မောင်စွမ်းရည် ဖြစ်ရပ်များ၊ အမှတ်တရများ

နိုင်လင်း – စာပေစစ်သည် မောင်စွမ်းရည်သို့ 

မောင်စွမ်းရည် သက် ၈၀ပြည့် အမှတ်တရ မိုးမခအစီအစဉ်

နိုင်လင်း – စာပေစစ်သည် မောင်စွမ်းရည်သို့ 
(မိုးမခ) ဖေဖော်ဝါရီ ၁၆၊ ၂၀၁၇

ချည့်နဲ့ လူ့ ဘောင် ခေတ်အမှောင်ကို
လှောင်ပြောင်ထိုးနှက် ချိုးဖျက်ကြံရည်
စာပေစစ်သည် မောင်စွမ်းရည်။

ဆရာမောင်စွမ်းရည် အသက် ၈၀ ပြည့်မည်ဆိုတော့ ကဗျာတပုဒ်နဲ့ ဂုဏ်ပြု ပူဇော်မယ် စိတ်ကူးမိပါတယ်။ ဒါပေမဲ့ ကဗျာရေးရင်း ဆောင်းပါးရေးချင်စိတ် ပေါ်လာတယ်။ ရေးစရာ အကြောင်းအရာတွေက အများသားဆိုတော့ ဘာရေးရမလဲ။ ဖြစ်နိုင်ရင် ဆရာမောင်စွမ်းရည်ရဲ့  လက်ရာ ကဗျာ၊ စာပေတွေကို ပြည့်ပြည့်စုံစုံ လေ့လာပြီး သူ့ ဘ၀၊ သူ့ စာပေ သုံးသပ်ချက် ရေး ချင်တာပါ။ အဲသလိုဆိုရင် ဆောင်းပါးတပုဒ်စာ မကဘဲ စာတမ်းတစောင်စာ ဖြစ်သွားမယ်။ သူ့  တသက်တာ ရေးသားထုတ်လုပ်ခဲ့တာတွေကို စုဆောင်းဖို့ ကလည်း အချိန်အတော်ယူရမှာပါ။

ကိုယ်မလုပ်နိုင်သေးတော့ တယောက်ယောက် လုပ်နိုင်မယ်ဆိုရင် ၀မ်းသာစရာပါပဲ။ အခုတော့ မတိုမရှည် စာတပုဒ်နဲ့ ပဲ ပူဇော်ဂုဏ်ပြုလိုက်ရပါတယ်။

‘မောင်စွမ်းရည်’ ဆိုတဲ့ နာမည်ကို စပြီးကြားဖူးတုန်းက ဦးဝင်းဖေဆိုတဲ့ နာမည်အရင်းပါ တွဲပြီး သိခွင့်ကြုံခဲ့ပါတယ်။ မြင်းခြံသားဖြစ်တာ၊ သူ့ မှာ စာပေညီအကိုတွေ၊ တော်လှန်ရေး ညီအကို တွေ အများအပြားရှိတာလည်း ကြားသိခဲ့ရတယ်။ သူ့ ဇာတိဖြစ်တဲ့ မြင်းခြံက ထွန်းတောက်တဲ့ ပုဂ္ဂိုလ်တွေအကြောင်း သိဖူး၊ ကြားဖူး၊ ကြုံဖူး၊ ထိတွေ့ ဖူးတာတွေကတော့ အများကြီးပါပဲ။ တကယ့် စံပြပုဂ္ဂိုလ်တွေ၊ စာပေသူရဲ ကောင်း၊ တော်လှန်ရေး သူရဲကောင်းတွေပါ။ အားကျစရာ၊ ကြည်ညိုစရာ၊ ဂုဏ်ယူစံထားဖွယ်ရာ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ဆရာမောင်စွမ်းရည်တို့ မောင် နှမတွေဟာလည်း နယ်ပယ်အစုံက ဥယျာဉ်မှူးတွေလို့ ပြောလို့ ရပါတယ်။ ပညာရေးနယ်ပယ်၊ စာပေနယ်ပယ်၊ နိုင်ငံရေးနယ်ပယ် စသဖြင့်ပါ။ တိုင်းကျိုးပြည်ပြု တပည့်တွေ၊ တော်လှန်ရေး ရဲဘော်တွေ ဖြစ်လာအောင် ပြုစုပျိုးထောင် ကောင်းမှုပြုနိုင်သူတွေပါ။ မဟုတ်မခံ အမှန်တရား ဘက်က ပြတ်ပြတ်သားသား ရပ်တည်တဲ့ စိတ်ဓာတ်တွေကိုလည်း သူတို့ မောင်နှမတတွေမှာ အထင်အရှား တွေ့ ရပါတယ်။

ဆရာမောင်စွမ်းရည်ဟာ စာပေနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်မှာ ရှေ့ မှီနောက်မှီ ပုဂ္ဂိုလ်ကြီးပါ။ ခေတ်အစုံ၊ စနစ်အစုံကိဖြတ်သန်းခဲ့ပါပြီ။ ၀ဲ-ယာ-အလယ်က နိုင်ငံရေးသမားအစုံ၊ စာပေသမား အစုံနဲ့ လည်း ထိတွေ့ ခဲ့ပြီးပြီ။ ဒီလိုပုဂ္ဂိုလ်မျိုး သက်ရှိထင်ရှား ရှိသေးတာ ကနေ့ ခေတ် လူငယ် တွေအတွက် အင်မတန် အဖိုးတန်ပါတယ်။ အခုထိ ကလောင်စွမ်းရည် ပြတုန်းမို့ လူငယ်တွေ မသိလိုက် မမှီလိုက်တဲ့ အဖြစ်အပျက်တွေ၊ လူပုဂ္ဂိုလ်တွေအကြောင်း၊ စာပေလောက၊ နိုင်ငံရေးလောကအကြောင်း၊ ကဗျာစာပေလှုပ်ရှားမှု၊ နိုင်ငံရေး လှုပ်ရှားမှုတွေ အကြောင်း သူ့  စာတွေကတဆင့် လေ့လာ ဖတ်ရှုခွင့်ရနေတယ်၊ သင်ယူဆည်းပူးခွင့်ရနေတယ်။ လူသာအိုပေမယ့် ကလောင်က နုပျိုထက်မြက်တုန်း။ နောင်နှစ်ပေါင်းများစွာလည်း ကလောင်ထက်၊ ကလောင်သွက်နေဦးမှာလို့ ယုံကြည်ပါတယ်။

အညာမြေ တမာတန်း မြင်းခြံ၊ မန်း၊ ရန်ကုန်မှသည် အမေရိကန် ရောက်တော့လည်း စာပေသမိုင်း၊ နိုင်ငံရေးသမိုင်း၊ စာပေလောက၊ နိုင်ငံရေးလောကအကြောင်းတွေကို စဉ်ဆက်မပြတ် ပြောနိုင်၊ ဟောနိုင်၊ ရေးနိုင်တာတွေ့ တော့ အင်မတန် ၀မ်းသာအားတက်မိပါတယ်။ သမိုင်းရေးရာပဲဖြစ် ဖြစ်၊ နိုင်ငံရေးရာပဲဖြစ်ဖြစ်၊ ဘာသာစကား၊ ပညာရပ်ဆိုင်ရာပဲဖြစ်ဖြစ် စကားတလုံးဆိုရင်တလုံး  ထောက်ပြ သွန်သင်ပေးတတ်သူပါ။ ခေတ်ဆိုး၊ စနစ်ဆိုးအဆက်ဆက်မှာ ကြီးပြင်းဖြတ်သန်း လာသူ လူငယ်တွေ သတိလက်လွတ် ရေးမှားပြောမှား၊ အမှတ်မှားတတ်တာတွေလည်း ဆရာမောင်စွမ်းရည်က ထောက်ပြတည့်မတ်ပေးတတ်တယ်။ အင်မတန် အဖိုးတန်ပါတယ်။

ကနေ့ ခေတ်လူငယ်တွေ လူမှုကွန်ရက်မှာ ရေးနေပြောနေကြတာတွေ၊ ယဉ်ကျေးမှုပိုင်း၊ ဘာသာစကားပိုင်းနဲ့ သမိုင်းရေး၊ သဘောတရားရေး၊ အတွေးအခေါ်ပိုင်းတွေကိုလည်း ဝေဖန်ရေး ပေးစေချင်မိပါတယ်။ နိုင်ငံရေး၊ စာပေ၊ ယဉ်ကျေးမှုနဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ ဝေဖန်တည့် မတ် ပေးနိုင်တဲ့ စာရေးဆရာ၊ သတင်းစာဆရာကြီးတွေလည်း တဖြည်းဖြည်း လျော့နည်းတိမ်း ပါးကုန်ပြီမို့ ဆရာမောင်စွမ်းရည်လို သက်ရှိထင်ရှား ရှိနေသေးတဲ့ စာပေစစ်သည်တော်ကြီးတွေ က အဲဒီကွက်လပ်ကို အားဖြည့်ပေးစေချင်ပါတယ်။

မကြာသေးခင်ကပဲ ဗမာပြည်ကို တခါတခေါက် ပြန်ရောက်တယ်လို့ သိရတယ်။ သူ့ ဇာတိချက် ကြွေ ဖြစ်တဲ့ မြင်းခြံကိုလည်း ရောက်ခဲ့ပါသေးသတဲ့။ မြင်းခြံဆိုတာ စာပေနယ်၊ နိုင်ငံရေးနယ် မှာ ထင်ရှားပါတယ်။ ဆရာမောင်စွမ်းရည် အပါအ၀င် သူနဲ့ ခေတ်ပြိုင်ဖြစ်တဲ့ စာပေမျိုးဆက်၊  နိုင်ငံရေးမျိုးဆက်တွေဟာ အဲသလို မြို့ ဂုဏ်၊ နယ်ဂုဏ်ဆောင်ခဲ့သူတွေထဲမှာ ထင်ရှားသူတွေ ဖြစ်ပါတယ်။ အဲဒီမျိုးဆက်တွေရဲ့ နာမည်တွေ မရွတ်တော့ပါဘူး မှတ်တမ်းတင် ဂုဏ်ပြုထိုက် သူ တချို့ မတော်တဆ မေ့ကျန်ခဲ့မှာ စိုးလို့ ပါ။

မြင်းခြံသားတွေက မြင်းခြံဆိုတာ ဆေးပေါ့လိပ် ထွက်တယ်၊ ကွန်မြူနစ်ထွက်တယ်လို့ ဂုဏ်ယူပြီး ပြောလေ့ရှိတယ်။ မြင်းခြံက လူထုဘက်သား စာပေ အနုပညာသမားတွေလည်း ထွက်တယ်ဆိုတာပါ ဖြည့်စွက်ချင်ပါတယ်။ အဖိနှိပ်ခံလူထု ဘက်က ရပ်တည်ခဲ့၊ ရပ်တည်နေဆဲ ကဗျာဆရာ၊ စာရေးဆရာ၊ တော်လှန်ရေးသမားတွေ ပေါ်ထွက်ရာ ဒေသပါ။ အဲသလို အာဏာရှင်ကိုတွန်းလှန်၊ မတရားမှုကို အာခံတဲ့ စာပေစစ် သည်၊ စာပေရဲဘော်တွေ ထဲမှာ ဆရာမောင်စွမ်းရည်လည်း အပါအ၀င် ဖြစ်ပါတယ်။ အခုတော့ ရှားရှားပါပါး သက်ရှိထင်ရှား ရှိနေသေးတဲ့ လူထုဘက်သား စာပေရဲဘော်ကြီးတွေထဲက တဦး ပေါ့။

ဗမာပြည်လို ခေတ်အဆက်ဆက် မျိုးဆက်နဲ့ ချီပြီး အတွေးအခေါ်တွေ၊ အသိပညာတွေ သင်းကွပ်ခံရ၊ အာဏာရှင်အလိုကျ ပုံသွင်းခံရ၊ ပညာရေးစနစ်လည်း စနစ်တကျ ဖျက်ဆီးခံရတဲ့ တိုင်းပြည်မှာ သြဇာရှိတဲ့၊ အဖိနှိပ်ခံ လူထုဘက်က၊ အမှန်တရားဘက်က ရပ်ခံတဲ့ စာရေးဆရာ၊ ကဗျာဆရာ၊ သတင်းစာဆရာကြီးတွေရဲ့ အခန်းကဏ္ဍက အင်မတန် အရေးကြီးပါတယ်။ လူထုကို အမိုက်မှောင်ကနေ ရုန်းထွက်နိုင်အောင် ရှေ့ ဆောင်လမ်းပြကြတဲ့ မီးရှူးတန်ဆောင်တွေပါ။ သူတို့ ခမျာလည်း ဒါကြောင့်ပဲ မင်းပြစ်မင်းဒဏ် သင့်ကြရပါတယ်။ ထောင်တန်းကျ၊ ညှဉ်းပန်း နှိပ်စက် ခံကြရ၊ တကျွန်းပို့ ခံရ၊ တပြည်တရွာ မင်းဆိုးမင်းညစ်နဲ့ ဝေးရာ သွားပြီးနေထိုင်ကြရ ဆိုတာမျိုးပါ။ ကလောင်လက်နက်ကို အာဏာရှင်အဆက်ဆက် ကြောက်ဒူးတုန်ကြပါတယ်။  ဒါကြောင့် ကလောင်ထက်သူတွေဆို နည်းမျိုးစုံသုံးပြီး ဖိနှိပ်ပစ်တာပါ။

ဒီလိုဖိနှိပ်တိုင်း လက်နက်မချ၊ အရှုံးမပေးဘဲ ကလောင်လက်နက်ကို စွဲစွဲမြဲမြဲ ကိုင်စွဲပြီး ရောက် ရာအရပ်ကနေ အဖိနှိပ်ခံလူထုအတွက် ဆက်လက်တိုက်ပွဲဝင်သူတွေထဲမှာ ဆရာမောင်စွမ်းရည်လည်း ပါပါတယ်။ အဝေးရောက်နေပေမယ့် နည်းပညာအစွမ်းထက်တဲ့ အင်တာနက်ခေတ်မို့ ဆရာ့ဆောင်းပါးတွေ၊ စာတွေကဗျာတွေကို ပြည်တွင်းမှာ လွယ်လင့်တကူ ဖတ်ရှုခွင့်ရလာ တယ်။ လူသုံးများလာတဲ့ လူမှုကွန်ယက်မှာ မျှဝေဖတ်ကြဖို့ လွယ်လာတယ်။ စာပေစီးဆင်းမှု လွယ်လာပါတယ် သို့ ပေမဲ့ စာကောင်းပေကောင်းတွေ စီးဆင်းဖို့ အခွင့်အလမ်းကတော့ နည်း ပါသေးတယ်။ အင်တာနက်ကလည်း မကောင်း၊ စီးပွားရေးကလည်း ချွတ်ခြုံကျဆဲမို့ ဖုန်းနဲ့ အင် တာနက် သုံးကြရသူက အများစုပါ။ ဒီလိုဆိုတော့ ဆူလွယ်နပ်လွယ် စာတိုပေစလေးတွေသာ ဖတ်ကြ၊ မျှဝေကြ လုပ်ကြတာက များပါတယ်။

ဒီကြားထဲ အင်တာနက်ကို စိတ်ကြိုက်သုံး၊ ကောင်းကောင်းသုံးနိုင်တဲ့ အုပ်စိုးသူလူတန်းစားက ၀ါဒဖြန့် ချိရေးကို တွင်တွင်လုပ်ပါသေးတယ်။ စာဖတ်သူ၊ လူမှုကွန်ယက် သုံးသူတွေအတွက် အဆိပ်ဖြစ်မယ့် စာတိုပေစတွေက လှိုင်လှိုင်ထွက်နေတာပါ။ ဒါတွေကို တန်ပြန်တိုက်ပွဲဝင်ကြရဦးမှာပါ။ အဲသလို တိုက်ပွဲအတွက် ၀ါရင့်သမ္ဘာရင့် စာပေစစ်သည်တော်ကြီးတွေဖြစ်တဲ့ ဆရာမောင်စွမ်းရည်တို့ လို ပုဂ္ဂိုလ်မျိုးတွေ လိုအပ်ပါတယ်။

ဒါကြောင့် ဆရာမောင်စွမ်းရည်တယောက် ပြည်သူ့ အကျိုးပြု စာပေတွေ အခုထက်ပိုပြီး ရေးသားနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဒီစာတိုလေးကို နိဂုံးချုပ်လိုက်ပါရစေ။

ကလောင်စွမ်းရည်ထက်တဲ့ ဆရာမောင်စွမ်းရည် အသက် ၁၂၀ မက ရှည်စေသောဝ်။

နိုင်လင်း။ ၁၄၊ ဒီဇင်ဘာ၊ ၂၀၁၆။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts