ဗိုလ်ထက်မင်း ဝေဖန်ရေးရာ

ဗိုလ်ထက်မင်း – အမျိုးသားလုံခြုံရေး အမှန်တကယ် စိန်ခေါ်ခံနေရပြီလား – အပိုင်း(၂) နိဂုံး

ဗိုလ်ထက်မင်း – အမျိုးသားလုံခြုံရေး အမှန်တကယ် စိန်ခေါ်ခံနေရပြီလား – အပိုင်း(၂)  နိဂုံး

(မိုးမခ) ဖေဖော်ဝါရီ ၁၂၊ ၂၀၁၇

၁၃။ လက်ရှိ အတည်မပြုနိုင်တဲ့ သတင်းတွေအရ လေဆိပ်လုံခြုံရေးနဲ့ ပတ်သက်ပြီး ပုဂ္ဂလိကကုမ္မဏီတခုက စီမံနေသလိုလို ကြားရပြန်ပါတယ်။ လေဆိပ်လုံခြုံရေးဆိုတာက လေကြောင်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနနဲ့ လုံခြုံရေးအာဏာပိုင်အဖွဲ့တွေ က ကိုင်တွယ်ရတာ ဖြစ်ပါတယ်။ လုပ်ကြံမှု ဖြစ်ပွားတော့မှပဲ လေဆိပ်အ၀င်အထွက် လုံခြုံရေး ကြီးကြပ်ရေးတို့နဲ့ ပတ်သက်ပြီး အသံမျိုးစုံ လူမှုမီဒီယာတွေမှာ ထွက်ပေါ်လာပြန်ပါတယ်။ လေဆိပ်ကို ၀င်ထွက်တာမှာ အဂတိလိုက်စားမှုတွေ ရှိနေတာကိုလည်း စစ်ဆေး အရေးယူသင့်ပါတယ်။

၁၄။ တပ်မတော်အရာရှိ တချို့ရဲ့ အဆိုအရကတော့ – ရခိုင်နယ်စပ်ကို ထောက်လှမ်းရေးကိုင်တွယ်ခဲ့စဉ်က လုံခြုံရေး ခြိမ်းချောက်ခံရမှူ မရှိသလောက် တည်ငြိမ်ခဲ့သလို နကစ ကိုင်ခဲ့တုံးကလည်း ဌာနပေါင်းစုံပါလို့ ဘာသာစကားကျွမ်းကျင်သူတွေအပါအ၀င် သတင်းပေးများမွေးထားနိင်လို့ ငြိမ်သက်အောင် ထိန်ထားနိုင်ခဲ့ပါတယ်။ မူဆယ် ၁၀၅ မိုင်ဂိတ်ကို နေပြည်တော်က တိုက်ရိုက် ၂၄နာရီ စောင့်ကြည့်လို့ရအောင် နေပြည်တော် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး ရုံးခန်းမှာ ကင်မရာများ တပ်ထားတယ်လို့ ပြောသံကြားရပါတယ်။

မြန်မာပြည်ထဲက လုပ်ငန်းရှင်တွေကတောင် သူတို့လုပ်ငန်းတွေမှာ လုံခြုံရေးကင်မရာတွေကို ကြိုးမဲ့ ဆယ်လူလာနက်ဝပ်နဲ့ ချိတ်ပြီး စောင့်ကြည့်တာတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်နေကြပြီး ဖြစ်ရာ နယ်ခြား/စစ်ဆေး
ရေးဂိတ်တွေနဲ့ လေဆိပ်ကို ဗဟိုထိန်းချုပ်ရေးကွပ်ကဲမှုစင်တာထားသင့်ပါတယ်။ ရခိုင်ပြည်နယ်မောင်းတောဒေသဖြစ်စဉ် မဖြစ်ပွါးမီ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သတင်းအစအန ရလို့ပေးပိုခဲ့သေးတယ်လို့ဆိုပါတယ်။ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ကြိုတင်သတင်းရယူတဲ့အပိုင်း အားနည်းခဲ့တယ်လို့ ဝန်ခံထားပါတယ်။

နောက်ပြီး နှစ်နိုင်ငံ ဥပဒေတရပ်ရေးဆွဲကာ နယ်စပ်ပူးတွဲကိုင်ဖို့၊ ရုံးများဖွင့်လှစ်ဖို့ ရှိနေပါသေးတယ်။ ဒီလိုလုပ်ဆောင်မှုမျိုးနဲ့ သတင်းအစအန ရခဲ့ရင် ပြည်ထဲရေးဝန်ကြီးဌာနက အရေးတယူ မလုပ်ဘဲ လက်အောက်ဌာနကိုသာ သတင်းစိစစ်ဖေါ်ထုတ် ခိုင်းယုံနဲ့သာ ပြီးသွားပုံ ရပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးတို့နဲ့ ဆက်စပ် သတင်းဖလှယ် လုံခြုံရေး စီမံချက်ဆွဲ လုပ်ဆောင်တာမျိုး၊ အမျိုးသားလုံခြုံရေးအန္တရယ် စိုးရိမ်ရဆိုပြီး (ကာ/လုံ) အစည်းအဝေး ခေါ်ဖို့ တောင်းဆိုတာမျိုး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တပ်ချုပ်ကို တင်ပြ အကူအညီ တောင်းခံတာမျိုး၊ လုပ်ကော လုပ်ခဲ့သေးလား ဆိုတာမေးစရာ ရှိနေပါတယ်။

၁၅။ တကယ်တော့ လက်အောက်ခံရဲဖြစ်ဖြစ်၊ စရဖဖြစ်ဖြစ် ပြသနာ ဖြစ်ပွါးခဲ့တဲ့အပေါ် အပြစ်တင်အရေးယူ ထိုးကျွေးတာမျိုး မလုပ်သင့်ပါ၊ သူတို့ရုန်းကန်နေရတာကတော့ ဘတ်ဂျက်မချပေးနိုင်မှု (သတင်းပေးများကို  မွေးမြုရရင် ငွေကြေးနဲ့ လမ်းခင်းရ)၊ နည်းပညာ မကျွမ်းကျင်မှု၊ အဆင့်မြင့် အထောက်အကူ ကိရိယာပစ္စည်း မသုံးနိုင်မှု၊ မော်တော်ယာဉ်ဆက်သွယ်ရေးစက် ကွန်ပျုတာ မပြည့်စုံမှု၊ လုပ်ပိုင်ခွင့် အာဏာ သတ်သတ်မှတ်မှတ် ခွဲခြမ်း မလုပ်နိုင်မှု၊ သက်သာချောင်ချိရေး မလုပ်ပေးမှု၊ လေ့ကျင့်သားမပြည့်ဝမှု စတဲ့ အခက်အခဲများစွာ ရှိနိင်ပါတယ်။ နောက်ပိုင်းမှာ ဖုံးနဲ့ကွန်ပျုတာတွေမှာ HACKER တွေရဲ့ Attacking မလုပ်ခံရအောင် Defence System ကွန်ယက်လိုလာပြီဖြစ်ပါတယ်။ လုပ်ထုံးလုပ်နည်းတွေ သင်ကြားပေးဖို့ လိုလာပါတယ်။

၁၆။ လေဆိပ်လုံခြုံရေးကို ယခင်က လေတပ်ထောက်လှမ်းရေးက အတွင်းစည်းတာဝန်ယူ ထားခဲ့ကာ VIP အခန်းသော့အပါအ၀င်၊ x ray ဖြတ် စစ်ဆေးတဲ့နေရာပါ မကျန် စစ်ဆေးပိုင်ခွင့် ပေးထားပါတယ်။ Arrival အခန်းအပါအ၀င် လေယာဉ်အနီးထိ ကြိုဆိုနိုင်သော VIP ကဒ်များ အခြားကဒ်များကို ထုတ်ပေးခွင့် ပေးထားပါတယ်။ လေဆိပ်အတွင်းစည်း လုံခြုံရေးမှာ လေတပ်ထောက်လှမ်းရေးက အကောက်ခွန်၊ လ၀က၊ စစစ၊ ရဲသတင်းအထူးတပ်ဖွဲ့၊ နယ်မြေခံ ရဲတပ်ဖွဲ့၊ ရဲမှုခင်း တပ်ဖွဲ့၊ ရဲမူးယစ် အထူးအဖွဲ့ ဆက်စပ်နိုင်အောင် စွမ်းဆောင်ရည်ရှိတဲ့ ထောက်လှမ်းရေးအကူ တပ်ဖွဲ့ကြီးက ကွပ်ကဲထားပါတယ်။ ဒါ့အပြင် လေဆိပ် ပထမဆုံးဝင်ပေါက် မှန်တံခါးနားမှာ ရကတတိုင်းစစ်တပ်မှ လက်နက်ကိုင် ချကာ လ၀က ဒါမှမဟုတ် ရဲက မှတ်ပုံတင်နဲ့ လက်ကိုင်အိတ်များကို စတင် ရှာဖွေလေ့ရှိပါတယ်။ လက်နက်ကိုင်ထား တာဟာ တော်ရုံ အရှိန်နဲ့ ဟန့်တားနိုင်ပါတယ်။ ဦးကိုနီုလုပ်ကြံခံရနေရာဟာ ဝင်ပေါက်မှန်တံခါးနဲ့နီးနေမယ်ဆိုရင် လက်နက်ကိုင်အစောင့်ကြောင့်လုပ်ကြံမှု အခွင့်အလမ်း နည်းသွားနိုင်ပါတယ်။ ရန်သူဟာ ဝေးဝေးက ရှောင်မှာစိုးလို့ ရဲသတင်းတပ်ဖွဲ့ဝင်၊ နယ်မြေခံ လူဆိုးထိန်း၊ ဆားပုလင်း၊ စစ်ထောက်လှမ်းရေးတော်တော်များများ အရပ်ဝတ်တွေနဲ့ လှည့်လည်နေကာ ဆိုင်တွေအားလုံးကိုလည်း မိမိသတင်းပေးအဖြစ် အိမ်သာသန့်ရှင်းရေးက အစ မြှုပ်နှံထားပါတယ်။ ရန်သူလှုပ်ရှားလေ့ရှိတတ်တဲ့ အိမ်သာ၊ ကားရပ်နားနေရာတွေမှာ CCTV ကင်မရာများနဲ့ ထိန်းချုပ်ထားပါတယ်။ လုံခြုံရေးစည်း (၃) စည်းထဲက အပြင်စည်း တွေမှာ ကားရပ်နားနေရာအထိ ကားရပ်နားခ ကောက်ခံသူကအစ မိမိလူ သတင်းပေးအဖြစ်ထားသလို အဝေးစည်းအဖြစ် Snifer လက်ဖြောင့်ရန်မှ ကာကွယ်နိုင်အောင် ပတ်ဝန်းကျင်စစ်ခြင်းနဲ့ တိုက်အမြင့်တွေမှာ လက်နက်ကိုင်များ တင်ထားခြင်း စတာတွေလုပ်ပါတယ်။ လေဆိပ်လာမည့် အရေးကြီးပုဂ္ဂိုလ် ရာထူးအဆင့်ပေါ် မူတည်ကာ လုံခြုံရေးတင်းကျပ်မှု အဆင့် ကွာသွားပါတယ်။

၁၇။ ဦးသိန်းစိန်လက်ထက်မှာ နကစ ဗြုန်းကနဲ ဖျက်သိမ်းလိုက်လို့ လွတ်သွားတဲ့နေရာကို အစိမ်းသက် သက် ရဲတပ်ဖွဲ့တွေက တာဝန်ယူရလို့ ကြက်မျက်သင့်သလို စမ်းတဝါးဝါးဖြစ်နေသလို အစားထိုးဝင်လာတဲ့ စရဖဟာလည်း မူလထောက်လှမ်းရေးတပ်ဖွဲ့တွေရဲ့ အရည်အသွေးမမှီတဲ့ဖြစ်စဉ်တွေလည်း တွေ့ရှိရပါတယ်။

ရခိုင်ကျောက်တော် မဟာမြတ်မုနိ လမ်းကြောင်းအနီး တိုင်းရင်သားလက်နက်ကိုင်တဖွဲ့ရဲ့စခန်း ရှိနေတာ၊ ကျောက်ဖြူ  ပုဇွန်ကန်မှာ တိတ်တဆိတ်သွင်းလာတဲ့ RPGများ ဖွက်ထားတဲ့ သတင်း (စရဖ)က တော်တော်နဲ့ မသိဖူးလို့ ဗိုလ်မှူးကြီး(ငြိမ်း)တစ်ဦးက ပြောပါတယ်။တဖက်နိုင်ငံကနေ ဝင်လာတဲ့ လက်နက်ခဲယမ်းမှောင်ခိုလမ်းကြောင်း ရှိနေတာမို့ အရင်တုန်းက ပိတ်လိုက်သော စစ်ဆေးရေးဂိတ်တွေကို (မွန်ပြည်နယ်မုပ္ပလင် မရမ်းခေါင်ဂိတ်) ပြန်ဖွင့်သင့်ပါတယ်။ (နောက်ပိုင်းဝင်လာတဲ့သတင်းအရပြန်ဖွင့်နေပြီသိရ)

၁၈။ ဒါဆိုရင် တပ်မတော်ကဘဲ မလုပ်နိုင်တာလား၊ အစိုးရကို မယုံသေးလို့ “အား” မထည့်တာလား၊ ဒါလည်း  မဟုတ်တန်ကောင်းပါ။ စဉ်းစားစရာဖြစ်လာတယ်။ တခုရှိတာက ရှမ်းပြည်မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ဖို့ ပြည်သူ့လွှတ်တော်မှာ လန်ကျကတည်းက တဖက်နဲ့တဖက် ရှိန်သွားပြီး ဆက်ဆံရေး တုံ့ သွားနိုင်ပါတယ်။ အစိုးရဖွဲ့စည်းပုံအသစ်ဖြစ်တဲ့ ဦးကျော်တင့်ဆွေ၊ ဦးသောင်းထွန်းတို့ကို ဝန်ကြီးတွေ အဖြစ်ခန့်တဲ့ အပိုင်းမှာ တပ်ချုပ်ကို မတိုင်ပင်ဘဲ မိမိသဘောနဲ့ခန့်အပ်ခဲ့ရင် တပ်ချုပ်အနေနဲ့ စိတ်ထိခိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ တကယ်တော့ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် နယ်လှည့်ခရီးတွေစဉ်မှာ တပ်ချုပ် ဘာလို့ လိုက် မသွားရတာလဲ ဆိုတာ စဉ်စားရကြပ်ပါတယ်၊ ဦးသိန်းစိန် ခရီးစဉ်ဖြစ်ဖြစ် ယနေ့အစိုးရ ဒုသမ္မတ ဦးမြင့်ဆွေ အိန္ဒိယခရီးစဉ်မှာတောင် တပ်ချုပ်လိုက် သွားသေးတာ သူတို့ခရီးစဉ်တွေကျတော့ မလိုက်တာ အံ့သြရပါတယ်။ ဒီလို ခရီးခရီးစဉ်တွေမှာ ထောက်လှမ်းရေးသတင်းတွေ ပြောပြနိုင်သလို နိုင်ငံအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့အမြင်ချင်း ဖလှယ်ခွင့်ရကာ အကျိုးရှိသွားနိုင်ပါတယ်။ ဒီလို ခရီးအတူမသွားရတဲ့ အခြေအနေမျိုးကြောင့် နားလည်မှု လွဲမှားတာမျိုး၊ မိမိလုပ်ဆောင်မှုကို မသိလိုက်တာမို့ တန်ဖိုးမထားဘဲ လုံခြုံရေးတာဝန်များကို ဖြစ်သလို လုပ်ကိုင်နေတယ် ဆိုပြီး အစိုးရက တပ်ကို ထင်သွားနိုင်ပါတယ်။

၁၉ ။ နိုင်ငံရဲ့လုံခြုံရေးကွန်ယက် ပေါက်ပြဲနေတယ်ဆိုပါက လိုအပ်က ထိန်းချုပ်ထားတဲ့ အမျိုးသားထောက်လှမ်းရေးအဖွဲ့ ပြန်ဖွဲ့သင့်တယ်ဆိုတာကို စာရေးသူက“ ပြောင်းလဲချိန်တန်ပြီဆိုရင် ပြောင်းလဲရေးမဟာဗျုဟာ နည်းဗျူဟာ အစီအစဉ် တိုက်တွန်းချက်”  ဆောင်းပါးရှည်ကြီးကို (မိုးမခ) မီဒီယာမှာ ဖေဖော်ဝါရီ လ ၂၀၁၆ ကတည်းက အသေးစိတ် တင်ပြခဲ့ပြီးဖြစ်ပါတယ်။ အပိုင်း (၆) ၂၀၁၆ ဖေဖေါ်ဝါရီလထုတ် အပိုဒ် (၅၅) မှာ သတိလည်း ပေးထား ခဲ့တာ ပြန်လည်ကောက်နှုတ်ဖေါ်ပြလိုက်ပါတယ်။ http://moemaka.com/archives/49221

“ ၅၅။ လက်ရှိအခြေအနေအရ မြန်မာနိုင်ငံရဲ့ အရှေ့မြောက်နယ်စပ် ကိုးကန့်၊ ဝ လက်နက်ကိုင်အဖွဲ့တွေဟာ တရုတ်အားကိုးနဲ့ မငြိမ်းနိုင်သေးသလို နောက်ဘက်တံခါးနယ်စပ် ဘင်္ဂလီများကိစ္စကလည်း ဘင်္ဂလားဒေ့ နိုင်ငံခြားရေးဝန်ကြီးက နှပ်ကြောင်းပေးနေရာ အချိန်မရွေး နိုင်ငံတကာဖိအားအပြင် အကြမ်းဖက်အဖွဲ့က ပေါ်တင်ခြိမ်းချောက်ထားပြီးဖြစ်လို့ အမျိုးသားထောက်လှမ်းရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းသင့်ပြီဖြစ်ပါတယ်။ အဖွဲ့ဖွဲရမှာ မဟာဗျူဟာရည်မှန်းချက်၊ နည်းဗျူဟာများ၊ လုပ်ပိုင်ခွင့်အာဏာ၊ တာဝန်ဝတ္တရား၊ ဖွဲ့စည်းပုံတွေ၊ ထိန်းချုပ်မှု၊ စည်းကမ်းတွေနဲ့အတူ လွှတ်တော်မှာ ဥပဒေတစ်ရပ် ပြဌာန်းပြီး အကောင်အထည် ဖေါ်သင့်နေပြီဖြစ်ပါတယ်။”

၂၀။ ဒါ့အပြင် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဌာနအချို့ကို တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေရဲ့ ကွပ်ကဲမှု အောက်ထဲ လွှဲပြောင်းပေးသင့်ကြောင်း စာရေးသူက “စိန်ခေါ်မှူတွေရှိနေတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး တိုက်တွန်းချက်” – အပိုင်း(၄) ဆောင်းပါးကို (မိုးမခ)မီဒီယာမှာ နိုဝင်ဘာ ၂၅၊ ၂၀၁၅ တွင် အမုန်းခံပြီး တိုက်တွန်းခဲ့ရာ ပြန်လည်ကောက်နှုတ်ဖေါ်ပြပေးလိုက်ပါတယ်။ http://moemaka.com/archives/47764

“၁၇။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲမှာ စံချိန်တင် အများစု ရထားတာမို့ တပ်မတော်က ပြုပြင်ပြောင်းလဲရေးကို လိုလားတယ်ဆိုရင် စိုးမိုးထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို လွှဲပေးသင့်ပါတယ်။ အကြောင်းရင်းမှာ ဗဟိုမှ မြို့နယ်အဆင့်ထိ အရပ်ဘက်၊ နယ်ဘက် အုပ်ချုပ်ရေးယန္တရား၊ စီမံခန့်ခွဲရေး၊ ပြည်တွင်းလုံခြုံရေးကို ပြည်ထဲရေးဌာနက အဓိကထား ကိုင်တွယ်နေရတာဖြစ်ရာ အီးယူက ထောက်ပံ့ပေးသလို ပြုပြင်ပေးရေး လိုအပ် ချက် ရှိနေတာမို့ NLD ရဲ့ ဒီမိုကရေစီ အသွင်ဖေါ်ဆောင်ရေးမှာ ထိရောက်မှူရှိရေးအတွက် လုပ်ပိုင်ခွင့်ပေးသင့် ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဆန္ဒပြမှူတွေကို ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ပုံ ညံ့ဖျင်းတာကြောင့် နာမည် ပျက်နေပါတယ်။ ဒီလို လွှဲပြောင်းလိုက်ခြင်းဖြင့် တပ်မတော်က သဘောထားကြီးတဲ့ ခြေလှမ်း တလှမ်းလှမ်းလိုက် တယ်ဆိုတာ သက်သေပြရာ ရောက်ပါတယ်။”

၂၁။ အရင်ကနဦး ပြည်ထဲရေးကို လွှဲပေးမည့် သတင်းထွက်ပြီးမှ ပြန်ထိန်းလိုက်တဲ့ အမိန့် ထွက်လာလို့   ဦးကိုနီကတောင် ဝေဖန်ခဲ့ပါသေးတယ်။ ဒီလို အရေးပါတဲ့ ပုဂ္ဂိုလ်လိုမျိုး အလားတူ ဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွါးခဲ့ရင် တဖက်နဲ့တဖက် တင်းမာ ပေါက်ကွဲကြကုန်မှာမို့ယခုကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတတို့ဘက်က (ကာ/လုံ)အစည်းအဝေး ခေါ်ယူသင့်၊ မသင့် စဉ်စားရပါမယ်။ အစည်းအဝေးကျင်းပခဲ့ရင် တပါတည်း (ကာ/လုံ)ရဲ့ လုပ်ငန်းတာဝန်၊ အနာဂတ်နဲ့ ဖျက်သိမ်းလိုက်တဲ့ ဥပဒေတချို့ထဲက လုံခြုံရေးအတွက် လုပ်ထုံးလုပ်နည်းတွေကို ပြန်လည်သုံးသပ်သင့်ပါတယ်။ တကယ်လို့ (ကာ/လုံ) မခေါ်ချင်ရင်တောင်မှ အစိုးရနဲ့တပ်မတော်ညှိနှိုင်းပြီး အမျိုးသားထောက်လှမ်းရေးအဖွဲ့ပြန်ဖွဲ့ (သင့်/မသင့်) တိုင်ပင် စဉ်းစားပြီးသဘောတူပါက ပူးတွဲဥပဒေကြမ်းရေးဆွဲကာ လွှတ်တော်အား ဆက်လက် ညှိနှိုင်းသင့်ပါတယ်။

အဲဒီအခါ (ကာ/လုံ)ဆိုတာ လိုအပ်ပါသေးလား၊ လိုအပ်သေးရင် အမျိုးသားလုံခြုံရေးအန္တရယ် ခြိမ်းချောက်ခံနေရ၊ ကျိုးပေါက်တဲ့ ဘယ်အဆင့်ကျမှ ခေါ်မယ် ဆိုတာ တပါတည်း ညှိရပါမယ်။ အဲဒီအခါကျရင် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ကော လိုအပ်ပါသေးလားဆိုတာ စဉ်းစားရပါမယ်။

စာရေးသူ အနေနဲ့ အစိုးရကိုယ်တိုင်က ထိန်းချုပ်ထားတဲ့ အမျိုးသားထောက်လှမ်းရေးဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်တွေကို ယခင်ဆောင်းပါး ၂၀၁၆ ဖေဖေါ်ဝါရီလ မိုးမခမှာ တင်ပြထားတဲ့ အတိုင်း စဉ်းစားသင့်ပါတယ်။

၂၂။ ဦးကိုနီသေဆုံးမှုနဲ့စပ်လျဉ်းပြီး တပ်မတော်ကလည်း အပြုသဘော ပူးပေါင်းဆောင်ရွက်မည် ဆိုတဲ့ ကြေညာချက် ထွက်လာလို့ ကြိုဆိုရပါမယ်။ နောက်ကွယ်မှ ဇာတ်လမ်းကို ပွင့်လင်းမြင်သာစွာ မဖေါ်ထုတ်နိုင်သရွေ့ အရပ်သားအစိုးရနဲ့ တပ်မတော်အကြား ဆက်ဆံရေးကောင်းမွန်တဲ့ လမ်းကြောင်းပေါ်ပြန်ရောက်ဖို့ ခက်ခဲသွားပါလိမ့်မယ်။

တပ်မတော်ဟာ အခု လေဆိပ်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား ရပ်တည်ဖို့ ဆုံးဖြတ်တဲ့နေရာမှာ လမ်းဆုံလမ်းခွကို ရောက်နေပါပြီ။ တည့်ပြောရရင် နောက်ကွယ်မှာ ဖြစ်နိုင်တဲ့ အချက်တွေက စစ်အာဏာရှင်တွေရဲ့ လူဟောင်းတွေ၊ ခရိုနီကြီးတွေထဲက လူတွေ၊ မူးယစ်ရာဇာတွေ၊ ပြည်ခိုင်ဖြိုးပါတီက တင်းမာသူတွေ၊ ပြည်တွင်း ပြည်ပက အစွန်းရောက်အကြမ်းဖက်သမားတွေနဲ့ လူမျိုးရေးအစွန်းရောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ပြီးတော့ နိုင်ငံတကာစွက်ဖက်မှု ဆိုပြီး ပစ်မှတ်တွေကို စစ်ထုတ်ရပါမယ်။ အထူးသဖြင့် မွတ်ဆလင်နိုင်ငံ၊ အိမ်နီးချင်းအင်အားကြီးနိုင်ငံ ဆိုပြီး စက်ဝိုင်းချဲ့ရာမှ တဖြေးဖြေးကျဉ်းယူကာ အားမနာတမ်း ခွဲခြမ်းစစ်ထုတ်ရပါမယ်။

(၂၃) နိဂုံးချုပ်ရေးသားနေစဉ် (ကာ/လုံ)ခေါ်မည့် သတင်းများထွက်လာလို့ ပြည်သူလူထုက သိချင်စိတ်ပြင်းပြနေတာမို့ ဖြစ်နိုင်ဖွယ်ရှိနိုင်တာတွေကို စာရေးသူအမြင်သုံးသပ်တင်ပြပါမယ်-

(က) မြောက်ပိုင်းမဟာမိတ်တိုက်ပွဲဖြစ်ပွါးနေခဲ့တာတောင် (ကာ/လုံ) မခေါ်ခဲ့ဘဲ ယခုမှ ခေါ်သံထွက်နေတာဟာ ဦးကိုနီလုပ်ကြံခံရတဲ့ ကိစ္စ ဖေါ်ထုတ်လာလို့ ခေါ်တာလား၊ သာမန်လူသတ်မှုဆိုရင် မခေါ်ဘဲ အရေးကြီးဖွယ် ဆုံးဖြတ်ရခက်မည့်ကိစ္စ ကြောင့်ခေါ်တာလား စဉ်စားစရာဘဲဖြစ်ပါတယ်။

(ခ) ရှေးဦးစွာ ဦးကိုနီအား ပြည်တွင်း၊ ပြည်ပက ကြိုးကိုင်ပတ်သက်မှုအရ ဖေါ်လာရင် နောက်မှကြိုးကိုင်နေသူဟာ ဘယ်သူတွေ ဖြစ်နိုင်မလဲ။

(ဂ) ပြည်ခိုင်ဖြိုးပါတီက လုံခြုံရေးခြိမ်းချောက်ခံနေရတယ်ပြောပြီး ပြောဆိုချက်ကို ပိုပြီးမီးမောင်းထိုးပြဖို့ ဒီလုပ်ကြံမှု ဖြစ်တည်လာသလား။ သဘောထားတင်းမာတဲ့ ပါတီဝင်အချို့က ပါတီထံ အသိမပေးဘဲ ကြိတ်ပြီးစီစဉ်လိုက် တာလား၊ ဒါမှမဟုတ် ဦးကိုနီကို မုန်းတီးနေတဲ့ အစွန်းရောက် အမျိုးသားရေးဝါဒီတချို့က မီးမွှေးလိုစိတ်နဲ့ လုပ် လိုက်တာလား။ ဒါပေမဲ့ လုပ်ကြံမည့်အတူတူ ဝန်ကြီးဦးဖေမြင့်လို အာဏာပိုင်ကျတော့ ဘာလို့မလုပ်လိုက်တာလဲ၊ စဉ်းစားစရာဖြစ်ပါတယ်။ ဒီလုပ်ကြံမှုဟာ လုပ်ကြံမှုကြီး ဖြစ်တယ်ဆိုရင် ဘယ်အဖွဲ့အစည်းတွေက သဘောထားထုတ်ပြန်မှု မလုပ်ဘဲ ရေငုံနေကြတာ ဘာကြောင့်လဲ။

(ယ) တဖန်ပြည်ပက ကြိုးကိုင်ပတ်သက်မှူအရ ဖြစ်လာနိုင်ချေရှိတဲ့အချက်မှာ မွတ်ဆလင်အဖွဲ့အစည်း အထူးသဖြင့် မလေးရှား၊ အီရန် ၊OIC တွေဟာ စွက်ဖက်မှုတွေ ရှိနေရာ ဘာသာတူ ဦးကိုနီထံ မဖြစ်မနေ ချဉ်းကပ်ခဲ့ကြသလား။ ဦးကိုနီကိုယ်တိုင်က NLD နဲ့ နိုင်ငံတော်အပေါ် စည်းစောင့်ထိန်းလိုသဖြင့် ငြင်းဆန်မှု တခုခုကြောင့် အစွန်းရောက် မွတ်ဆလင်အကြမ်းဖက်များက သွေးခင်းတဲ့ ဇာတ်လမ်းခင်းတာလား။ အီရန်က ဦးကိုနီ သေဆုံးမူအပေါ် စိတ်မကောင်းတဲ့ ကြေညာချက်ထုတ်ပြန်တာဟာ ထူးခြားနေဟန် ရှိပါတယ်။

(င) အထက်ပါပြည်တွင်းကဖြစ်ရင် ယခင်အထင်ကရ နံမည်ကြီးပုဂ္ဂိုလ်တစ်ဦးဦးနဲ့ ပတ်သက်နေလို့ မဖေါ်ထုတ်မှီ ဂယက်ရိုက်လာမည့်အရေးကြိုတင်ပြင်ဆင်ချင်လို့ ဖြစ်စေ၊ ပြည်ပကဖြစ်ရင် နိုင်ငံခြားစွက်ဖက်မှုရှိလို့  နိုင်ငံတကာဖိအား ကျရောက်လာနိုင်လို့ ပြင်ဆင်ချင်လို့ (ကာ/လုံ)ကို ခေါ်တာဘဲဖြစ်မယ်လို့ သုံးသပ်ပါတယ်။

၂၃။ အမျိုးသားလုံခြုံရေး စိန်ခေါ်မှု ဖြစ်စဉ်တွေအရ လက်အောက်ကိုချည်း အပြစ်တင်ပုံချမည့်အစား တာဝန်အရှိဆုံး အကြီးဆုံးဟာ ဘယ်သူလဲ ၊ပြည်ထဲရေးဝန်ကြီးလား၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်လား၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးလား၊ နယ်လုံဝန်ကြီးလား … ထိုးကျွေးတဲ့ ပုံစံမျိုးထက် ဂုဏ်သိက္ခာရှိရှိ နှုတ်ထွက်မှု၊ သင်ခန်းစာယူ ထုတ်ဖော်ဝန်ခံမှု၊ တပ်မတော်က ပြည်ထဲရေးဝန်ကြီးဌာနကို နိုင်နင်းအောင် ကိုင်တွယ်ရင် ကိုင်တွယ်၊ မကိုင်တွယ်နိုင်ရင် တပ်မတော်ပါ ဂုဏ်သိက္ခာ အဆစ် သိက္ခာကျစရာ ဖြစ်လာတာမို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေရဲ့ ကွပ်ကဲမှူအောက်ကို တိုင်းနဲပြည်နယ် ရဲတပ်ဖွဲမှူးတွေအား လွှဲပြောင်းပေးမလား၊ (ကာ/လုံ) ခေါ်ကြမလား၊ ဒါမှမဟုတ် နိုင်ငံတကာမှာ အကြမ်းဖက်ဖြစ်စဉ်တွေ ပြည်တွင်းရေး ၀င်ရောက်စွက်ဖက်မှုတွေအားလုံးမှာ hakcer, sniffer စတဲ့ အနုနည်း ဖောက်ထွင်းသူတွေ၊ သေနတ်၊ လက်နက်၊ ဗုံး၊ စတဲ့ အကြမ်းဖက် လုပ်ကြံသူတွေ၊ အဝေးရောက် အနီးကပ် ဖျက်စီးတာတွေကို အားလုံး မြင်တွေ့နေကြရပါတယ်၊ ဒါကြောင့် အစိုးရလက်အောက်ခံ အမျိုးသားထောက်လှမ်းရေးအဖွဲ့ပြန်ဖွဲ့မလား  စသဖြင့် တခုခု အမျိုးသားလုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှူ ပြောင်းလဲချိန်တန်ပြီ ဆောင်ပိုဒ် အတိုင်း အရေးယူ ဆောင်ရွက်သင့်ပါကြောင်း နဲ့ဖေါ်ထုတ်ချက်ကို ပြတ်သားစွာကိုင်.တွယ်မယ်ဆိုရင် အစိုးရသာမက ပြည်သူလူထုရဲ့ အားကိုးယုံကြည်မှူ ဒီဂရီအမြင့်ဆုံး တပ်မတော်က ရရှိသွားမယ်ဆိုတာ ဧကန်မလွှဲဖြစ်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts