ကဗျာ

သျှင်မျိုးငယ် ● မိုးခါးရေသောက်ခြင်း

သျှင်မျိုးငယ် ● မိုးခါးရေသောက်ခြင်း
(မိုးမခ) ဖေဖော်ဝါရီ ၁၉၊ ၂၀၁၇

ကျွန်တော်ဟာ ခေါင်းမာတယ်
ခေါင်းမာတယ် ခေါင်းမာတယ် ခေါင်းမာတယ်…
ခေါင်းမာတော့ ခဏခဏ ဖြတ်ရိုက်ခံနေရတယ်…။

မိုးရွာနေတာကြာပြီ
မိုးခါးရေတွေ မိုးခါးရေတွေ
မိုးခါးရေဆိုတာ သောက်စရာမှ မဟုတ်ဘဲ
မိုးခါးရေဆိုတာ စွတ်စိုမိရင် မြေဆီလွှာတောင် ထိခိုက်တယ် ပျက်စီးတယ်
မိုးခါးကတော့ ဆက်ရွာနေတာပဲ
အများသောက်နေတဲ့အချိန်မှာ
လူတကာသောက်နေတဲ့အချိန်မှာ
သူများမိုးခါးရေသောက်မှတော့ ကိုယ်လည်းသောက်ရတော့မှာပေါ့
မလိုချင်ဘူး
မဖြစ်သင့်ဘူး
မိုးခါးရေတွေဟာ အဆက်မပြတ်ရွာချလာတယ်…။

ဘယ်သူတရားပျက်ပျက်
ကျွန်တော် တရားမပျက်ပါဘူး…
ခဏခဏ ရွတ်ဖတ်နေမိတယ်
မိုးခါးရေထည့်ထားတဲ့ ဖန်ခွက်တလုံးကို ဆုပ်ကိုင်ရင်း
ဘယ်သူတရားပျက်ပျက်
ကျွန်တော် တရားမပျက်ပါဘူး…ထပ်ရွတ်ဆိုလိုက်တယ်
မိုးခါးရေထည့်ထားတဲ့ ဖန်ခွက်တလုံးကို နှုတ်ခမ်းမှာတေ့လိုက်တယ်
ကျွန်တော်ဟာ ခေါင်းမာတယ် ခေါင်းမာတယ်
ရိုက်ချက်ပြင်းပြင်းတွေဟာ ကျွန်တော့်ကို ထိတယ်…။

လူတွေက ပြောတယ်
မိုးခါးရွာနေတဲ့အကြောင်း
မိုးခါးရေကို သောက်သုံးသင့်တဲ့အကြောင်း
မိုးခါးရေဟာ ဆေးဖက်ဝင်သလိုလို အစွမ်းထက်သလိုလို
မိုးခါးရေရဲ့အစွမ်းသတ္တိကို ချီးမွှမ်းခန်းဖွင့်ပြကြတယ်
မိုးခါးရေကို ဘယ်လိုသောက်ရတယ်
မိုးခါးရေကို ဘယ်နေရာမှာသောက်ရတယ်
မိုးခါးရေကို ဘယ်အချိန်မှာသောက်သင့်တယ် စသဖြင့်
မိုးခါးရေဟာ ရေပန်းစားလာတယ်
မိုးခါးရေတစ်ခွက်ဟာ ကျွန်တော့်ဆီကို လာခဲ့တယ်။

မိုးခါးရေတခွက်အကြောင်းတွေးတယ်
လူတယောက်အကြောင်းတွေးတယ်
မိုးခါးရေနဲ့လူတယောက် ဆက်စပ်မှုကို ဆက်တွေးတယ်
“ငါ…………..”ဆိုပြီး တခွန်းဆဲရေးလိုက်မိတယ်
ပြီးတော့
မိုးခါးရေတခွက်ကို မော့သောက်ပစ်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်
မိုးခါးရေတခွက်ဟာ လက်ထဲမှာ ငြိမ်သက်လို့
မိုးခါးဟာ ရွာနေဆဲ
ခေါင်းမာနေဆဲ ကျွန်တော်ဟာ
ရွာသွန်းနေတဲ့မိုးခါးတွေထဲမှာ…..လဲကျသွားခဲ့ပြီ။     ။

သျှင်မျိုးငယ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts