ကဗျာ မောင်စွမ်းရည်

ဝင်းတင့်ထွန်း – ဆရာစွမ်း .. အသက်ရာကျော် ရှည်ပါစေ..

ဝင်းတင့်ထွန်း – ဆရာစွမ်း .. အသက်ရာကျော် ရှည်ပါစေ..
(မောင်စွမ်းရည် – သက် ၈၀ပြည့် အကြို အမှတ်တရ တင်ဆက်မှုများ)
(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၁၇
( ၁ )

မြင်းခြံ ရဲ့ ထွက်ကုန်ဟာ
‘ကွန်မြူနစ် နဲ့  ဆေးပေါ့လိပ်’ တဲ့
သိပ်မဝေးလှသေးတဲ့ အတိတ် နဲ့  မျက်မှောက်တွေအကြားမှာ
ကဗျာဆရာတယောက်ကတော့ မှတ်တမ်းတင်
ရင်ခုန်ခုန်နဲ့  ကဗျာဖွဲ့ 
ဟုတ်ကဲ့ – ကျနော် ဖတ်ရဖူးပါတယ် ၊
ထိထိ ရှရှ ရှိပါတယ် ။

ဒါပေမဲ့
မြင်းခြံ ရဲ့ ထွက်ကုန်ဟာ
ကွန်မြူနစ်နဲ့ ဆေးပေါ့လိပ် သာမက
စူးရှတဲ့ အလင်္ကာနဲ့ 
အာဂ ကဗျာဆရာတွေလဲ ထွက်ပါတယ် ။

ဒီထဲမှာ
ဆရာဂျမ်း နဲ့  ဆရာစွမ်းကတော့
နိုင်ငံတ၀ှန်းလုံး အသိ
သမိုင်းရှိတဲ့ ကဗျာဆရာကြီးတွေ ဖြစ်ခဲ့တယ်။

ဆရာဂျမ်းက
တောင်သာ ကန်မြဲ- ဇဂျမ်း က..
ဆရာစွမ်းက
မြင်းခြံ ကန်ဆင့် တောင်ရွာ က..။

( ၂ )

ဆရာဂျမ်း နဲ့ ဆရာစွမ်း.. တဲ့
‘ ဂျမ်း နဲ့  စွမ်း ’ တို့ ဟာ
အညာသားတွေ ပီပီ
အထက်ဗမာပြည်ရဲ့ သမဂ္ဂ
ဗကသ ၀င်တွေ ဖြစ်ကြပြီး
(နောက်တော့- ) မတကသ ရဲ့ အလံကိုင်
‘တပ်ဦး’ မဏ္ဍိုင်တွေလဲ ဖြစ်ခဲ့ကြရုံမက
အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းကြီး ပေါ်လာတော့
ခေါင်းတမော့်မော့်နဲ့  ခွပ်လက်ပြင်
တောင်စုံနှင်လို့ ကလောင်သွေး
‘လူထု’ ရဲ့  ငယ်မွေး ခြံပေါက်တွေလဲ ဖြစ်ခဲ့တယ် ။

‘ ဂျမ်း နဲ့  စွမ်း ’ တို့ ဟာ
‘ ဇော် နဲ့  ၀ဏ် ’
‘ တာ နဲ့  တင် ’ တို့ လို
စာအုပ်စင်ပေါ်သာမက
ဗမာ့စာပေသမိုင်းမှာ
စံနှိုင်းစရာ ခြေလှမ်းညီ
ထမ်းပိုးညီတဲ့ ခေတ်ပြိုင် ကြယ်စင်တွေလဲ ဖြစ်ခဲ့တယ် ။

ဆရာဂျမ်း ရဲ့  ‘ ဖလ်မီးအိမ်’ ဟာ
ခုချိန်အထိ လင်းလက်နေဆဲ ဖြစ်သလို..
ဆရာစွမ်း ရဲ့  ‘ အနီ နဲ့ အပြာ ’ ကလဲ
ခုချိန်အထိ အရောင်ဖြာဆဲ ဖြစ်ပါတယ် ။

( ၃ )

ဆရာစွမ်းဟာ
ဆရာဂျမ်း မရှိတော့တဲ့အတွက်
ဘက်ပဲ့သွားခဲ့ရတာ မှန်ပေမဲ့
နိုင်ငံနဲ့  ပြည်သူ့ အရေးတွေမှာ
မနှေးမဖင့် ဆက်သယ်ဆောင်
ပြည်သူ့ ကလောင် ပီခဲ့တယ်။

ဆရာစွမ်းဟာ
ကဗျာဆရာသာမက
စူးရှလှတဲ့ ကလောင်မာန်နဲ့ 
စာပေ ဝေဖန်ရေးဆရာတဦးလဲ ဖြစ်ခဲ့တယ်။

‘ မြန်မာစာပေ ဘယ်လဲ ဘာလဲ’
………………… ဘယ်လဲ ဘာလဲ
………………… ဘယ်လဲ ဘာလဲ – တဲ့
ရဲရဲရင့်ရင့် နဲ့ ဖေါ်ထုတ်သံ
တနိုင်ငံလုံးက ကြားခဲ့ရ
စူးစူးရှရှ ရှိခဲ့သလို
ဝေဖန်ရေးကို ထပ်တိုးချဲ့ 
‘ ဘာလဲဟဲ့ ကွန်မြူနစ် ’
‘ ဘာလဲဟဲ့ ဟီးရိုးဝေါရှစ် ’
‘ ဘာလဲဟဲ့ အကြောက်တရား ’
‘ ဘာလဲဟဲ့ တမတ်သား’ တဲ့
ပြတ်သားလှတဲ့ သူ့ အသံ
စံထားလောက်အောင် ထက်လှတယ်။

ဆရာစွမ်းရဲ့ ကလောင်ဟာ
ဂုဏ်ရောင်ပြောင်ပြောင် ဆက်တောက်ပ
သံမဏိသားရရ ဆက်လက်ချီ
နှလုံးသားထဲအထိ တည်နေဆဲသောအရောင်ဟာ
‘ အနီ နဲ့ အပြာ ’
အနီ နဲ့ အပြာ..ပါပဲ။

အနီဆိုတာက ‘တော်လှန်ရေး’
အပြာဆိုတာက ‘ ငြိမ်းချမ်းရေး ’
တော်လှန်ရေးအပေါ် သစ္စာရှိ
ငြိမ်းချမ်းရေးအပေါ် မေတ္တာအပြည့်နဲ့ 
စွမ်းရည်ရှိရှိ ဒီကလောင်ဟာ
( ၈၀ )ပြည့်တောင် တိုင်ခဲ့ပြီ..။

ဒါပေမဲ့
မယိုင် မနဲ့ စွမ်းအားမာန်နဲ့ 
နိုင်ငံအကျိုး- ဆက်သယ်ဆဲ
‘ ဘာလဲဟဲ့ မောင်စွမ်းရည်..’ တဲ့
ရာပြည့်ဆီအထိ ဟစ်လိုက်သံ
မြောက်ပြန်လေနဲ့ အတူ ကြားလိုက်ရ
အမေရိကန်ရောက် ကဗျာဆရာထံ
ဂန္ဓာလရာဇ် တလျောက်ဆီက
အဝေးရောက်ညီငယ်များရဲ့  ဂုဏ်ပြုသံ
နှလုံးသားအခံ နဲ့ ပဲ နားဆင်ပါ
‘ ၀မ်စွေ့ ..စမ်စွေ့ ’ လို့ လဲ မအော်ချင်
‘ ကန်ပေ့.. ကန်ပေ့ ’ လို့ လဲ မခေါ်ချင်
ကျနော်တို့ တတွေဟာ
ရိုးရာဆန်ဆန်နဲ့ ပဲ လွမ်းလိုက်မိ
( ဆရာစွမ်းရေ..) ကျန်းကျန်းမာမာ – လန်းလန်းဖြာဖြာ နဲ့ 
အသက်ရာကျော် ရှည်ပါစေ..
အသက်ရာကျော် ရှည်ပါစေ..။ ။

ဝင်းတင့်ထွန်း
၃၀-၁၂- ၂၀၁၆

ခေတ္တ- ဂန္ဓာလရာဇ်
( ဆရာစွမ်း (ဆရာမောင်စွမ်းရည်) ရဲ့ အသက်(၈၀)ပြည့်အတွက် အထိမ်းအမှတ်ပြုလိုက်ပါတယ်။ )

ဝေါဟာရရှင်းလင်းချက်
———————–
‘ ဇော် နဲ့ ဝဏ်’ = ဆရာဇော်ဂျီ နဲ့ ဆရာမင်းသုဝဏ်
‘ တာ နဲ့ တင် ’ = ဆရာဒဂုန်တာရာ နဲ့  ဆရာဗန်းမော်တင်အောင်
‘ ၀မ်စွေ့ -၀မ်စွေ့ ’( တရုတ်ဘာသာစကားနဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့‘အသက်တစ်သောင်း-အသက်တစ်သောင်း’ လို့ ဖြစ်။ ဆိုလိုတာက ‘အဓွန့် ရှည်ပါစေ..’
‘ကန်ပေ့-ကန်ပေ့’ ( တရုတ်ဘာသာစကားနဲ့ ‘ ခွက်မှောက်-ခွက်မှောက်ကြစို့ ’ ဖြစ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts