Uncategorized

Witt Hmoe (Singpore) – Articles

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

မှန်ကန်သောနောက်လိုက်ကောင်း၊ စိတ်နေစိတ်ထား
ဝတ်မှုန် (စင်ကာပူ)
အောက်တိုဘာ ၈၊ ၂၀၁၃


အလွန်ချမ်းသာတဲ့ တပည့်တော်တစ်ဦးရဲ့ ပြောပြချက် (သက်သေခံချက်) ကို ကြားဖူးပါတယ်။ သူ့နာမည်ကတော့ ဦးလှလို့ပဲဆိုပါတော့။ မြန်မာပြည်မှာအလွန်ကြွယ်ဝချမ်းသာခဲ့သူဖြစ်ပါတယ်။ ယခုတော့ နိုင်ငံခြားအစိုးရတစ်ခုအတွက် စီးပွားရေးနဲ့အကြံပေးလုပ်ငန်းများလုပ်ကိုင်နေသူဖြစ်ပါတယ်။ မြန်မာပြည် ၁၉၈၈ခုနှစ်အလွန်မှာ စစ်အာဏာရှင်များ ဒီမိုကရေစီအရေးအခင်းကြီးကို ပစ်ခတ်နှိမ်နင်းပြီး အုပ်ချုပ်နေစဉ် တိုင်းပြည်အတွက် နိုင်ငံခြားငွေ အကြီးအကျယ်လိုအပ်နေချိန်ဖြစ်ပါတယ်။ ဦးလှက ထိုင်းနိုင်ငံသူဌေးတစ်ဦးရဲ့ ကုမ္ပဏီမှာ Trading ကုန်ကူးသန်းရောင်းဝယ်ရေး လခစားအလုပ် လုပ်နေချိန်ဖြစ်ပါတယ်။ သူဌေးအောက်မှာ လခစား ဝန်ထမ်း၃ဦးရှိတာ နိုင်ငံတကာခရီးများများသွားရပါတယ်။ ခရီးသွားချိန်ကျမှ ဟိုတယ်၊ လေယဉ်၊ အစားသောက်၊ နေ့ထွက်စရိတ်တွေ ဒေါ်လာနဲ့ရရှိတော့ ခရီးသွားရင် အဲဒီစရိတ်တွေကို တကယ်ကုန်ကျတာထက် ပိုပြီးရေး Allowance Claim တင်ရပါတယ်။ ကုမ္ပဏီကလည်း အမြတ်ငွေများများရတော့ ခရီးစရိတ်သွားချိန် ကောင်းကောင်းစားသောက်၊ သုံးစွဲရင်း ပိုက်ဆံ Allowance လည်းအများကြီးရပါတယ်။ ဦးလှကတော့ တခြား၂ယောက်လို ပိုပြီး Claim မလုပ်ပါဘူး။ လိုသလောက်ပဲသုံးစွဲပြီး ကုန်ကျသလောက်ပဲ Claim ပြန်လုပ်တော့ ကျန်တဲ့၂ယောက်က သူ့ကို “ခင်ဗျား..ကျွန်တော် Claim လုပ်သလိုလုပ်ပါဗျာ။ ခင်ဗျား Claim လုပ်တာနည်းတယ်..” လို့ပြောပါတယ်။ ဦးလှကတော့ သိပ်ရှင်းမပြတော့ပါဘူး။  စိတ်သဘောထားချင်းမတူသူ ရာထူးအဆင့်တူ၂ဦးနဲ့ အကောင်းဆုံးနေထိုင်ဆက်ဆံရင်း၊ အလုပ်အတူတူလုပ်ခဲ့ရတယ်။ 
● ၁၉၈၉ ကျွန်းသစ်ပါမစ် ခေတ်စားစဉ်
တစ်ခါကဖြစ်ပါတယ်။ တစ်နေ့တော့ မြန်မာအစိုးရက ကျွန်းသစ်ထုတ်ခွင့်ပါမစ်တွေ ပေးနေပြီသတင်းကို ထိုင်းသူဌေးက ကြားသိလိုက်တယ်။ ယုံကြည်ရတဲ့ ဦးလှကို ဒေါ်လာ၂သန်းထုတ်ပေးပြီး မြန်မာပြည်က ကျွန်းသစ်ထုတ်ခွင့်ပါမစ်ရအောင် ခရီးထွက်ခိုင်းပါတယ်။ သူဌေးမှာ လူ၃ဦးရှိတာ ဦးလှတစ်ယောက်ပဲ ဗမာလူမျိုးဖြစ်ပြီး၊ ယုံကြည်ရသူဝန်ထမ်း Trusted Staff ဖြစ်တော့ ဒေါ်လာ၂သန်းအထုပ်ကို ယုံကြည်စွာပေးလိုက်ပါတယ်။ သူဌေးစီစဉ်ပေးတဲ့အတိုင်း ဒေါ်လာ၂သန်းအထုပ်ကြီးနဲ့ မြန်မာပြည်ကိုရောက်သွားပါတယ်။ ရောက်တာနဲ့ မိတ်ဆွေများကို မေးမြန်းရင်း သစ်လုပ်ငန်းဝန်ကြီး ဗိုလ်ချုပ်ကြီးကို ကိုယ်တိုင်ဝင်တွေ့ခွင့်ရပါတယ်။ ဝန်ကြီးကလည်း နိုင်ငံတော်အတွက် နိုင်ငံခြားငွေ ဒေါ်လာ၂သန်းယူဆောင်လာသူကို အရေးတယူနဲ့၊ လက်ခံစကားပြောရင်း ဝန်ကြီးရဲ့ လက်ထောက်များရှေ့မှာပဲ ပါမစ်လျှောက်လွှာကို လုပ်ပေးဖို့နဲ့၊ ဒေါ်လာ၂သန်းကိုလည်း လက်မှတ်ထိုးလက်ခံယူထားလိုက်ပါတယ်။ ဦးလှလည်း ဝန်ကြီးရုံးက ပေါ့ပါးစွာထွက်လာပြီး ထိုင်းနိုင်ငံက သူဌေး Boss ဆီကိုသတင်းပို့လိုက်ပါတယ်။ ဝန်ကြီးလက်ထောက်များရဲ့ ကျွန်းသစ်ထုတ်ခွင့်ပါမစ်အတွက် အေးအေးဆေးဆေး စောင့်နေပါတယ်။ အကြောင်းပြန်မယ် ဆိုတဲ့ ဝန်ကြီးလက်ထောက်များပြောစကားအတိုင်း စောင့်နေလိုက်တာ ၂ပတ်ကျော်တဲ့အထိ ဘာမှသတင်းမကြားတော့ စိတ်ပူလာပါတယ်။ တစ်လကျော်လာတဲ့အချိန်မှာတော့ ဝန်ကြီးလက်ထောက်ကို ဖုန်းဆက်မေးလဲ ဘာမှမထူးခြား၊ ထိုင်းနိုင်ငံက ဘော့စ်ဖြစ်သူကို အားနာ၊စိတ်ပျက်စွာနဲ့ အခြေအနေကိုအစီရင်ခံပါတယ်။ ဒေါ်လာ၂သန်းဆိုတဲ့ ငွေကြေးတော့ သွားပြီလား..လို့။ ဘုရားသခင်ပဲအားကိုးရုံရှိတော့ ဆုတောင်ခြင်းနဲ့ပဲ နေရတော့တယ်။ နောက်ဆုံး ၂လကျော်လာတော့ လူမသိ၊သူမသိနေရာကို သွားပြီး ထိုင်းနိုင်ငံလည်းမပြန်တော့ဘူး။ သစ်လုပ်ငန်းဝန်ကြီးရဲ့ လက်ထောက်ကိုလည်း အဆက်အသွယ်မလုပ်တော့ဘူး။ အခြေအနေမကောင်းတော့ဘူးလေ။ ကိုယ့်ကို ယုံကြည်စွာပေးလိုက်တဲ့ ဒေါ်လာ၂သန်းပေးလိုက်တဲ့ ကုမ္ပဏီပိုင်ရှင်ကိုပဲ အလွန်အားနာ၊ဝမ်းနည်းရပါတယ်။ ဘာမှမတတ်နိုင်တဲ့အချိန်မှာ ဦးလှ သက်ဝင်ယုံကြည်တဲ့ ယေရှုဘုရားရဲ့ ကားတိုင်ပေါ်မှာအသေခံတဲ့နည်းအတိုင်း ဘာမှပြန်မပြောတော့ပဲ ငြိမ်ပြီးခံလိုက်ရုံရှိတော့တာပေါ။ ဘုရားသခင်သိပါတယ်…လို့၊ ဘုရားသခင်ကယ်မတော်မူပါ..ဒါပဲတတ်နိုင်ပါတော့တယ်။ 
● ရင်းနှီးငွေဒေါ်လာ၂ သန်း ပလုံပြီလား
ရှေ့ဆက်ပြီး ဘဝကိုရှောက်လှမ်းရင် မြန်မာပြည်မှာပဲ မရေယာတဲ့ ကျွန်းသစ်ပါမစ်ကို ဆက်ပြီးစောင့်ရမလား၊ ထိုင်းနိုင်ငံသူဌေးကို အကျိုးအကြောင်းရှင်းပြရမလား… ဘာလုပ်ရမှန်းမသိပဲ ၂လကျော်လာပါပြီး။ ဝန်ကြီးနဲ့ဆက်သွယ်ပေးတဲ့မိတ်ဆွေများလည်း ဦးလှလိုက်မေးလို့ မရတော့ပါဘူး။ ထိုင်းနိုင်ငံသူဌေးကလည်း ပထမတစ်လတော့ လှမ်းလှမ်းမေးသေးတယ်။ နောက်တစ်လတော့ ထိုင်းသူဌေးဆီက တယ်လီဖုန်းလဲလုံးဝမလာတော့ဘူး။ ဝန်ကြီးရုံးကလည်း ဘာမှသတင်းမကြားရတော့ဘူး။ မြန်မာနိုင်ငံမှာလည်း ဝန်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးများရဲ့ စစ်အာဏာရှင်စရိုက်များကို ကြားသိနေတဲ့ ဦးလှတစ်ယောက်တော့ ဘာတတ်နိုင်တော့မှာလဲ။ ဘုရားသခင်နဲ့ပဲ ၂ယောက်ထဲ စကားပြော၊ ဆုတောင်းရင်း လက်ရှိအခြေအနေနဲ့ရှေ့ဆက်ရမဲ့ဘဝခရီးကို ထောင်ကျလူသား၊ တိုက်ပိတ်ခံလူသားတစ်ဦးလိုပဲ ခံစားရပါတယ်။ ဦးလှလည်း စစ်အာဏာရှင်အစိုးရလက်အောက်မှာ ထောင်ကျ၊ ပစ္စည်းဥစ္စာဆုံးရှုံးခဲ့သူဖြစ်တယ်။ ထောင်ကလွတ်ပြီးနောက်ပိုင်း ထိုင်းနိုင်ငံကို ထွက်ခွာ၊ ဘဝသစ်ပြန်စခဲ့ရသူပါ။ အခု မြန်မာပြည်ကို ဘဝသစ်တစ်ခုပြန်စဖို့ မျှော်လင့်ချက်ကြီးမားစွာနဲ့ ဒေါ်လာ၂သန်းအထုတ်ကြီးကိုင်ပြီး ကျွန်းသစ်ထုတ်ခွင့်ပါမစ်ရဖို့ ရိုးသားစွာ တင်ဒါလာဆွဲသူပါ။ အခုတော့ ငါးမရပဲရေချိုးပြန်ရမဲ့ကိန်းဖြစ်နေပါပြီ။ ရေလည်းမချိုးနိုင်ပါဘူး။ Helpless ကယ်မဲ့သူမရှိ၊ ဘယ်သူမှလဲချဉ်းကပ်လို့မရတဲ့အပြင် ပြသနာကောင်ဘဝကိုရောက်နေပါတယ်။ ရင်ဖွင့်ရင်လည်း မတော် ဆွဲစိခံလိုက်ရရင် ထောင်ချ၊တိုက်ပိတ်ခံခဲ့ရဖူးတော့ ကိုယ့်နှုတ်ကိုပဲ ပိတ်ထားတာကောင်းပါတယ်..လို့ အထီးကျန်ဘဝ၊ စိတ်ပျက်အားငယ်စွာနဲ့ ၂လတိုင်နေထိုင်ရပါတယ်။ အထီးကျန်၊ဝမ်းနည်း၊ ကယ်မဲ့သူလုံးဝမရှိတဲ့အချိန်ကာလ၂လကျော်လာချိန်အထိ အားမလျော့ပဲ ကယ်တင်ရှင် ဘုရားသခင်နဲ့ပဲ အချိန်ယူပါတယ်။ ဆုတောင်းတယ်။ ဘုရားရှိခိုးတယ်။ ဘုရားကျောင်းမှန်မှန်တက်ပါတယ်။ 
၃လထဲရောက်လာပါတယ်။ ၃လကာလဆိုတာ ၃နှစ်မက ကြာပါတယ်။ မမျှော်လင့်ပဲ သစ်လုပ်ငန်းဝန်ကြီးရုံးက ဖုန်းဝင်လာပါတယ်။ ကျွန်းသစ်ပါမစ်အတွက် ဝန်ကြီးကတွေ့ချင်လို့ ဆိုလာပါတယ်။ နောက်မှသိရတာကတော့ အလုပ်အင်မတန်များတဲ့ ဝန်ကြီးက မေ့သွားပြီး၊ ၃လကြာမှသတိရလာတော့ ဦးလှ ကျွန်းသစ်ပါမစ်ကိစ္စ ကိုမေးမြန်းတယ်ဆိုပဲ။ ဒီတော့မှ ဒေါ်လာ၂သန်းအထုပ်ကို ဖွက်ထားပေးတဲ့ ဝန်ကြီးရုံးအမှုထမ်းများက ပျာသလဲနဲ့ ဦးလှကို အမြန်ဆုံးရှေ့တော်သွင်းလိုက်ပြီး၊ ကျွန်းသစ်ပါမစ် တန်ချိန်၄၀၀ (တစ်တန် ဒေါ်လာ၅၀၀၀ဈေးနှုန်း) Export လုပ်ခွင့်ရသွားပါတယ်။ ပါမစ်ရတာနဲ့  ကိစ္စကိုခပ်မြန်မြန် အပြီးရှင်း Liquidize လုပ်ဖို့လိုလာပြီ။ ဗိုလ်ချုပ်ကြီးများ စိတ်ပြောင်းသွားရင် ခက်မယ်လေ။ ထိုင်းနိုင်ငံမှာရှိတဲ့သူဌေးဆီ သတင်းပို့ရင်း ပဲခူးရိုးမက ဦးလှတို့ ကြိုတင်ကြည့်ရှုထားတဲ့ မြန်မာ့သစ်လုပ်ငန်းက သစ်ပုံကြီးများက ကောင်းတဲ့သစ်တွေ ရန်ကုန်သယ်၊ ထိုင်းနိုင်ငံက သစ်တင်သင်္ဘောတစ်စီး အမြန်ခေါ်ပြီး ၂ပတ်အတွင်း Export Project ကိုအောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူကိုးကွယ်တဲ့ ယေရှုဘုရားကို ကျေးဇူးတင်၊ ချီးမွမ်းနိုင်ခဲ့ပါတယ်။ 
● အောင်မြင်ပြီ။ ရင်းနှီးငွေ ဒေါ်လာ၂သန်း၊ အမြတ်ငွေဒေါ်လာ၅သန်း
ထိုင်းနိုင်ငံပြန်ရောက်တော့ ထိုင်းသူဌေးက သစ်တန်ချိန်၄၀၀ကို ရောင်းချပြီးပါပြီး၊ အမြတ်ငွေ ဒေါ်လာ ၅သန်းလောက်ရသွားပါတယ်။ ဦးလှကို နှစ်ယောက်ချင်းခေါ်တွေ့၊ အတူထမင်းစားရင်း သူဌေးကဆုပေးပါတယ်။ နေရာပေးခြင်းခံရတဲ့အတွက် ဝမ်းသာကျေနပ်ပေမဲ့ မြန်မာများသုံးတဲ့ ကံ၊ကံ၏အကျိုးနဲ့ ပြောရမယ်ဆိုရင်၊ ကံဆိုးမိုးမှောင်၃လ ဖြစ်ခဲ့ရတယ်။ အခု ကံကောင်းလာပြန်ပါပြီး။ သူဌေးက ဒေါ်လာ၅သန်းအမြတ်ရပြီဖြစ်ကြောင်း။ ဒီအတွက် ခင်ဗျားကို ဘောက်ဆူးကော်မရှင်ငွေ ဒေါ်လာ ၃သောင်း ပေးလိုကြောင်း။ နည်းများနေမလား..ဟု ဦးလှကို မေးမြန်းရာ…ဦးလှက ဟာ..အများကြီးပဲ။ ကျေးဇူးတင်ပါတယ်။ ကျွန်တော့နှစ်နဲ့ချီလုပ်မှ ရမဲ့လစာငွေဖြစ်တဲ့အတွက် အလွန်များကြောင်း စိတ်ရင်းအမှန်အတိုင်း လက်ခံလိုက်ပါတယ်။  နောက်ပိုင်း ဦးလှပြောပြပါတယ်။ …ဒီသူဌေး ကျနော်ကို ယုံပြီး ဒေါ်လာ၂သန်းပေး၊ မြန်မာပြည်ကိုလွှတ်ခဲ့တာ။ မသေချာတဲ့အမြတ်ငွေအတွက် ဒါလောက်ငွေကို ရင်းနှီးမြှတ်နှံခဲ့တာ အမြတ်ဒေါ်လာ၅သန်းရတာက သူ့နဲ့ထိုက်တန်တဲ့ စွန့်စားမှုရလဒ်ပဲဖြစ်ပါတယ်။ ကျွန်တော်က သူ့ရဲ့လခစားဝန်ထမ်းဖြစ်ပြီး နှစ်နဲ့ချီပြီးလုပ်မှရမဲ့ ငွေကို ၃လအတွင်းရတာ တော်ပြီပေါ့။ သူကအများကြီး ဒေါ်လာ၅သန်းရပြီး ကျနော်ကပဲမြန်မာပြည်ပြန်၊ထောင်ကျမလားမသိ စွန့်စားလုပ်ရတာ ဒေါ်လာ၃သောငးပဲ ရတယ်ဆိုတဲ့ လိုချင်တက်မက်မှုတွေ၊ မတရားဖူးလို့ခံစားမှုတွေ မရှိပါဘူး …လို့ စိတ်ရင်းအတိုင်းပြောပြခဲ့ပါတယ်။ 
● တပည့်ကောင်းဘဝမှ သူဌေးဘဝသို့
နောက်တော့ အဲဒီ ဦးလှဆိုသူဟာ နှစ်အနည်းငယ်အတွင်းမှာ တိုင်ဝမ်နိုင်ငံက ဒုတိယအချမ်းသာဆုံး ပုဂ္ဂိုလ်ကြီးရဲ့ ဒေါ်လာသန်းပေါင်းရာချီတဲ့ လုပ်ငန်းကြီးများကို မြန်မာပြည်မှာ ဦးဆောင်လုပ်ခွင့်ရရှိခဲ့ပါတယ်။ အလွန်ချမ်းသာတဲ့သူဌေးကြီးတစ်ဦးအဖြစ် ကျော်ကြားလာပြီး ၁၉၉၈ခုနှစ် အရှေ့တောင်အာရှစီးပွားရေးကပ်မှာ မြန်မာနိုင်ငံ စစ်အာဏာရှင်များက တခါးပိတ်ဝါဒ ပြန်လည်ကျင့်သုံးပါတယ်။ စီးပွားရေးလမ်းပြတဲ့ စစ်ဗိုလ်ချုပ်ကြီးများကို ထောင်သွင်းအကျဉ်းချပြီး စစ်အာဏာရှင်အုပ်စုက တိုင်းပြည်ကို စစ်အာဏာရှင်စနစ်ထဲမှာပဲ ထပ်မံလှောင်ပိတ်ထားခဲ့တာ ၁၂နှစ်ကြာသွားပါတယ်။ ဦးလှလဲ သူ့ရဲ့စီးပွားရေးလုပ်ငန်းများအားလုံးကို ရောင်းချပြီး၊ မြန်မာနိုင်ငံကို ဒုတိယအကြိမ် ထပ်မံစွန့်ခွာခဲ့ရပါတယ်။ ၂၀၁၁မှာ စစ်အာဏာရှင်ကြီးများက သူတို့ဆွေမျိုးတွေ စိတ်ချရလောက်တဲ့အခြေအနေကို ဖန်တီးပြီး တခါးဖွင့်ပေးလိုက်ချိန်မှာ သမ္မတဦးသိန်းစိန်အစိုးရနဲ့ လွှတ်တော်ဥက္ကဌဦးရွှေမန်း၊ အတိုက်အခံဒေါ်အောင်ဆန်းစုကြည်တို့ပါဝင်တဲ့ အစိုးရသစ်ပေါ်ထွက်လာတာ အားလုံးသိကြတဲ့အတိုင်းပါပဲ။ အဲ.. ဦးလှ အခုမြန်မာပြည်ကို ပြန်လာဦးမလား  ဆိုတဲ့မေးခွန်းကတော့ Good Question ဖြစ်ပါတယ်။ လောလောဆယ်တော့ ဦးလှ မြန်မာပြည်ပြန်မလာသေးပါဘူး။ တတိယအကြိမ်း မြန်မာပြည်ကို ထပ်မံစွန့်ခွာရတယ်ဆိုရင်တော့ ဘယ်ကောင်းမလဲ။ နှစ်ခါရှိ၊ နှစ်ခိရှာ ..ဦးလှ ဒါလောက်မညံ့ပါဘူး။ 
ဒါနဲ အဲဒီခေတ်က သစ်လုပ်ငန်းဝန်ကြီးဖြစ်သူဟာ စိတ်စေတနာကောင်းတဲ့ ဗိုလ်ချုပ်ကြီးတစ်ဦး ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ ဖြစ်ပါတယ်။ ယခုခေတ် နိုင်ငံရေးအကဲခတ်သူ လူငယ်များသိရန်အချက်ကတော့ ပြုပြင်ပြောင်းလဲရေးလုပ်ကိုင်စအခြေအနေမှာ မြန်မာပြည်ဝန်ကြီးလုပ်သူ ဗိုလ်ချုပ်ကြီး (သို့မဟုတ်) ဗိုလ်ချုပ်ကြီးဟောင်းများဟာ လပ်ဘ်စားမှု၊ အာဏာအလွဲသုံးမှုများ နည်းပါကြပါတယ်။ ဗိုလ်ချုပ်မှုးကြီးစောမောင်အစိုးရတက်လာတဲ့ ၁၉၈၈ ငြိမ်ပိ၊ စစ်အစိုးရတုန်းကလည်း ၄နှစ်လောက် မဟုတ်တာတွေ ရှောင်ပါတယ်။ ၄နှစ်နောက်ပိုင်းမှာ ဗိုလ်ချုပ်မှုးကြီးစောမောင် အနားယူခိုင်းလိုက်ပြီး ဗိုလ်ချုပ်မှုးကြီးသန်းရွှေတက်လာပါတယ်။ ငြိမ်ပိအစိုးရ – အဲဒီကာလက ဝန်ကြီးများစာရင်းကို ကြည့်ပါ။
http://datamyanmar.com အခုခေတ် လွှတ်တော်အစိုးရဝန်ကြီးများစာရင်းကိုလည်း ကြည့်ပါ။ http://www.president-office.gov.mm  အဲဒီလူတွေကို ကြည့်ရင် သိပ်ဆိုးဝါးသူများမရှိသလိုထင်ရပါတယ်။ အာဏာကို လက်ထဲကိုင်ထားတဲ့ အုပ်စုကိုကြည့်ပါ။ သူတို့နောက်ကွယ်မှာရှိတဲ့ အာဏာရှင်ဟောင်းအုပ်စုကိုလဲ ကြည့်ပါ။ တဖြေးဖြေးပြုပြင်ပြောင်းလဲရေးကို ပြည်သူများကလည်း မတူချင်၊တူချင်နဲ့ သဘောတူထားရပါတယ်။ ဒီထက်ကောင်းတဲ့နည်းလမ်းများ ပေါ်လာမယ်မျှော်လင့်ပါတယ်။
● လက်ရှိမြန်မာ့ဘာသာရေးလောက
အခြားလူဘောင်လောကများထက် ပိုပြီးမြင့်မြတ်တယ်ဆိုတဲ့ ဘာသာရေးလောကအကြောင်း နည်းနည်းရေးချင်ပါတယ်။ အခု မြနမာပြည်မှာ အိမ်မြေဈေး၊ အလွန်ကြီးနေပါတယ်။ အရှေ့တောင်အားရှဈေးထက် ၃ဆလောက် မြောက်တက်နေပါတယ်။ အချိန်တန်ရင် (၃နှစ်လောက်မှာ) ငွေဖောင်းပွမှုတက်လာပြီး၊ အစိုးရကလည်း တစ်ခုခုလုပ်ပေးရင် အိမ်မြေမဲ့သူများ အဆင်ပြေတဲ့ဈေးနှုန်းပြန်ဖြစ်လာမှာပါ။ သို့သော် လူ့စိတ်နေစိတ်ထားအတိုင်း ဈေးတက်ပြီဆို ဝယ်ချင်လာတဲ့ လူတွေထဲမှာ၊ စင်ကာပူက ခရစ်ယာန်သင်းအုပ်ဆရာများလည်း ပါဝင်နေတာကို တွေ့ရပါတယ်။ သူတို့ကိုယ်ပိုင်အိမ်ယာအတွက်မဟုတ်ပါ။ သူတို့အသင်းတော် မစ်ရှင်၊ ဧဝံဂေလိလုပ်ငန်းတိုးချဲ့ဖို့ အိမ်မြေအမာခံ၊ ဝယ်ပြီး တကိုယ်တော် အာဏာရှင်ပုံစံ ဧဝံဂေလိ၊ မစ်ရှင်လုပ်ငန်းဖြစ်ပါတယ်။ စင်ကာပူမှာ ကိုယ်ပိုင်မစ်ရှင်တော့မလုပ်ပေမဲ့၊ ဇနီးသည်စိတ်ကြိုက် တရုပ်ပြည်မှာ မော်ဒယ်ဂဲ မစ်ရှင်လုပ်လို့ အသင်းတော်တွင်းပဋိပက္ခဖြစ်ပြီး အစိုးရကပါကြားဝင်၊ တရားစွဲရတဲ့ City Harvest အသင်းတော်ကြီးက စံနမူနာပြရှိနေပါတယ်။ သို့သော် စင်ကာပူက မြန်မာအသင်းတော်၊ သင်းအုပ်များလည်း လူပဲဆိုတော့ အိမ်မြေဈေးတက်ချိန် မြန်မာပြည်ကိုသွားပြီး အိမ်မြေဝယ်ဖို့ ကြိုးစားပါတယ်။ မြှောက်ပေးသူ အသင်းသားများလည်း ရှိတာကိုး။ 
ကျနော်တို့ စင်ကာပူက မြန်မာများရဲ့ အသင်းတော်၊ မိတ်သဟာရများကို စင်ကာပူလူမျိုး အသင်းတော်ကြီးများက နေရာပေးထားပါတယ်။ ဘုရားအတွက်ဆိုရင် (သူတို့အသင်းတော်အုပ်ချုပ်မှုအောက်မှာရှိရင်အကောင်းဆုံး) လွတ်လပ်စွာနဲ့ နေရာ၊အချိန်တွေ ပေးပါတယ်။ ငှားရင်လည်း ကျနော်တို့မြန်မာခရစ်ယာန်များ မတတ်နိုင်ပါဘူး။ မြန်မာအမျိုးသမီးကြီးတစ်ဦးကပြောတယ်။ စင်ကာပူမှာ ကိုယ်ပိုင်အသင်းတော်ရဖို့မလွယ်ပါဘူး။ ကိုးရီးယားများက ရောက်လာတာ ၃နှစ်ပဲရှိသေးတယ်။ ဒေါ်လာသန်း၂၀တန်တဲ့ အသင်းတော်ဆောက်ဖို့ မြေနေရာဝယ်နိုင်သွားပြီး၊ နောက်၂နှစ်ဆို သူတို့အသင်းတော်ဆောက်ပြီးတဲ့အချိန် သူတို့ပြောင်းတော့မယ်။ ကျမတို့ကတော့ ဒီစင်ကာပူအသင်းတော်မှာပဲ နေမယ်။ ကျမတို့သားသမီးများ ကြီးလာတဲ့အချိန် ဒီအသင်းတော်ကြီးရဲ့ လူကြီးတွေက စိတ်ပြောင်းပြီး၊ အခု ဒေါ်လာသန်း၄၀လောက် တန်တဲ့အသင်းတော်ကြီး မြန်မာခရစ်ယာန်များလက်ထဲ ရောက်လာစေရမယ်…လို့ ရယ်စရာလိုလို၊ အတည်လိုလိုပြောပါတယ်။ ဒီစိတ်ဓါတ်ကတော့ ကောင်းတယ်ပြောရမလားမသိ… အလုပ်ဝင်ကတည်းက သူဌေးသမီးကို ချိန်ပြီး၊ သူဌေးကုမ္မဏီကိုပါ အပိုင်စီးမဲ့အကြံမျိုးဟာ မကောင်းဖူးလို့ ထင်ပါတယ်။ ဒါက ဗမာမှမဟုတ်ပါ။ လူဖြစ်လာရင် မသမာစိတ်ဓါတ်မျိုးရှိစမြဲဖြစ်ပါတယ်။ သင်းအုပ်ဆရာတစ်ပါးက မြန်မာပြည်မစ်ရှင်လုပ်ဖို့ အိမ်မြေမဝယ်နိုင်ဘူး။ သို့သော် ၂နှစ် အခမဲ့ငှားပေးမယ်ဆိုတဲ့ အလှုရှင်တစ်ဦးပေါ်ပေါက်လာတယ်။ သူ့အသင်းတော်မှာတရားဟောရင်း နောက်၂နှစ်နောက်ပိုင်းမှာ ဒီအလှုရှင်စိတ်ပြောင်းသွားပြီး ကျနော်တို့မစ်ရှင်အတွက် အပိုင်ပေးစေရမယ်။ Praise Lord ဆိုတော့ အသင်းသားများကလည်း ဝမ်းသာအားရ..အာမင်..လိုက်လုပ်ကြပါတယ်။ အလှုရှင်က လှုဖို့ပြောရုံပဲရှိတယ်။ အပိုင်ရဖို့ကြံနေတော့ .. မြန်မာပြည်ဘာကြောင့် ဒီလိုမွဲတေသွားရသလဲကို စဉ်းစားမိတယ်။ ကျေးဇူးရှင်၊ အလှုရှင်များကို ကျေးဇူးမသိတတ်လို့ဖြစ်ပါတယ်။ ဥပမာ ဗိုလ်ချုပ်နေဝင်းတပည့်တွေက ဗိုလ်ချုပ်နေဝင်းမိသားစုကို ထောင်သွင်းအကျဉ်းချထားတယ်။ နောက်တက်လာတဲ့ ဗိုလ်ချုပ်အသစ်တွေက ပြုတ်သွားတဲ့ဗိုလ်ချုပ်တွေမျိုး၊နောက်လိုက်တွေကို ပစ္စည်းသိမ်း၊ထောင်ချ၊ အကျယ်ချုပ်လုပ်ထားကြတယ်။ ကိုယ့်ကျေးဇူးရှင်ကို ကျေးဇူးသိတတ်ဖို့လိုပါတယ်။ ကျနော့်မှာလည်း မြန်မာစစ်အစိုးရအောက်မှာ နှစ်များစွာနေလာတော့ ဘော့စ်ကိုစိတ်ဆိုးအောင်လုပ်တဲ့အကျင့်ရှိပါတယ်။ ဘော့စ်ကိုကျော်ပြီးလုပ်ချင်တယ်။ မနာခံချင်ဘူး။ ကျုပ်သားသမီးများကို ဂျပန်၊ကိုးရီးယား၊အမေရိကန်များလို ဘောစ်ကိုနာခံတတ်တဲ့အကျင့်ရစေလိုပါတယ်။ ဘော့စ်မကောင်းရင် အလုပ်ထွက်ပေါ့။ ကျနော်ကတော့ စစ်အစိုးရမကောင်းလို့ ပြည်ပထွက်ပြီး စင်ကာပူအစိုးရ ဘော့စ်အသစ်အောက်မှာ နေထိုင်ခွင့်ရပါတယ်။ သန်း၆၀လူများကတော့ ကျနော့်လိုအခွင့်အရေးမရတဲ့အတွက် အခုကျနော်ရေးတဲ့စာကိုလည်း နားလည်ဖို့ခက်မှာဖြစ်ပါတယ်။
ဦးလှအကြောင်းနဲ့ပဲ အဆုံးသတ်ချင်ပါတယ်။ ပင်လယ်ရေဘယ်မခမ်းဆိုသလို ကိုယ့်လုပ်တဲ့နေရာမှာတွယ်ကပ်မနေချင်ပါဘူး။ သိုသော် မြန်မာတစ်ဦးကို ကိုယ့်အလုပ်ထဲခန့်လိုက်ရင် အဲဒီမြန်မာလူသစ်က မကြာခင် ကိုယ့်နေရာယူသွားမှာစိုးလို့ မြနမာအချင်းချင်းအလုပ်မခန့်လိုပါဘူး။ ဖိလစ်ပိုင်၊မလေးရှား၊တရုပ်၊ကုလားများထက် ဆိုးတဲ့ အတိတ်က မြန်မာများရဲ့ ကိုယ့်နေရာလေး မြဲချင်တဲ့စိတ်ဖြစ်ပါတယ်။ အပြစ်မဟုတ်ပါဘူး။ အခုခေတ်မှာ အထူးသဖြင့် လူငယ်များက ဒီလို နေရာလုချင်တဲ့စိတ်များ နည်းပါးလာတာကိုတွေ့ရပါတယ်။ ကိုယ်အလုပ်က ပြုတ်သွားလဲ ကိုယ့်အရည်ချင်းအရ နောက်အလုပ်တစ်ခုရမှာသိပါရက်နဲ့ Resistant To Change လူစရိုက်ရှိပါတယ်။ ကိုယ့်ဘဝတိုးတက်ဖို့ဆိုတာ ငွေကြေးမဟုတ်ကြောင်း၊ ရာထူးဂုဏ်များမဟုတ်ကြောင်း၊ စိတ်နေစိတ်ထားမြင့်မြတ်ဖို့ပဲ ဖြစ်ကြောင်းကို ဒေါ်အောင်ဆန်းစုကြည် စင်ကာပူခရီးစဉ်မှာ မြန်မာ၅၀၀၀ကို ပြောကြားသွားပါတယ်။ သိသူဖေါ်စား၊ မသိသူကျော်သွားပေါ့နော်…။ 
အခုကျနော်ရေးတာတွေ ဘာတွေရှောက်ရေးနေသလဲ ..လို့ထင်သူများစွာ၊ ရှိပါစေတော့။ ဖတ်မည့်သူ နည်းရင်၊ မရှိရင်လို..ကျနော်ပဲ ငပေါကြီးဖြစ်လဲမတတ်နိုင်ပါ။ ရှောက်ရေးခွင့်ရနေရင်ပဲ ကျေနပ်နေတဲ့စာရေးသူပါခင်ဗျာ..။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts