ကဗျာ

စိုးနေလင်း ● ပေးထားချက် သက်သက်ကဗျာ

စိုးနေလင်း ● ပေးထားချက် သက်သက်ကဗျာ
(မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂၀၁၇

တခါ တခါ နားမလည်နိုင်ဖြစ်ရတယ်
ကမ္ဘာကြီးရဲ့ဘယ်နေရာမှာ ငြိမ်သက်ခြင်းတွေ့ရမလဲ
ဗုံးခွဲ ပစ်ခတ် စီးနင်း သတ်ဖြတ်
ကန့်ကွက် ဆန္ဒပြ တားဆီး ပိတ်ပင် ဖမ်းဆီး
လောဘ ဒေါသ မောဟ မာန်မာနမီး
အလျှံညီးညီးလောင်တောက်
အသူတရာ ချောက်ကမ်းပါးစပ်မှာ
“သတ္တ၀ါတခု ကံတခု” က
ဆေးချက်တခု ဖြစ်ခဲ့မှတော့
ပေယျာလကန် အပြုခံရရှာသူများ
တင်တဲ့ငါး ကြောင်စား ပေပ။

“စိတ်မကောင်းဖြစ်ရပါသည်” ဆိုတဲ့စာကြောင်းနဲ့
ရေမလုံ ဆင်ခြေဆင်လက်တို့
အရောင်းသွက် ၁၀ ဖြစ်မြဲ
သဲထဲရေသွန်မိန့်ခွန်းများ
လက်ခုပ်သြဘာသံများ
မကြားချင်အဆုံး
အားလုံးပြုံးတတ် ခေါင်းငြိမ့်တတ်နေခဲ့ကြပေါ့။

လျှော့ရင်းပြတ်ကြဖို့ပြင်ဆင်နေဆဲ လေတံခွန်တို့
ဇာတ်ပို့ဆုပဲဖြစ်ဖြစ်
အနှစ်မရှိတဲ့တောမှာ ပဲ့ပြားတပင်လောက်
ကောက်သင်းကောက် ကောင်းခဲ့ရင် … ဆိုပြီး… ။     ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts