ကဗျာ မောင်စွမ်းရည်

မောင်လှဝင်း(မြင်းခြံ) -ရွှေဒေါင်းတောင် လက်ဆောင်ရှင်သို့

 မောင်လှဝင်း(မြင်းခြံ)  -ရွှေဒေါင်းတောင် လက်ဆောင်ရှင်သို့
(မိုးမခ) ဖေဖော်ဝါရီ ၁၇၊ ၂၀၁၇

နေအရုဏ်ကို ဦးညွတ်ဝတ်တွားဖို့
စိမ်းညို့တောင်တန်းတွေဆီ တက်လှမ်းမယ့်
ခရီးလမ်း တာအထွက်မှာ
သူ ကမ်းလှာတဲ့ လက်ဆောင်မွန်ဟာ
မင်တံလေး တချောင်းပါ။

ဒီမင်တံလေးမှာ
မြားကလေးလည်း ပါတယ်။
အားဆေးလည်း ပါတယ်။

နှစ်တွေကြာညောင်း ဇရာထောင်းခါမှ
တခါက လက်ဆောင်ရှင်အား
အကြောင်းပြန်ကြားပါရစေ။

(ရွှေဒေါင်းတောင် ကလောင်တမျိုးရယ်နဲ့
ပြည်ကောင်းအောင် ဆောင်းမကိုးရယ်လို့)ဆိုတဲ့
အဖိုးမှိုင်းစိတ်ဓာတ် ရင်အပ်စွဲမြဲ
သခွတ်ပွင့်ဆဲ
အသူရာနဲ့ စစ်ခင်းဆဲ
ရေရှည်တိုက်ပွဲ နွဲရဆဲ
မြားလည်း ပစ်ဆဲ
အားလည်း သစ်ဆဲ။
နှင်းဆီတရာ၊ ကဗျာရွက်လှေ လှော်ခတ်ဆဲ။

မိုးကုတ်စက်ဝိုင်း မြင်းရိုင်းကြီးနဲ့ စိုင်းတဲ့အခါစိုင်း။
သက်တန့်ပေါ်မှာ တိမ်လွှာညွန့်ဖူး ခူးတဲ့အခါခူး။
ရန်သူ့နှလုံးအိမ် ထိုးစိုက်တဲ့ မြားဦး စူးတဲ့အခါစူး။
ရွှေဒေါင်းတောင် ကလောင်မင်တံလေး
ထက်နေသေးသမို့
ဆက်ရေးနေဦးမယ်။

မောင်လှဝင်း(မြင်းခြံ) (၂၆- ၁- ၂၀၁၇)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts