ကဗျာ

နှင်းခါးမိုး – ဒိုင်းဒိုင်း ဖိုးဖိုး ဘုန်း လဲကျ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

 
 

 နှင်းခါးမိုး – ဒိုင်းဒိုင်း ဖိုးဖိုး ဘုန်း လဲကျ
(မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂၀၁၇

ဂဏန်းက မငြိမ်သေးဘူး၊ သွေးတွေက အိုင်နေပြီ။
ဒဏ်ရာနဲ့အဲဒီမြစ်ကလေးဟာ ကြီးလာရင် ဘယ်ဆီကိုစီးဆင်းသွားမလဲ။

လုပ်ဖို့လိုလို့လုပ်တယ်၊ သေဖို့ဖြစ်လာလို့ သေတယ်။ ဆုံးရှုံးရတယ်ဆိုရင်တောင် ဆုံးရှုံးရမှုသက်သက်တော့မဟုတ်ဘူး။

ကလေးတွေအပေါ်ကို ဗုံးတွေကျလာတယ်
ပြခန်းနံရံက ပန်းချီကားတွေပေါ် သွေးစက်တွေလာစင်တယ်
မြေးကလေးကိုနမ်းနေတုန်းမှာ လောကကြီးကမှောင်ကျသွားတယ်။

လူကုံထံရပ်ကွက်လည်း မလုံခြုံဘူး၊ မြို့စွန်ခြံဝန်းလေးလည်း မအေးချမ်းဘူး။ တယောက်တည်းနေတယ်၊ တိုက်ခန်းလေးထဲ လက်သည်မပေါ်ဘူး။ အိမ်ကြီးရခိုင်နဲ့ အခြွေအရံနဲ့နေတယ်၊ အိပ်ခန်းထဲမှာ အကုန်မရှုမလှ၊ လူမမယ်သားသမီးလေးတွေလည်း အလွတ်မပေး၊ အဖေ့ဘေးမှာတယောက် အမေ့ဘေးမှာတယောက်၊ ဓါတ်ပုံတွေက မြင်မကောင်းဘူး။ တရားခံက ဘယ်မှာလဲ။

တစ္ဆေတွေက ခြောက်လှန်နိုင်တယ်၊ လူတွေက ရှင်သန်နိုင်တယ်။ ပန်းတွေမပို့ဖြစ်လည်း သူ့တို့သွားမယ့်လမ်းကဖြောင့်ပါတယ်။ သူ့အဘိုးနဲ့ လေဆိပ်မှာဆော့ခဲ့ကြတာ မြေးလေးကမမေ့ဘူး။ လာတဲ့လူတွေကို ပြောပြောပြသတဲ့။

ငိုသံတွေနောက်မှာ ရေတံခွန်ကြီးကိုထမ်းထားတဲ့ ကျောက်သားနံရံကြီးရှိသလိုမျိုး၊ ကျည်ဆံတိုင်းမှာလည်း သူ့ငရဲနဲ့သူ။

နှင်းခါးမိုး
၀၆၊ ဖေဖေါ်ဝါရီ၊ ၂၀၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts