မောင်စွမ်းရည်

မောင်စွမ်းရည် – ပြည်တွင်းငြိမ်းချမ်းရေး

Original flag of the CPB from 1939 to 1946

မောင်စွမ်းရည် – ပြည်တွင်းငြိမ်းချမ်းရေး
(မိုးမခ) ဖေဖော်ဝါရီ ၃၊ ၂၀၁၇

ကျုပ်တို့ဗမာပြည်ဟာ ဒီမိုကရေစီပြည်ထောင်စုအဖြစ် တည်ထောင်မယ်ဆိုရင် ပထမအချက်က ဒီမိုကရေစီနိုင်ငံ အစစ်အမှန်ဖြစ်သွားဖို့ အရေးကြီးပါတယ်။

ဒီမိုကရေစီနိုင်ငံ အစစ်အမှန်ဖြစ်သွားဖို့ဆိုရာမှာ ပြည်တွင်းငြိမ်းချမ်းရေး အစစ်အမှန် ရရှိသွားဖို့ လိုပါ တယ်။ ပြည်တွင်းစစ်မီးလောင်နေတာက ဗမာပြည်ဟာ သက်တမ်းအရှည်ဆုံးဖြစ်ပါတယ်။ ဗမာ့လွတ်လပ်ရေး သက်တမ်းနဲ့ မတိမ်းမယိမ်းဆိုတော့ နှစ်ပေါင်း ၇၀-၈၀ နီးပါပြီ။ လူ့သက်တမ်းနီးပါးရှိပါပြီ။ ခုဆိုရင် ပြည်တွင်းစစ်ဖြစ် ခါစက နှစ်ဖက်ခေါင်းဆောင်ဖြစ်တဲ့ ဦးနု၊ ဦးကျော်ငြိမ်း၊ ဗိုလ်နေ၀င်း၊ သခင်စိုး၊ သခင်သန်းထွန်း၊ ဗိုလ်လယာ်ျ၊ ဗိုလ်ရန်အောင်၊ ဗိုလ်ဇေယျ စတဲ့ ပုဂ္ဂိုလ်ကြီးတွေ သက်ရှိထင်ရှားမရှိကြတော့ပါဘူး။ ဒါပေမဲ့ ပြည်တွင်းစစ်ကဖြစ် ဆဲပါ။

ခုအခါရှိနေတဲ့ တချို့လက်နက်ကိုင်အုပ်စုတွေ၊ ပြည်တွင်းစစ်အစမှာ မရှိခဲ့တဲ့ နောက်ပေါက်တွေဖြစ်ပါ တယ်။ တချို့က နိုင်ငံရေးသူပုန်တွေမဟုတ်ကြဘဲ၊ ဘိန်းမှောင်ခို၊ ကျောက်မှောင်ခို၊ သစ်မှောင်ခို၊ လူမှောင်ခို ဂိုဏ်းလေးတွေဖြစ်နေကြပါပြီ။ တချို့ဘိန်းမှောင်ခိုဂိုဏ်းတွေက အစိုးရရဲ့စစ်က နိုင်ငံရေး ‘ကျားကောင်’တွေဖြစ် နေပါတယ်။ ကမ္ဘာက ဘိန်းမှောင်ခို ‘ခွန်ဆာ’လို့ သိထားသူကို ဗိုလ်ခင်ညွှန့်က ဦးခွန်ဆာကြီး၊ ဦးခွန်ဆာလို့ခေါ်ပြီး သားအဖလောက် ဖက်လှဲတကင်း ခင်မင်ခဲ့ကြပါတယ်။ နမူနာအဖြစ်တင်ပြတာပါ။ ခင်ညွန့် – မြတ်ခိုင် အင်တာဗျူး မှာဖက်ကြည့်ပါ။

ဒီမိုကရေစီ နိုင်ငံအစစ်အမှန်ဖြစ်ရေးမှာ အရေးအကြီးဆုံးအချက်က စစ်အာဏာရှင်ဥပဒေဖြစ်တဲ့ ၂၀၀၈- နာဂစ်ဥပဒေကို ဖျက်သိမ်းရေးပါပဲ။ ဒီနေ့အထိတော့ စစ်တပ်က ဒီဥပဒေကို အထိမခံသေးပါဘူး။ အဲဒီဥပဒေကို ထိပါးရင် အဲဒီဥပဒေနဲ့အညီ စစ်တပ်က အာဏာပြန်သိမ်းနိုင်ပါတယ်။ ဒါ့ကြောင့် လက်ရှိအစိုးရဟာ မလူးသာ မလွန့်သာပါပဲ။

ခုအခါ အစိုးရက ကြိုးစားနေတာက ပြည်တွင်ငြိမ်းချမ်းရေးပါပဲ။ တောတွင်း လက်နက်ကိုင်တွေ လက်နက်စွန့်ပြီး ငြိမ်းချမ်းရေး ရရှိဖို့ပါပဲ။ အထူးကိစ္စက “မြို့တွင်းလက်နက်ကိုင်တပ်ဖွဲ့”  က “တောတွင်းလက်နက်ကိုင်” ကို ညှိ နှိုင်းရေးက ရှေ့တန်းမှာရှိပါတယ်။ ဒုတိယပင်လုံညီလာခံမှာ တိုင်းရင်းသားများနဲ့ အစိုးရကို စစ်တပ်နဲ့အတူ တကြိမ်ဆွေးနွေးပြီးသွားခဲ့ပါပြီ။ ဒီလက်နက်ကိုင်တွေနဲ့ပဲ နောက်ထပ်တစ်ကြိမ် ဆွေးနွေးကြပါအုံးမယ်။

လက်နက်ကိုင်တွေနဲ့ ဆွေးနွေးမယ်ဆိုတော့ လက်နက်မကိုင်သူတွေနဲ့ရော မဆွေးနွေးတော့ဘူးလားလို့ မေးချင်စိတ်ပေါ်လာတယ်။

ဒီလိုမေးလိုက်တာနဲ့ မျက်စိလည်မသွားစေချင်ပါ။ ပထမဆုံး တောခိုခဲ့ပြီး၊ ပြည်တွင်းစစ်မှာ ရှေ့ဆုံးက ပါဝင်ခဲ့တဲ့ ဗ.က.ပ ခေါ် ဗမာပြည် ကွန်မြူနစ်ပါတီကိုပြောတာပါ။ သူတို့ဟာ ခုအခါ လက်နက်မကိုင်တဲ့ သူပုန် အဖြစ် ပြည်ပကိုရောက်ရှိနေကြပါတယ်။ သူတို့ရဲ့ သူပုန်သက်(တောခို သက်တမ်း)ဟာ လွတ်လပ်ရေးသက်တမ်းနဲ့ အမျှပါ။ ဗ.က.ပ ဟာ တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လယာ်ျ၊ သခင်ဗဟိန်း စသူတို့တည် ထောင်ခဲ့တဲ့ အဖွဲ့အစည်းပါ။ ဖက်ဆစ်တော်လှန်းရေးမှာ အဓိကဦးဆောင်ခဲ့တဲ့ နိုင်ငံရေးပါတီကြီးကဆိုတဲ့’သမိုင်း’ ပါ။ ဖျက်လို့မရတဲ့သမိုင်းပါ။ ဦးနု၊ ဦးကျော်ငြိမ်း – ဖ.ဆ. ဆိုရှယ်အုပ်စုက ဖ.ဆ.ပ.လ ထဲက ခွဲထုတ် ပစ်ခဲ့တာပါ။ ဒီ အခါမှာ ဘယ်သူက ပြည်တွင်းစစ်တရားခံလို မစူးစမ်းလိုပါ။ ငြိမ်းချမ်းရေးသာအဓိကပါ။

ဒီငြိမ်းချမ်းရေးဆွေနွေးပွဲ ပင်လုံညီလာခံမှာ ဗ.က.ပ တရားဝင် ဖိတ်ကြားဖို့ မသင့်ဘူးလား။ ” ပြည်တွင်းစစ် လက်စသတ်ရေး” မှာ ပြည်တွင်းစစ်အစက ပါခဲ့တဲ့ ဗကပ မပါသင့်ဘူးလား။ ပြည်သူတယောက်အနေနဲ့ စဉ်းစားကြည့်မိလို့ပါ။

ဒါကို စစ်တပ်ကရော ဘယ်လိုစဉ်းစားမလဲ။ ခါးခါးသီသီး ငြင်းမှာပဲလား။ “တရားဝင်မြို့ပေါ် လက်နက်ကိုင်အဖွဲ့ ကြီး” က  “တရားမ၀င်၊ တောခို၊ လက်နက်မဲ့” အဖွဲ့ကို ရင်မဆိုင်ရဲဘူးလား။

တရုတ်ပြည်ကို ခဏခဏသွားကြတဲ့ ဗမာ့ခေါင်းဆောင်ကြီးကရော၊ တရုတ်ပြည်မှာ ဗကပအရေး မဆွေး နွေးခဲ့ဘူးလား။

ဗကပကို ‘အညံ့ခံပါ’၊ ‘အလင်းဝင်ပါ’ဆိုတဲ့ စကားလုံးတွေနဲ့ စော်ကားပြီးတော့ဖြင့် ‘မဖိတ်ခေါ်နဲ့’ပေါ့။

‘လက်နက်ချပါ’လို့တော့ သူတို့ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ပြောစရာမလိုတော့ပါ။

အစိုးရဘက်က မတရားသင်း ဥပဒေ (အင်္ဂလိပ်လက်အောက်၊ အိန္ဒိယဥပဒေ)ကို သာဖျက်ဖို့ပါပဲ။

လွတ်လပ်တာဖြင့် ကြာပြီ။ လွတ်လပ်တဲ့အစိုးရကိုတောင် စစ်တပ်က အာဏာသိမ်း ခဲ့ပြီးပြီ။ ဒီဥပဒေတွေကိုမှ  ဘာဖြစ်လို့ ချန်ထားရမှာလဲ။

ကဲ … မိချောင်းမင်း ရေခင်းမပြလိုပါ။

ဗ.က.ပ ကိုဖိတ်ခေါ်ထားသလား။ လူသိရှင်ကြား သိချင်တာပါပဲ။ ကြားသိပါရစေ။

မောင်စွမ်းရည်
၂၀၁၇-ဇန်န၀ါရီ  ၁၂။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts