သူတို့အာဘော် အောင်မော်ဦး

အောင်မော်ဦး ● ပင်လုံကို ဒီလိုချီတက်လို့ရော မဖြစ်နိုင်ဘူးလား

အောင်မော်ဦး ● ပင်လုံကို ဒီလိုချီတက်လို့ရော မဖြစ်နိုင်ဘူးလား
(မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂ဝ၁၇

 

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရကို နည်းနည်းမေးချင်ပါတယ်။ ထို့အတူ အကြံလည်း ပြုချင်ပါတယ်။

တိုင်းရင်းသားခေါင်းဆောင်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့နည်းနဲ့ ပြည်ထောင်စုကြီးတခုတည်ဆောက်နိုင်ဖို့ အစိုးရ ဘက်က ကြိုးပမ်းဆောင်ရွက်နေတာတွေကို မြန်မာပြည်သူတွေရော၊ မြန်မာ့အရေးစိတ်ဝင်စားတဲ့ ကမ္ဘာသူကမ္ဘာသားတွေပါ တွေ့မြင်ကြားသိနေကြရပါတယ်။ ကောင်းပါပြီ။ ကနေ့ အစိုးရကြိုးပမ်းနေသလိုပဲ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေအနေနဲ့လည်း ကြိုးပမ်းချင်ကြမှာပဲလို့ မထင်မိဘူးလား။ ဒါ့အပြင် အစိုးရက ကြိုးပမ်းနေတဲ့နည်းလမ်းတွေအတိုင်း တိုင်းရင်းသားခေါင်းဆောင်ကြီးတွေကိုလည်း ကြိုးပမ်းခွင့် ပေးသင့်တယ်လို့ရော မထင်မိဘူးလား။

ကျေးဇူးပြုပြီး တိုင်းရင်းသားခေါင်းဆောင်ကြီးတွေနေရာက ခဏလောက် ဝင်စဉ်းစားကြည့်ပေးစေလိုပါတယ်။ သူတို့ဘဝမှာ (သူတို့ရဲ့  တော်လှန်ရေးသက်တမ်းတလျှောက်မှာ) သူတို့ပြည်သူတွေ (ကျေးလက်ရော၊ မြို့ ပြပါ) နဲ့ ထိထွေ့ဆက်ဆံခွင့် တ ကြိမ်တခါမှ မရခဲ့ကြရှာပါဘူး။ သူတို့ဘာကြောင့်လက်နက်ကိုင်ရတယ်ဆိုတာကို သူတို့ပြည်သူတွေ နားလည်သဘောပေါက် အောင် ရှင်းလင်းတင်ပြခွင့် မရရှိခဲ့ကြပါဘူး။ အထူးသဖြင့် မြို့နေ လူမျိုးပေါင်းစုံ ပြည်သူလူထု၊ အလွှာပေါင်းစုံ ပြည်သူ လူထုတွေဟာ သူတို့ဘာကြောင့် လက်နက်ကိုင်တော်လှန်ရေးလုပ်ကြရတယ်ဆိုတာနဲ့ပတ်သက်လို့ သူတို့ကိုယ်တိုင် ရှင်း လင်းပြောပြတာကို နားနဲ့ဆတ်ဆတ် ကြားနာခွင့်မရရှိခဲ့ကြရှာပါဘူး။

ဒီအခွင့်အရေးကို တိုင်းရင်းသား ခေါင်းဆောင်တွေရော၊ လူမျိုးပေါင်းစုံပြည်သူတွေပါ နှစ်ဘက်စလုံး လက်လွှတ်ဆုံးရှုံးနေကြ ရရှာတာပါ။ ဒါကြောင့်မို့လို့ အစိုးရအနေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ပြောရေးဆိုခွင့်နဲ့ လူမျိုးပေါင်းစုံပြည်သူတွေရဲ့  ကြားနာအကဲဖြတ်ခွင့် အခွင့်အရေးကို မလွဲမသွေပေးအပ်သင့်ပါတယ်။ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေရဲ့  ပွင့်ပွင့်လင်း လင်း ရှင်းလင်းတင်ပြတာကို နားနဲ့ဆတ်ဆတ်ကြားကြရမှ လူမျိုးပေါင်းစုံပြည်သူတွေအနေနဲ့လည်း မှန်မှန်ကန်ကန် ဆင်ခြင် စဉ်းစားနိုင်ကြမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကာလက ကျနော်တို့တတွေ မဲဆွယ်စည်းရုံးကြတဲ့ နည်းလမ်းတွေထက်မပိုတဲ့ နည်းလမ်းမျိုးဆိုရင်ကိုပဲ အ တော့်ကို လုံလောက်နေပါပြီ။ ဒီအခွင့်အရေးမျိုးဟာ နိုင်ငံ့အရေးကို ဆောင်ရွက်နေတဲ့ သာမန်နိုင်ငံသားတယောက်ဖြစ်ရုံနဲ့ ရသင့်ရအပ်တဲ့ အခွင့်အရေးမျှသာ ဖြစ်ပါတယ်။ သူတို့လို တိုင်းရင်းသားခေါင်းဆောင်ကြီးတွေအတွက် အထူးအခွင့်အရေးပေးဖို့ တောင်းဆိုနေတာ မဟုတ်ပါဘူး။ သာမန်နိုင်ငံသားတယောက်ကိုပေးတဲ့ သာမန်အခွင့်အရေးပေးဖို့ကိုပဲ တောင်းဆိုတာ ဖြစ်ပါတယ်။

ကျနော်တို့ထူထောင်ထားတဲ့ ငြိမ်းချမ်းရေး ရန်ပုံငွေဆိုတာကို ဒီလိုနေရာမျိုးမှာ အသုံးမပြုရင် ဘယ်လိုနေရာမျိုးမှာ အသုံးပြု မှာပါလဲ။ ဆိုကြပါစို့။ ရုပ်မြင်သံကြားလိုင်းတွေကနေ၊ ရေဒီယိုလိုင်းတွေကနေ သူတို့မိခင်ဘာသာစကားနဲ့ရော၊ ဗမာစကားနဲ့ပါ ပြည်သူကို ရှင်းလင်းတင်ပြခွင့်ပေးတာမျိုးပါ။ သူတို့ ရှင်းလင်းတင်ပြချင်တာတွေကို သူတို့မိခင်ဘာသာ စကားနဲ့ရော၊ ဗမာ စကားနဲ့ပါ ပုံနှိပ်ထုတ်ဝေခွင့်ပေးတာမျိုးပါ။ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်အနှံ့ သူတို့သွားလိုရာ၊ သူတို့ရှင်လင်းတင်ပြလိုရာ ဘယ်နေရာဘယ်ဒေသကိုမဆို လွတ်လပ်စွာ သွားလာဟောပြောခွင့်ပေးတာမျိုးပါ။

လူမျိုးပေါင်းစုံ မြန်မာပြည်သူတွေကိုလည်း နည်းနည်းမေးချင်ပါတယ်။ ထို့အတူ အကြံလည်း ပြုချင်ပါတယ်။

“ရောင်စုံသူပုန်“၊ “သောင်းကျန်းသူ“၊ “အဖျက်သမား“ စသဖြင့် အစွန်းရောက်စကားလုံးတွေနဲ့ ချိုးချိုးနှိမ်နှိမ် တံဆိပ်ကပ်ခံထား ကြရရှာတဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေနဲ့ ခင်ဗျားတို့ တွေ့ဖူးကြပါသလား။ သူတို့နဲ့ စကားစမြည်ပြောဖူးကြပါသလား။ သူတို့နဲ့ အတူတူလက်တွဲ အလုပ်လုပ်ဖူးကြပါသလား။ (ကျနော့်အထင် ဒီလိုအတွေ့အကြုံရှိဖူးသူ အတော့်ကို နည်းပါးနိုင် ပါတယ်။)

ခင်ဗျားတို့ကို နည်းမျိုးစုံနဲ့ အမုန်းမှိုင်းတိုက်ထားတဲ့ စကားလုံးတွေ၊ ရုပ်သံလွှင့်ချက်တွေရဲ့အပြင်မှာ အဲဒါတွေမှန်လား၊ မှား လားဆိုတာ နှိုင်းယှဉ်စဉ်းစားနိုင်တဲ့အခွင့်အရေး ခင်ဗျားတို့ဘဝမှာ လုံလုံလောက်လောက် ရရှိခဲ့ကြဖူးပါသလား။ (ကျနော့် အထင် တဖက်ပိတ် ပြောဆိုရေးသားဖော်ပြ အသံလွှင့်ချက်မျိုးတွေကလွဲလို့ မရှိသလောက်ပဲ ဖြစ်မှာပါ)

ဆိုတော့ကာ ခင်ဗျားတို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့သလို အဲဒီတိုင်းရင်းသားခေါင်းဆောင်ကြီးတွေနဲ့ရော တွေ့သင့် တယ်လို့ မထင်မိဘူးလား။ တွေ့ခွင့်ရှိတယ်လို့ရော မထင်မိဘူးလား။ ဒေါ်အောင်ဆန်းစုကြည်ဟောပြောရှင်းပြတာကို နားထောင်သလို အဲဒီ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ ဟောပြရှင်းပြတာကိုရော နားထောင်သင့်တယ်လို့ မထင်မိဘူး လား။ နားထောင်ခွင့်ရှိတယ်လို့ရော မထင်မိဘူးလား။ ထို့အတူ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေမှာ ခင်ဗျားတို့နဲ့ တွေ့ဆုံ စကားပြောဖို့ အခွင့်အရေးရှိတယ်လို့ရော မထင်မိဘူးလား။

ခု ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်နေတဲ့ ၂၁ ရာစုပင်လုံကို ဒီအချက် (၁) ချက်ပါ ပေါင်းစပ်ပြီး ကြိုးပမ်းအားထုတ်ကြည့်ရင် မနေ့ကထက် ပိုခရီးတွင်လိမ့်မယ်လို့ ထင်မိပါတယ်။ ခင်ဗျားတို့ရော ဘယ်လိုသဘောရပါသလဲ။

စကားချပ်အနေနဲ့ ပြောလိုတာက ကာယကံရှင် တိုင်းရင်းသားတွေပြီးရင် သူတို့အရေးကို မျှဝေခံစားနားလည်ပေးနိုင်သူတွေဟာ သူတို့နဲ့ ဆယ်စုနှစ်(၃)ခုလောက် လက်တွဲတိုက်ပွဲဝင်ခဲ့တဲ့ ကျောင်းသားတပ်မတော်ပဲဖြစ်ပါတယ်။ ဒီအချက်ဟာလည်း ၂၁ ရာစု ပင်လုံကို အထောက်အကူပြုနိုင်ပါလိမ့်မယ်။

ချစ်ကြည်စွာဖြင့်
အောင်မော်ဦး
၁၂၊ ဖေဖော်ဝါရီ၊ ၂ဝ၁၇။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts