖေစစ်တပ်က အထုတ် ခံ လိုက်ရပေမဲ့ “ပတ္တမြားမှန်ရင်-ညွန်မှာနစ်စေတော့ မညစ်တဲ့အရောင် တိုးလို့သာပြောင်”ဆိုသလို ဖေဖေဟာ ‘ဆရာကြီး သခင် ကိုယ်တော်မှိုင်းရဲ့လက်ရုံးတစ်ဆူ’ အဖြစ် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကိစ္စတွေကို ဆောင်ရွက်ရင်း ပြည်သူတွေ အကြား ပြည်တွင်းငြိမ်းချမ်း ရေးလှုပ်ရှားမှု ခေါင်းဆောင် စစ်သားကြီးအဖြစ် ပိုမိုတောက်ပြောင်ထင်ရှားလာတယ်….ဆိုတဲ့အချက်ပါ။

 

ဒါကို ကျွန်မ စိတ်ဝင်စားမိတဲ့အကြောင်းက ရှိပါတယ်။ ဖေဖေပင်စင်ယူရပြီး ကျွန်မတို့မိသားစု စမ်းချောင်းမှာ ပြောင်းလာပြီးနောက် ဖေဖေဆီကြုံရင်ကြုံသလိုဝင်လာ လည်ပတ် သူတွေ ရှိပါတယ်။ တပ်ထဲကစောစောက ထွက်သွားကြသူတွေ၊ ရဲဘော်ဟောင်းတွေစသဖြင့် လက်ရှိ တပ်နဲ့ မဆိုင်ကြတော့တဲ့သူများပေါ့။ အဲဒီလူတွေပဲ လာရဲတာပါ။ (အဲဒီလူမျိုးတွေပဲ နောက်ပိုင်း ဖေဖေရဲ့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့တို့ နယ်ချဲ့နဲ့ တရုတ်ဖြူကျူးကျော်မှု ဆန့်ကျင်ရေးအဖွဲ့တို့မှာ တတပ်တအား ပါဝင်လာခဲ့ကြပါတယ်။) ၁၉၄၉-အင်းစိန်တိုက်ပွဲတွင်း တက္ကသိုလ်ပညာတပိုင်းတစနဲ့ တပ်ထဲဝင်လာကြပြီး-နောက်ပိုင်းမိဖ လက်ငုတ်လက်ရင်း စီးပွား ရေးလုပ်ဖို့ တပ်က ထွက်သွားသူတွေထဲက တချို့သူတွေ အဲသလိုလာလည်တတ်ပါတယ်။

 

တနေ့တော့-အဲဒီလို လူဟောင်းတဦး လာ လည်ပါတယ်။ သူကနယ်မှာ နေသူဖြစ်တော့ ရန်ကုန်ရောက်ရင် တော်လှန်ရေးကောင်စီခေတ် မဆလခေတ်များမှာ ကြီးကြီးမာစတာ ဖြစ်ကုန်နေကြတဲ့ မိတ်ဟောင်းဆွေဟောင်း စစ်ဗိုလ်တွေဆီ ဝင်လယ်တတ်ပါတယ်။ သူမို့လာရင်-သတင်းစုံကြားရတတ်ပါတယ်။

 

အဲတနေ့တော့ သူက ဖေဖေကို–“ဗိုလ်ချုပ်ရေ၊ ကျွန်တော် ဒီနေ့တော့ ဗိုလ်ချုပ်အောင်ကြီးဆိုင်ရောက်ခဲ့တယ်။ ဗိုလ်(—)ခေါ်သွားလို့လေ။ အောင်ကြီးကိတ် ဆိုတာစားခဲ့ရတယ်။ နံမည်ကြီးလည်းကြီး လောက်ပါတယ်။ တကယ်ကောင်းကိုး” တဲ့။ ပြီးတော့သူကပဲ-“အဲဒီဆိုင်မှာ ဗိုလ်အောင်ကြီးကိုယ်တိုင်ဦးစီးပြီး စားပွဲထိုးစရာရှိ စားပွဲဝင်ထိုး–မုန့်ဖုတ်စရာရှိမုန့်ဝင်ဖုတ်-ပလာတာနယ်စရာရှိပလာတာဝင်နယ်နဲ့–တကယ့်ကိုဘက်စုံရတဲ့ လက်ဖက်ရည်ဆိုင် အလုပ်သမားကြီးတယောက်လို လုပ်ကိုင်နေတာ”— စတာတွေဆက်ပြောပြပါတယ်။ ပြီးတော့သူက“ကျွန်တော့်ခေါ်သွားတဲ့- ဗိုလ်(—)က ဗိုလ်ချုပ်အောင်ကြီးတယောက် အဲသလို- အလုပ်တွေလုပ်နေတာမြင်တော့–ဪ-သံဝေဂရစရာကောင်းလိုက်တာကွာ။ ကာလဝိဘက်နောက်ပိုးတက်ဆိုတာ-ဒါမျိုးကိုခေါ် တာနေမှာ လို့ဆိုတယ်။

 

“ဆိုစမ်းပါအုံး-အပြည့်အစုံလေး”လို့ ဆက်မေးတော့-သူက ဇာတ်စုံပြောပြပါတယ်။ အဲဒီ ဗိုလ်(–)ပြောပြတဲ့ အကြောင်းအရာတွေ ကိုပြန်ပြောပြတာပါ။ “ဗိုလ်ချုပ်ကျော်ဇောတပ်က ထွက်တော့- သတင်းစာတွေ- ဂျာနယ်တွေကလည်း ဗိုလ်ချုပ်ကျော်ဇော ဘယ်လောက်တော်ကြောင်း ဘယ်လောက် ရိုးသားကြောင်း အောက်ခြေစစ်သားတွေအပေါ် ဘယ်လောက် ကောင်းကြောင်း–စတဲ့အကြောင်းတွေပဲ အမျိုးမျိုး အဖုံဖုံရေးကြ၊ သားကြ-တပ်တွင်းမှာလည်း ဒါတွေပဲ တီးတိုးတီးတိုး သဖန်းပိုးတွေ များနေတာပေါ့ကွာ။ တပ်ထဲမှာဘယ်သူမှတော့ ကျယ်ကျယ်လောင်လောင်တော့ မလုပ်ရဲကြပါဘူး။ တပ်ထားတဲ့ပုဒ်မကလည်း ကြောက်စရာ။ ကွန်မြူနစ်နဲ့ဆက်တဲ့-ပုဒ်မ- ဆိုတော့ တုတ်ဆက်မှာ ကြောက်ရသေးတာကိုး။ ဒါပေမဲ့ ဘယ်သူမှမကျေလည်ဘူး။ မတရားခံရတယ်ဆိုပြီး မကျေနပ်ကြတာ။

 

ဒါကို ဗိုလ်ချုပ် အောင်ကြီးတို့အုပ်က အတော်မခံမရပ်နိုင်ဖြစ်နေကြတာ။ တနေ့ တော့-တပ်မှူးများအစည်းအဝေးကြီးတခုအပြီး လူစုမကွဲခင်လေးမှာ-ဘယ်လိုကဘယ်လို အကြောင်းအရာ ဆက်စပ်သွားလဲမသိဘူး။ ဗိုလ်ချုပ် အောင်ကြီးက -ဖြစ်နေလိုက်ကြတာ။ ဗိုလ်ကျော်ဇော-ဗိုလ်ကျော်ဇောနဲ့။ မင်းတို့ကြည့်ထားကြ။ ငါပြောလိုက်မယ်။ နောက်(၆)လ- (၁)နှစ်လောက် ကြာရင်- ဒီလူက-‘လမ်းဘေး ရောက်သွားမယ့်လူကွ’ လို့ကို ဒေါကြီးမောကြီးနဲ့ ပြောချလိုက်တာဗျာ။ အံ့ရော။ ပြောရက်လိုက်တာများ။ အဲဒီတုန်းက သူက-VCGS (ဒုကာကွယ် ရေးဦးစီးချုပ်)ဖြစ်စလေ။ အခုတော့သူက-ဒီဘ၀ရောက်နေရရှာပြီ”လို့ပြောပြီး အတော်ကိုတရားကျနေတာပဲ–တဲ့။ (ဒါတောင် နောက်ပိုင်းစမူဆာ ဗိုလ်အောင်ကြီးအခေါ်ခံရတာတို့-နဝတ-နအဖခေတ်တွေမှာ ဘဲဥမှုနဲ့ ထောင်ကျရတဲ့အဖြစ်တွေ မကြုံရသေးဘူး။)

 

ဒါတွေကတော့-ကျွန်မက ဆရာစွမ်းရဲ့ဖေဖေ့ဆောင်းပါးဖတ်အပြီး ဆက်တွေးမိတဲ့ အကြောင်းအရာတွေပါ။ အဲဒီဆောင်းပါးရရှိကြောင်း ကျေးဇူးတင်ကြောင်း ကျွန်မက ဆရာဆီ ဖုန်းနဲ့ဆက်စကားပြောရင်း ကျွန်မ ဆက်စပ်စဉ်းစားမိတဲ့ အကြောင်းအရာတွေ (အထက်ပါများ) ကိုပြောပြမိပါတယ်။ ဒီတော့ဆရာက –“နောင်ကြုံရင်-အဲဒါတွေရေးဦးဗျာ” လို့တိုက်တွန်းဖူး ပါတယ်။ ဟုတ်ကဲ့ – လို့ ကတိပေးလိုက်မိလို့ အခု အခါအခွင့်သင့်လာတော့ ဆရာ့ အသက် ၈၀ မွေးနေ့မှာ အမှတ်တရ ပြန်ရေးလိုက်ရပါတော့တယ်။

 

ဆရာရေ။ ဆရာ့ညီ ကိုကျော်ဆွေ(ကျွန်မတို့အခေါ်-ရဲဘော်သိန်းဝင်း)က -၂၀၁၇-ဖေဖော်ဝါရီမှာ-ကျွန်တော့်အစ်ကို အသက် (၈၀) ပြည့်မယ်။ အဲဒါ အဝေးရောက်မိသားစုဝင်များ-နိုင်ငံရေးနယ်ပယ်-စာပေနယ်က ညီအစ်ကို မောင်နှစ်မများက-မွေးနေ့ အမှတ်တရ အဖြစ် “ကျွန်တော်တို့ရေးနိုင်သူများက ရေးပေးမယ့် စာ၊ ကဗျာတို့နဲ့ အစ်ကို့စာတချို့ စုစည်းပြီး အမှတ်တရ စာအုပ်လေး ထုတ်ချင် တယ်”လို့ လှုံ့ဆော်လာပါတယ်။

 

ကျွန်မတို့တတွေနဲ့ သူနဲ့က အနှစ် ၄၀ လောက် အတူနေ၊ အတူစား၊ အတူအလုပ်လုပ်ကြ၊ ပြောဆို ရေးသားကြ၊ ငြင်းခုန်ကြနဲ့ လုပ်လာခဲ့သူလေ။ ပြီးတော့ ကျွန်မကလည်း မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တယောက်ဆိုတော့ အသက် အရွယ်ဝါကြီးသူများကို ဂါရဝတရားထားခြင်းဟာ မင်္ဂလာတပါးလို့ ခံယူပါတယ်။ ဒါကြောင့် ဆရာ့ အသက် ၈၀ ပြည့်မွေးနေ့ အတွက် ဂါရဝပြု စာတမ်းတစောင်ရေးပါတယ်။ ရေးရင်းရေးရင်းက ဖေဖေ့အကြောင်း များသွားပါတော့တယ်။

 

ကိုကျော်ဆွေကို အကျိုးအကြောင်း ပြောပြပြီးတောင်းပန်တော့-သူက-“အို-အစ်ကိုကလည်းကြိုက်မှာပါ။ ရေးချင်တာသာ ရေးပါဗျာ၊ မွေးနေ့မှာ ရေးတော့ ပိုအမှတ်တရ ဖြစ်တာပေါ့”-လို့ပြောပါတယ်။ ဆရာကိုယ်တိုင်လည်း ကျွန်မကိုနားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

 

ဆရာရဲ့“စာအုပ်ဝေဖန်ချက် တစောင်မှာ (ရဲဘော်(၃) ကျိပ်ဝင် တချို့ရဲ့သမီးများက ဖခင်များအကြောင်းရေးသားထားတဲ့ စာအုပ်များအကြောင်းဝေဖန်ချက်)- “အဲဒီထဲမှာ လှကျော်ဇောက ကံ အကောင်းဆုံး။ အသက်အရှည်ကြီးနေရတဲ့ ဖခင်ကြီးနဲ့ မခွဲမခွာနေခဲ့ရတယ်”လို့ဆရာက ဆိုထားပါတယ်။ ဟုတ်ပါတယ်။ ကျွန်မက ဖေဖေနဲ့ အကြာကြီး အတူတူ နေထိုင်ရရုံမက- နောက်ပိုင်းဖေဖေရေးသားသမျှ စာစောင်စာတမ်းတွေ(ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိအပါ) အတွက်ပြင်ဆင်ရာမှာရော ဖေဖေက သတင်းမီဒီယာ အမျိုးမျိုးနဲ့ပြုလုပ်တဲ့တွေ့ဆုံမေးမြန်းခန်းများအတွက် ပြင်ဆင်ရာမှာရော-ကျွန်မက ကူညီလုပ်ဆောင်ပေးခဲ့ရတာဖြစ်တော့ ဒီ သမိုင်းဝင် ဖြစ်ရပ်တွေပဲဖြစ်ဖြစ်၊ အဲဒီအပေါ် ဖေဖေရဲ့သုံးသပ်ချက်များပဲဖြစ်ဖြစ် ကျွန်မက ရင်းနှီးကျွမ်းဝင်နေပါတယ်။ ဒါ့ကြောင့် ကျွန်မက ဘာအကြောင်းပဲရေးရေး-ပြောပြော- ဖေဖေအကြောင်းက ဆက်စပ်ပါဝင် နေပါ တော့ တယ်။ ဒါကြောင့်ပါဆရာရယ်။ ခွင့်လွှတ်ပါ။

 

ဒါအပြင် ပြည်သူ့ကဗျာဆရာ၊ ဝေဖန်ရေးဆရာတယောက်ဖြစ်တဲ့ ဆရာ့ကို ဂါရ၀ပြုဖို့ ကျွန်မမှာ ဆရာ့စာပေနဲ့ပတ်သက်လို့ လုံလုံလောက်လောက် ထိတွေ့ဖို့ အခွင့်မသာခဲ့ပါဘူး။ ကဗျာအကြောင်းလည်း နားမလည်၊ ဆရာက စာပေဝေဖန် ရေးဆရာအဖြစ် လျှမ်းလျှမ်းတောက်လာချိန်မှာလည်း ကျွန်မတို့က တောထဲရောက်နေပြန်လို့ ဆရာ့စာပေ တွေနဲ့လည်း မနီးစပ်ခဲ့ပြန်ပါဘူး။  (ခုတော့ မိုးမခ ဝက်ဆိုဘ်ကတဆင့် ဆရာ့စာများနဲ့ ထိတွေ့ခွင့်ရနေပါပြီ)။

 

ဆရာနဲ့ ပြည်တွင်းမှာ လူချင်းမရင်းနှီးခဲ့ပေမဲ့ ဗမာပြည် ဒီမိုကရေစီရေးကို ဆောင်ရွက်နေသူချင်းဆိုတော့ ပြည်ပမှာ ဆက်သွယ်ခွင့် ရင်းနှီးခွင့် ကြုံရပါတယ်။ ဒါကြောင့် ဆက်သွယ်ဖို့ အရေးကိစ္စတွေ ပေါ်လာ တတ်လို့ မကြာခဏ ဖုန်းနဲ့ ဆက်သွယ်မိပါတယ်။ ဒီမှာ ကျွန်မသတိထားမိ တာတခုရှိပါတယ်။ ဆရာရဲ့ ကျွန်မတို့ အဝေးရောက်တွေ အပေါ်ထားရှိတဲ့ စေတနာပါ။ ဆရာ့ဆီ ဖုန်းဆက်ချိန်များမှာ တခါတရံဧည့်သည်တွေ (ပြည်တွင်းကလာသူများ) ရောက်နေတာနဲ့ ကြုံတတ်ပါတယ်။ အဲလိုအခါမျိုးမှာ ဆရာက အဲဒီလူတွေနဲ့ အတင်းမိတ်ဆက်ပေး- အတင်းစကားပြောခိုင်းတာတွေ လုပ်ပေး တတ်ပါတယ်။

 

တခါကလည်း ဆရာတင်မိုးဆုံးတော့ ကျွန်မက ဖေဖေကိုယ်စား ဝမ်းနည်းစကားပြောဖို့၊ ကိုအောင်စောဦးကတဆင့် စီစဉ်ပါတယ်။ ကိုအောင်စောဦးက ဆရာတင်မိုးသမီးတွေ သွားခေါ်နေတုန်း ဖုန်းနားရှိနေတဲ့ ဆရာ့စွမ်းနဲ့စကားစမြည်ပြောရင်း “ကျွန်မက ဆရာတို့လာတော့မယ် ကြားထားလို့-ကျွန်မတို့က ဆရာ(၃)ဆူလာရင် (ဆရာတင်မိုး၊ ဆရာစွမ်း၊ ဆရာဝင်းဖေ) တန်းစီထိုင်ခိုင်းပြီး ကန်တော့ကြမယ်လို့ ကြိမ်းထား ကြ တာ။ အခုတော့ ဆရာတင်မိုးက ပဲ့သွားပြီနော်”လို့ပြောမိပါတယ်။ ဒီတင်-ဆရာက“ဟုတ်လား။ ဟုတ်လား။ ခင်ဗျား အဲဒါလေးကို-တင်မိုးသမီးတွေနဲ့ စကားပြောတဲ့အခါ ထည့်ပြောပြလိုက်နော်”လို့မှာပါတယ်။

 

ဆရာက လူငယ်တွေက ကျွန်မတို့ အဝေးရောက်တွေအပေါ် ရှိကောင်း ရှိနိုင်တဲ့ အထင်အမြင်လွှဲမှားမှုတွေကို ဖြေလျှော့ပေးချင်ပုံရပါတယ်။ ဒီလိုပဲဆရာနဲ့ ပတ်သက်ဆက်စပ်မိသမျှလေးတွေ ပြန်ပြောင်းတွေးတောရင်း ဆရာ့ ကို“ဖေဖေ အတွက် ရေးပေးခဲ့တဲ့ကဗျာ၊ ဆောင်းပါးအစောင်စောင်အတွက်ရော၊ ကျွန်မစာအုပ် ဝေဖန်ရေးများ အတွက်ရော ကျွန်မတို့ အဝေး ရောက်များ အပေါ်ထားရှိတဲ့ စေတနာမေတ္တာများအတွက်ရော၊ အားလုံးအားလုံးအတွက် ကျေးဇူးတင်ကြောင်း ပြောကြား လိုပါတယ်။
ဆရာတယောက် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့ပြည့်စုံပြီး တိုင်းပြုပြည်ပြုစာပေများ (အခုလို)အဆက်မပြတ် ရေးသား နိုင်ပါစေကြောင်း ဆု တောင်းမေတ္တာပို့အပ်ပါတယ်။

 

ဆရာကြီး-မောင်စွမ်းရည်-အသက်ရာကျော်ရှည်စေသောဝ်။

 

လှကျော်ဇော ၂-၁-၂၀၁၇။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts